ဟဲဟိုးတွင်ငွေကျပ် ၈ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Monday, January 13, 2020

ဟဲဟိုးတွင်ငွေကျပ် ၈ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ယနေ့ ဇန်နဝါရီလ ၁၃ ရက်၊ မွန်းလွဲပိုင်းက ငွေကျပ် ၈ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ ရဲအုပ်အေးမင်းထွန်း ဦးစီးတပ်ဖွဲ့ဝင်များ၊ ကလောမြို့မရဲစခန်းမှ ရဲအုပ်ဇော်မင်းထွန်း ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ဟဲဟိုးမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကုန်းစောင်းကျေးရွာ၊ ရွာလည်လမ်းနေ ဝင်းမင်းအေး (၁၉ နှစ်) ၏ နေအိမ်အား မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ အိမ်ခန်းအတွင်း အိမ်ရှင်ဖြစ်သူ ဝင်းမင်းအေးနှင့်အတူ မူးယစ် ဆေးဝါးရောင်းချရန် ရောက်ရှိနေသူ ရဲဇော် (၂၄ နှစ်) နှင့် မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသူ ထွန်းထွန်းနိုင် (၁၉ နှစ်) တို့ ၃ ဦးအား တွေ့ရပြီး ဆက်လက်ရှာ‌ဖွေရာ ရဲဇော်လွယ်ထားသည့် လွယ်အိတ်အတွင်းမှ ကော်ဘူးအရှည်ဖြင့် ထည့်လျက် WY စာတမ်းပါစိတ်ကြွမူးယစ်ဆေးဝါး ၄၁ ပြား၊ အလေးချိန် ၄ ဒသမ ၁ ဂရမ်ခန့်၊ ကာလတန်ဖိုး ၄၁၀၀၀ ကျပ်ခန့်အားလည်းကောင်း၊ ၎င်းတို့ ၃ ဦးထိုင်ရာအလယ်တွင် မူးယစ်ဆေးဝါးသုံးစွဲရာ၌ အသုံးပြုသော ဆက်စပ်ပစ္စည်း များအားလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဖမ်းဆီးရမိသူ ရဲဇော်၏ ပြောပြချက်အရ ၎င်းနေထိုင်ရာ ဟဲဟိုးမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ နေအိမ် အနောက်တွင် ရပ်ထားသည့် NEWANBO-125 အမျိုးအစား အဖြူရောင်ဆိုင်ကယ်၏ အဲယားကလင်ဒါအတွင်း မူးယစ်ဆေးဝါးများ ကျန်ရှိနေကြောင်း သိရသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဆိုင်ကယ် အဲယား ကလင်ဒါအတွင်း မှိုင်းခံစက္ကူများဖြင့် သိုဝှက်၍ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးဝါး ၂၀၀ ပြားပါ ၄ ထုပ်၊ စုစုပေါင်း စိတ်ကြွမူးယစ်ဆေးဝါး ၈၀၀ ပြား၊ အလေးချိန် ၈၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ် ၈ သိန်းခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း စိတ်ကြွမူးယစ်ဆေးဝါး ၈၄၁ ပြား၊ အလေးချိန် ၈၄ ဒသမ ၁ ဂရမ်ခန့်၊ ကာလတန်ဖိုး ၈၄၁၀၀၀ ကျပ်ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများအား ရောင်းချ/သုံးစွဲရန် လက်ဝယ်ထားရှိသူ ဝင်းမင်းအေး၊ ရဲဇော်၊ ထွန်းထွန်းနိုင်တို့ ၃ ဦး အား ဟဲဟိုးနယ်မြေရဲစခန်းတွင် မယ (ပ) ၁/၂၀၂၀/၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats