ရွှေမောင်းတောင်ရှိ တောင်ကြီးတက္ကသိုလ်ပိုင်မြေပေါ်၌ ဆောက်လုပ်ထားသော အဆောက်အဦများကို အင်အားသုံး၍ ဖယ်ရှားမည် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 24, 2020

ရွှေမောင်းတောင်ရှိ တောင်ကြီးတက္ကသိုလ်ပိုင်မြေပေါ်၌ ဆောက်လုပ်ထားသော အဆောက်အဦများကို အင်အားသုံး၍ ဖယ်ရှားမည်


စိုင်းရာဇာ
.
တောင်ကြီးမြို့၊ အဝေရာမီးပုံး ပျံကွင်းအနီး၊ ရွှေမောင်းတောင် (မြောက်)ရှိ တောင်ကြီးတက္ကသိုလ်ပိုင် မြေပေါ်တွင် ဆောက်လုပ်ထားသော လူနေအိမ်နှင့် အဆောက်အဦ များကို လုံခြုံရေးအင်အား သုံးကာ ဖယ်ရှား ရှင်းလင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
.
.
ထိုကဲ့သို့ ဖယ်ရှားရှင်းလင်း မည့်ကိစ္စနှင့် ပတ်သက်၍ ယင်းမြေ ပေါ်တွင် နေထိုင်သူများကလည်း တက္ကသိုလ်အနေဖြင့် မြေပိုင်ဆိုင် ကြောင်း အထောက်အထား အပြည့် အစုံ ပြသနိုင်ပါက ၎င်းတို့ကိုယ်တိုင် ဖယ်ရှား ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောဆိုထားသည်ဟု သိရ သည်။
.
“ခရိုင်စီ/ခန့်ရယ်၊ မြို့နယ်စီ/ခန့် ရယ် ပေါင်းပြီးတော့ ဖယ်ရှားဖို့အ တွက် နောက်ဆုံးအကြိမ် စာပို့ပါ မယ်။ ကျူးကျော် တွေကို ဖယ်ရှားဖို့ လုပ်နေတာ ၃ နှစ်ခွဲ၊ ၄ နှစ်လောက် ရှိပါပြီ။ စုဖွဲ့အင်အားတွေ ဖွဲ့စည်း မယ်။ ယာဉ်ယန္တရား တွေကိုလည်း ဌာနဆိုင်ရာ အကူအညီနဲ့ သော် လည်းကောင်း၊ပုဂ္ဂလိက အကူအညီ နဲ့ သော်လည်းကောင်းအသုံး ပြုပြီး ဖယ်ရှားသွားမှာပါ။အဆောက်အဦ ထဲ လူရှိနေရင်တော့ လုံခြုံရေး အင် အားနဲ့ ဖယ်ရှားဆောင်ရွက်သွားမှာ ပါ” ဟု တောင်ကြီးတက္ကသိုလ်၊ စီမံ/ဘဏ္ဍာဌာနမှူး ဒေါ်နန်းခမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရွှေမောင်းတောင်ပေါ်ရှိ တောင် ကြီးတက္ကသိုလ် တိုးချဲ့နယ်မြေပေါ် တွင် မြေကွက်များ ရိုက်ခြင်း၊ အုတ် တိုင်များ စိုက်ထူခြင်း၊ လူနေအိမ် အ ဆောက်အဦများ ဆောက်လုပ်နေ ခြင်းတို့ကြောင့် တက္ကသိုလ်ကျောင်း ဝင်း ခြံစည်းရိုး ကာရံရန်အတွက် တောင်ကြီးတက္ကသိုလ် လက် ထောက်အင်ဂျင်နီယာများ၊ ခရိုင်မြေ စာရင်း၊ ပြည်နယ်လဝက၊ ပြည်နယ် စည်ပင်သာယာရေးဌာနတို့နှင့် ပူး ပေါင်းကာ ၂၀၁၅ ခုနှစ်၊ ဇွန်လအ တွင်းက ပထမအကြိမ် ကွင်းဆင်း တိုင်းတာခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
.
“ဒီမှာနေလာတာ ၁၀ နှစ်ရှိပါပြီ။ မြေစာရင်းတို့၊ ထွေအုပ်တို့က ဒီနေ ရာဟာ တက္ကသိုလ်ရဲ့ တိုးချဲ့မြေပါ လို့ ဘယ်ဌာနကမှ မပြောခဲ့ဘူး။ ၂၀၁၆ နောက်ပိုင်းမှ တက္ကသိုလ်မြေ ပါလို့ ဖြစ်လာတယ်။ သူတို့က အ ထောက်အထား မပြနိုင်ဘူး။ နောက် ဆုံးအကြိမ်က အိမ်ဥပစာ နို့တစ်ဆို ပြီး လာကပ်တယ်။ ကျွန်တော်တို့က အထောက်အထား ပြည့်စုံလို့ နေ တာပါ။ တက္ကသိုလ်က ပိုင်ဆိုင်မှု အ ထောက်အထားပြနိုင်ရင် ဖယ်ပေး မယ်။ နိုင်ငံတော် အကြီးအကဲတွေ ရော၊ ရှမ်းဝန်ကြီးတွေကိုရော ပြော ချင်တာက မရှိဆင်းရဲသားတွေကို သက်ညှာကြည့်ရှုပေးပါ” ဟု ရွှေမောင်းတောင် (မြောက်)တွင် နေထိုင် သူ ဦးသန်းဌေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးတက္ကသိုလ် တိုးချဲ့ မြေသည် ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်က သစ်တောရေးရာ ဝန်ကြီး ဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာ စာအရ တောင်ကြီး (ထင်း) ကြိုးဝိုင်း သစ်တော ၅၀၃ ဧကမှ ထုတ်နုတ် ပေးခဲ့သော မြေဖြစ်ပြီး တက္ကသိုလ် တိုးချဲ့မြေအဖြစ် ၂၀၀၂ ခုနှစ်တွင် ဧရိယာ ၁၂၀ ဒသမ ၁၆ ဧကအတွက် လ/န (၃၉)၊ ပုံစံ (၁၀၅)၊ (၁၀၆) များ ရရှိခဲ့ကာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအား ၅ ဒသမ ၉၆၉ ဧက ထုတ်နုတ် ပေးအပ်ခဲ့ သဖြင့် ၂၀၁၀ ခုနှစ်တွင် ဧရိယာ ၁၁၄ ဒသမ ၁၉ ဧကအတွက် လန (၃၉)နှင့် ပုံစံ (၁၀၅)၊ (၁၀၆) များ ရ ရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကျူးကျော် ဝင် ရောက်နေထိုင်သူများနှင့် ပတ်သက် ၍ အဆင့်မြင့်ပညာ ဦးစီးဌာနက အ မှန်တကယ် နေထိုင်ရန် မရှိသည့် ပြည်သူများအတွက် အစိုးရအနေ ဖြင့် မြေနေရာ စီစဉ်ဆောင်ရွက်ပေး သင့်သည် ဖြစ်သော်လည်း တရား မဝင် ဝင်ရောက်ကျူးကျော်မှုများကို လက်မခံနိုင်ပါသဖြင့် ဥပဒေ၊ လုပ် ထုံးလုပ်နည်းများနှင့်အညီ အမြန် ဆုံး ဖယ်ရှားရှင်းလင်းရန် ညွှန်ကြား ထားကြောင်း သိရသည်။
.
အဆိုပါ နေရာတွင် တောင်ကြီး တက္ကသိုလ် ကျောင်းသား/သူများ အတွက် ဘာသာရပ်ဆိုင်ရာ လက် တွေ့ခန်းများ၊ ကျောင်းသား/သူ အိမ် ဆောင်များ၊ ဆရာ/ဆရာမများအ တွက် ဝန်ထမ်းအိမ်ရာများ ဆောက် လုပ်ရန် ရည်ရွယ် ထားကြောင်း သိရ သည်။
.
ရွှေမောင်းတောင် (မြောက်)နေ ဦးပြုံးချိုကလည်း “ဒါကတော့ သူတို့ လုပ်ပိုင်ခွင့်အာဏာနဲ့ အပြည့်အဝ လုပ်နေတဲ့ သဘော ရှိတယ်။ ကျွန် တော်တို့လည်း တရားစွဲခံရတယ်။ လက်ရှိနေတာလည်း ကြာပြီ။ သစ် တောမြေပေါ့။ တက္ကသိုလ်တိုးချဲ့မြေ ဆိုပြီး ၂၀၁၅ ကတည်းက ပြဿနာ အမျိုးမျိုး လာရှာတယ်။ သူတို့ရဲ့ လ/န (၃၉) က ဒီမှာမဟုတ်ဘူး။ ထီ ဖောင်းမှာ ရှိပါတယ်။ ဒီရွှေမောင်း တောင်(မြောက်)မှာ သူတို့နေရာ မရှိပါဘူး။ ကျွန်တော်တို့က မရှိလို့ လာနေတဲ့ သဘောပါ” ဟု ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
ယင်းမြေနေရာနှင့် ပတ်သက်၍ ဖယ်ရှားပေးရန် နို့တစ်စာ ကပ်ပြီး နောက် နေထိုင်သူများမှ အယူခံဝင် ခဲ့သဖြင့် ရန်ကုန်မြို့၊ ဗိုလ်တစ် ထောင်မြို့နယ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာန၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က အယူခံ ကြားနာမှုများပြုလုပ်ခဲ့ကာ ဆောက် လုပ်ရေးဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ်၊ အယူခံအမှတ် (၃၃၂) အရ အယူ ခံကို ပယ်ချခဲ့ကြောင်း သိရသည်။
.
“သက်ဆိုင်ရာကို မြေရာဇဝင် တောင်းတယ်။ သူတို့က ပြန်ကြား ခြင်းမရှိဘဲ အတင်းအဓမ္မ လာလုပ် တယ်လို့ ထင်တယ်။ တရားဝင် မြေ ရာဇဝင်ကို တိတိကျကျ သိချင်တယ်။ ကျွန်မအမျိုးသားဆိုရင် ဒီကိစ္စနဲ့ပတ် သက်ပြီး အချုပ်ထဲမှာ တစ်နှစ်ကျော် အမှု ရင်ဆိုင်ခဲ့ရတယ်။ အပြစ်ရှိရင် ကျေကျေနပ်နပ် ခံမယ်။ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း မျှမျှတတ ဖြစ်စေ ချင်ပါတယ်” ဟု ရွှေမောင်းတောင် (မြောက်)နေ ဒေါ်စန္ဒာနွယ်ကလည်း ပြောဆိုခဲ့သည်။
.
တောင်ကြီးတက္ကသိုလ် တိုးချဲ့ နယ်မြေပေါ်တွင် ဝင်ရောက်နေထိုင် နေသူများကို နို့တစ်စာ ၃ ကြိမ် ပေးပို့ပြီး ဖြစ်သော်လည်း နေထိုင်သူများ က ယခုတိုင် ဖယ်ရှားခြင်း မရှိသ ဖြင့် အဆင့်မြင့်ပညာ ဦးစီးဌာန၊ နေပြည်တော်နှင့် ရှမ်းပြည်နယ် အစိုးရ အဖွဲ့သို့ တင်ပြခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ခရိုင်/မြို့နယ် စီမံခန့် ခွဲမှု ကော်မတီဝင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် ညွှန်ကြားလာသ ဖြင့် လက်ရှိ နေထိုင်သူများအား ၁၉၅၅ ခုနှစ်၊ အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ ပုဒ်မ-၃ အရ ဥပဒေနှင့်အညီ အနိုင်အထက် ပြုကျင့် ဖယ်ရှားနိုင်ရန်အတွက် ခ ရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
“၁၉၉၃ သစ်တောစွန့်လွှတ်မြေ ဖြစ်ပြီးကတည်းက ဒီမှာနေထိုင်လာ တာ အခုချိန်အထိပါပဲ။ ဒါကို ခုတ် ထွင်ရှင်းလင်းပြီး နေထိုင်တာပါ။ ၂၀၁၈ ကစပြီး တက္ကသိုလ်မြေဆိုပြီး နို့တစ်စာလာကပ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှန်တရားကို ပေါ် ပေါက်စေချင်ပါတယ်”ဟု ယင်းမြေ နေရာပေါ်တွင် ကာလရှည်ကြာ နေ ထိုင်ခဲ့သူ ဦးကရင်က ပြောသည်။
.
ယင်း တောင်ကြီးတက္ကသိုလ် တိုးချဲ့မြေ ၁၁၄ ဒသမ ၁၉ ဧကပေါ် တွင် ကျူးကျော်နေထိုင်သူများစာရင်း အရ သွပ်မိုးသွပ်ကာနေအိမ် ၃၁ လုံး၊ တဲအိမ် ၁၈ လုံး၊ သွပ်မိုး၊ ထရံကာအိမ် ၂ လုံး၊ သွပ်မိုးအုတ်ကာအိမ် ၂၇ လုံး၊ ဝါးအိမ် ၁ လုံးနှင့် အုတ်ရိုက်ကွင်း  ၁ ကွက်၊ ခြံစည်းရိုးခတ် ၁၄ ကွက်၊ ဖောင်ဒေးရှင်းချ ၁ ကွက်နှင့် သွပ် မိုး၊ ပျဉ်အုတ် ၂ ထပ်အိမ် တစ်လုံး၊ သဲကျင်း ၃ ကျင်း၊ စာသင်ကျောင်း နေရာအတွက် ၁ ကွက်၊ ရပ်ရွာ အ ကျိုးတော်ဆောင် ကော်မတီရုံးအဖြစ် တစ်ထပ်အုတ်ကာ ၁ လုံး၊ လူငယ် ပရဟိတဓမ္မာရုံ ၁ လုံး၊ ဓမ္မာရုံ မီးဖို ဆောင် ၁ လုံး၊ ရေတွင်း တူးသည့် နေရာ ၁ ခု၊ စုစုပေါင်း ၁၀၄ ခု ရှိ နေ ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် တရားရုံးတွင် တောင်ကြီးတက္ကသိုလ် တိုးချဲ့နယ် မြေပေါ်၌ နေထိုင်သူများကို  ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်က  စတင် တရားစွဲဆိုခဲ့ရာ တရားရုံးမှ အမှုတွင် ပေါ်ပေါက်နေသော အ ထောက်အထားများအရ ပြစ်မှုကျူး လွန်သည်ဟု ထင်ရှား ပေါ်ပေါက် ခြင်း မရှိကြောင်း သုံးသပ်ခဲ့ကာ ၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက်က ရာဇ သတ်ကြီးပုဒ်မ- ၂၄၅(၁)အရအမှုမှ အပြီးအပြတ် လွှတ်ကြောင်း အမိန့်ချခဲ့ခြင်း ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)