မိုင်းကိုင်တွင် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (ရှမ်း)၏ JMC ဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းမိတ်ဆက် - Kanbawza Tai News

Breaking

Saturday, January 11, 2020

မိုင်းကိုင်တွင် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (ရှမ်း)၏ JMC ဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းမိတ်ဆက်


နန်းလှိုင်လှိုင်ဦး (မိုင်းကိုင်)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် စည်ပင်သာယာရေးဌာန ခန်းမတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက်က ရှမ်းပြည်နယ် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (ရှမ်း) ၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်များအား လူထုသို့ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.
အခမ်းအနားတွင် JMC-S(ရှမ်း)မှ ဒုတိယဥက္ကဋ္ဌ (၂) ခွန်ကျော်ဆွေ၊ အရပ်သားကိုယ်စားလှယ်များဖြစ်ကြသည့် ဦးအောင်စိုးမိုး၊ ဦးစိုင်းထွန်းကြည်၊ ဦးစိုင်းနော်မိုင်းနှင့် တာဝန်ရှိသူများက ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေးဆိုင်ရာ  NCA  စာချုပ်ပါ အကြောင်းအရာများ၊ JMC-S (ရှမ်း) ကော်မတီ၏  တာဝန်ဝတ္တရားများ၊ အရပ်သားပြည်သူနှင့်  ပတ်သက် သည့်  စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စစ်ဘက်ကျင့်ဝတ်များ၊ တိုင်ကြားမှုများနှင့် အငြင်းပွားမှုများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘော တရားများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့်ပတ်သက်၍ မိမိတို့ အမြင်များအား ပြန်လည်ဆွေးနွေးခြင်း၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သင့်သည့် လုပ်ငန်းများအား  အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး  ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S(ရှမ်း) အဖွဲ့သည် မိုင်းကိုင်မြို့နယ် အတွင်း  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းများကို  ပိုမိုတွင်ကျယ်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်၊ ကျေးလက်ဒေသ၊ တောင်ပေါ်ဒေသနေ ပြည်သူများ ပူးပေါင်းပါဝင်လာစေရန်အတွက်  ဇန်နဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်နေ့ တို့တွင်  ခေးအုံအွေ့ကျေးရွာအုပ်စု၊ နမ့်မော်ပျဉ်ကျေးရွာနှင့် တုံလောကျေးရွာအုပ်စု၊ တုံလောကျေးရွာ တို့တွင် လူထုတွေ့ဆုံပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ JMC ဆိုင်ရာ လုပ်ငန်းစဉ်များ မိတ်ဆက်ခြင်း အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်း ၉၈ ဦး  တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats