တရုတ်တွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂၀၀ ဦးခန့်အား ကယ်တင်နိုင်ခဲ့ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 24, 2020

တရုတ်တွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂၀၀ ဦးခန့်အား ကယ်တင်နိုင်ခဲ့


မင်းဇော်မင်း
.
တရုတ်နိုင်ငံ၊ ကွမ်းရှီးကျွမ်းမြို့အနီးတွင် နေရပ်မပြန်နိုင်ဘဲ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၉၇ ဦးအား အမှတ် (၁၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ မူဆယ်မှ ဇန်နဝါရီလ ၂၃ ရက်တွင် ကယ်ဆယ် နိုင်ခဲ့သည်ဟု သိရသည်။
.
.
တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများမှာ ကျား ၁၃၇ ဦး၊ အသက် ၂၅ ရက်သားအရွယ် ကလေးငယ်အပါအဝင် မ ၆၀ ဦး၊ စုစုပေါင်း ၁၉၇ ဦးဖြစ်ပြီး အမှတ် (၁၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ မူဆယ်နှင့် အမှတ် (၇) မတရားဝင်ရောက်မှု ကာကွယ်ရေးအဖွဲ့တို့က ဇန်နဝါရီလ ၂၃ ရက်၊ ညနေ ၃ နာရီမှ ၆ နာရီအထိ လွှဲပြောင်း လက်ခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“လူမှုကွန်ရက်မှာ ပါတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော်၊ ၃၀၀ နီးပါး တရုတ်ပြည်မှာ ရောင်းစားခံနေရတဲ့ သတင်းကို လိုက်ရင်း နန်နင်းက မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးနဲ့ ကွမ်းရှီးပြည်နယ် ပြည်သူ့လုံခြုံရေးဦးစီးဌာနနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးဖိ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သူတို့က လူကုန်ကူးခံရတာ မဟုတ်ပါဘူး။ ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း)၊ မူဆယ်ပေါက်တွေကနေဝင်ပြီး ကွမ်းတုန်းက စက်ရုံမျိုးစုံမှာ တစ်လ ယွမ် ၂၀၀၀ ကနေ ၃၀၀၀ အထိ ရပြီး တချို့က တစ်နှစ်ခွဲလောက် ရှိနေကြပြီ။ အခုနှစ်သစ်ကူး စက်ရုံပိတ်ရက်မှာ အိမ်ပြန်ဖို့ တစ်ဦးကို ယွမ် ၁၈၀၀ နဲ့ နယ်စပ်အထိ ကားငှားလာရာကနေ စစ်ဆေးရေးဂိတ်မှာ ဒရိုင်ဘာတွေ ထွက်ပြေးတော့ ဖြစ်ရတာပါ” ဟု အမှတ် (၁၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲမှူး ကျော်ညွန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်၊ နံနက်ပိုင်းက Facebook လူမှုကွန်ရက်တွင် Oo Nay အကောင့်မှ “မြန်မာနိုင်ငံသား ၂၀၀ ကျော် ၃၀၀ နီးပါး၊ တရုတ်နိုင်ငံတွင် ရောင်းစားခံရမလို ဖြစ်နေပါတယ်။ အမြန်ဆုံး လာခေါ်ပါ။ ခွေးမင်ရောက်ခါနီး ကွမ်းရှီးဝါးမြို့နားမှာ မြန်မာနိုင်ငံပြန်မပို့ဘူးလို့ အကြောက်အကန်ငြင်းနေပါတယ်။ ဒီဗွီဒီယိုဖိုင်ကို ဝိုင်းပြီးရှယ်ပေးကြပါ။ မြန်မာနိုင်ငံ ပြန်ရောက်ဖို့အတွက် လမ်းပေါ်ထွက်ပြီး ရဲအဖမ်းခံနေပါတယ်” ဟု ဗွီဒီယိုဖိုင်နှင့်အတူ ရေးသားတင်ပြခဲ့မှု နှင့်ပတ်သက်၍ မူဆယ်လူကုန်တားတပ်ဖွဲ့စုမှ နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ တတိယအတွင်းဝန် ဒေါ်ထင်ရှားဦးထံသို့ ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ဆက်သွယ်မေးမြန်းမှုများအရ နန်နင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကွမ်းရှီးပြည်နယ် ပြည်သူ့လုံခြုံရေးဦးစီးဌာနသို့ အကူအညီပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်ခဲ့ရာတွင် အဆိုပါ မြန်မာနိုင်ငံသားများမှာ ကွမ်းတုန်းပြည်နယ်အတွင်းရှိ စက်ရုံများတွင် တရားမဝင် အလုပ်လုပ်ကိုင်ခဲ့ကြပြီးနောက် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်တွင် ကား ၃ စီးငှား၍ ပြန်လာရာ ကွမ်းရှီးပြည်နယ်၊ ပိုင်ဆဲ့မြို့၊ ထျန်းတုန်းစီရင်စု စစ်ဆေးရေးဂိတ်၌ စစ်ဆေးခံရပြီး ယာဉ်မောင်းများမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ဖမ်းဆီးခြင်းမပြုဘဲ စားသောက်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် တရုတ်-မြန်မာနယ်စပ်သို့ ပို့ဆောင်ပေးရန် နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်၏ ညှိနှိုင်းချက်အရ ဇန်နဝါရီလ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် ဘတ်စ်ကား ၅ စီးဖြင့် ရွှေလီမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ဇန်နဝါရီလ ၂၃ ရက်၊ ညနေပိုင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းလက်ခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၂၃ ရက်အထိ တရုတ်နိုင်ငံတွင် တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်သဖြင့် ပြန်လည်လွှဲပြောင်းလာသူ ကျား ၁၁၀၅ ဦးနှင့် မ ၃၇၆ ဦး၊ စုစုပေါင်း ၁၄၈၁ ဦး ရှိပြီဖြစ်ကြောင်း မူဆယ်လူကုန်တား ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)