မိုင်းဆတ်တွင် လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, January 5, 2020

မိုင်းဆတ်တွင် လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ


မင်းဇော်မင်း
.
လားဟူတိုင်းရင်းသားများ၏ ရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၃ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၊ ကျဒယ်ကုန်းရှိ လားဟူတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
“ကျွန်တော်တို့ လားဟူတိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူးပွဲဆိုတာ စည်းလုံးညီညွတ်မှုကို ဖော်ဆောင် တဲ့ပွဲတစ်ပွဲပါ။ လားဟူတိုင်းရင်းသားတွေထဲမှာ အနွယ်ပေါင်းမြောက်များစွာတွေက ဘာသာပေါင်းမြောက်များစွာတွေ စုပေါင်းပြီး နှစ်သစ်ကူးပွဲကို ကျင်းပပြုလုပ်တာဖြစ်တဲ့အတွက် နှစ်ဟောင်းက အပြစ်တွေကို ထားခဲ့ပြီး နှစ်သစ်မှာ စိတ်သစ် ကိုယ်သစ်နဲ့အတူ စုပေါင်းညီညာ အောင်ကြောင်းဖြာဖို့ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်မှုကို အကောင်အထည်ဖော်နိုင်စေကြောင်း ပဏာမ တောင်းဆုပြုပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယောသပ်က ပြောသည်။
.
အခမ်းအနားတွင် လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယောသပ်က တိုင်းရင်းသားဒေသများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိကြရန်၊ တည်ဆဲဥပဒေနှင့်အညီ နေထိုင်သွားကြရန် လိုကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြခြင်းဖြစ်သည့်အတွက် လူမျိုးတစ်မျိုးနှင့် တစ်မျိုး လေးလေးစားစး ဆက်ဆံကြစေလိုကြောင်း၊ လူမျိုးအပေါ်တွင် ဖြောင့င်မတ်၊ တာဝန်ကျေကာ ကျရာကဏ္ဍအသီးသီးတွင် လူမျိုးအတွက် တန်ဖိုးရှိစွာ ရပ်တည်နိုင်ကြစေကြောင်းနှင့် နှစ်ဟောင်းကို ရှုမှတ်ပြီး နှစ်သစ်တွင် ပျော်ရွှင်ဝမ်း မြောက်ခြင်းများ၊ ကောင်းခြင်းမင်္ဂလာများ ယခုထက်ပိုမို သက်ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့ခဲ့သည်ဟု သိရသည်။
.
မိုင်းဆတ်မြို့တွင် ပြုလုပ်သော လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ကြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းမှူးနှင့်ပြည်နယ်ဝန်ကြီးတို့မှာ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
.
ထို့နောက် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ လားဟူတိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပွဲတော်သို့တက်ရောက်လာသူ လူကြီး၊ မိဘ၊ ဆရာသမားများအား လားဟူတိုင်းရင်းသားမောင်မယ်များက နှစ်ဟောင်းမှ အပြစ်များဆေးကြောခြင်း၊အပြစ်လွတ်ခြင်း၊ ကောင်းချီးမင်္ဂလာပေးခြင်း စသည့် ရိုးရာဓလေ့ လက်ဆေးမင်္ဂလာပြုလုပ်ခဲ့ကြပြီး နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
.
လားဟူတိုင်းရင်းသားများ၏ ရိုးရာစုပေါင်းနှစ်သစ်ကူးပွဲများကို လားဟူတိုင်းရင်းသားများ နေထိုင်ရာ အခြား မြို့ရွာများတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးယောသပ်ထံက သိရသည်။
.
လားဟူနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ထင်းရှူးပင် အညွန့်ထွက်ချိန်၊ မက်မန်း၊ မက်မွန်ပွင့်ချိန်ဖြစ်သည့် တပို့တွဲလဆန်း ၁ ရက်နေ့ကို သတ်မှတ်ကျင်းပကြခြင်းဖြစ်ပြီး လားဟူတိုင်းရင်းသားအနွယ်စုံ၊ ဘာသာစုံတို့စုပေါင်းကာ ၃ နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)