ကျောက်မဲတွင် နွားများတင်ဆောင်လာသည့်ယာဉ် ပစ်ခတ်ခံရပြီး ယာဉ်နောက်လိုက် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, January 12, 2020

ကျောက်မဲတွင် နွားများတင်ဆောင်လာသည့်ယာဉ် ပစ်ခတ်ခံရပြီး ယာဉ်နောက်လိုက် သေဆုံး


စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာအုပ်စု၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၂ ရက်၊ နံနက်အစောပိုင်းက တရားဝင်နွားများတင်ဆောင်လာသော ယာဉ်တစ်စီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး ယာဉ်နောက်လိုက်အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နေ ယာဉ်မောင်း ဝင်းမြင့်ဌေး မောင်းနှင်ပြီး ယာဉ်နောက်လိုက် သိန်းလင်းထွန်း (ခ) မောင်ဝိုင်း၊ နွားထိန်း မျိုးဝင်းနှင့် ကျော်ကျော်တို့ လိုက်ပါ၍ တရားဝင်နွားများ တင်ဆောင်လာသည့် ၁၂ ဘီး မော်တော်ယာဉ်အား ယနေ့ ဇန်နဝါရီလ ၁၂ ရက်၊ နံနက်အစောပိုင်းက ကျောက်မဲမြို့၊ ချောင်းချောက် ကျေးရွာအထွက်၊ မိုင်တိုင်အမှတ် (၁၁၇/၃) နှင့် (၁၁၇/၄) အကြား အရောက်တွင် ယာဉ်ဘေးတစ်ဘက်စီသို့ လူ ၂ ဦးစီ လိုက်ပါစီးနင်းလာသည့် မော်တော်ဆိုင်ကယ် ၂ စီးမှ ယာဉ်အားကျော်တက်၍ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့် အပြင် လမ်း၏ယာဘက်ခြမ်း ကုန်းပေါ်မှ သေနတ်သံများ ကြားရသဖြင့် ယာဉ်မောင်း ဝင်းမြင့်ဌေးမှ ခန္ဓာကိုယ်အား ဝဲဘမ်းသို့ ယိမ်းချလိုက်ရာ မော်တော်ယာဉ်သည် လမ်းဘေးဝဲဘက်ရှိ ကျွန်းပင်အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်နောက်လိုက် သိန်းလင်းထွန်း (ခ) မောင်ဝိုင်းတွင် လည်ပင်းယာဘက် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ယာနားရွက် ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဦးခေါင်းယာဘက် ဖောက်ဝင် ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ တရားဝင်နွားများတင်ဆောင်လာသည့် မော်တော်ယာဉ်အား လက်နက်ငယ်များနှင့် ပစ်ခတ်သဖြင့် ယာဉ်နောက်လိုက် သိန်းလင်းထွန်း (ခ) မောင်ဝိုင်း (၂၂ နှစ်) သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဥပဒေအရ အရေးယူပေးရန် ယာဉ်မောင်း ဝင်းမြင့်ဌေးမှ အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats