ကျိုင်းတုံမြို့၊ လွယ်မွေတောင်စခန်းသာရှိ ချယ်ရီပန်းခက်များအား ချိုးယူခြင်း မပြုရန် တားမြစ် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 10, 2020

ကျိုင်းတုံမြို့၊ လွယ်မွေတောင်စခန်းသာရှိ ချယ်ရီပန်းခက်များအား ချိုးယူခြင်း မပြုရန် တားမြစ်

ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့အရှေ့ဘက်၊ အမြင့်ပေ ၅၀၀၀ ကျော်တွင် တည်ရှိသည့် လွယ်မွေတောင် စခန်းသာ ပတ်ဝန်းကျင်၌ ချယ်ရီပန်းများ လှိုင်လှိုင်ပွင့်နေပြီ ဖြစ်ရာ ချယ်ရီပန်းခက်များအား ချိုးယူခြင်း မပြုရန် ဇန်နဝါရီလ ၂ ရက်မှ စတင်၍ ကြေညာချက် ထုတ်ပြန်ကာ တားမြစ် ပိတ်ပင်ထားကြောင်း သိရသည်။
.
လွယ်မွေတောင် စခန်းသာသည် ကျိုင်းတုံမြို့မှ အရှေ့ဘက် ၁၈ မိုင်အကွာတွင် တည်ရှိပြီး တောင်တက် ကားလမ်းဖြစ်သော်လည်း ချယ်ရီပန်းများ ပွင့်သည့် ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ လများတွင် ပြည်တွင်း/ပြည်ပ ခရီးသွား အပန်းဖြေသူများဖြင့် စည်းကားလေ့ ရှိကြောင်း သိရသည်။
.
ချယ်ရီပန်း ဆိုတာ လွယ်မွေရဲ့ အမွေဖြစ်သလို လွယ်မွေရဲ့ ထမင်းအိုးဆိုရင်လည်း မမှားပါဘူး။ ချယ်ရီပန်း ရာသီချိန်မှာ ကျိုင်းတုံနဲ့ တခြားက ဧည့်သည်တွေ လာကြတော့ ဈေးသည်တွေ ဈေး ရောင်းရတယ်။ ချယ်ရီပန်းပင်ရဲ့ သဘာဝအလှကို ဖျက်ဆီးတာက ကျွန်မတို့ လွယ်မွေ ဒေသခံ တိုင်းရင်းသားတွေရဲ့ ထမင်းအိုးကို ရိုက်ခွဲသလို ဖြစ်နေပါ တယ်ဟု လွယ်မွေအာခါ လူငယ်အ ဖွဲ့မှ မငယ်လေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ချယ်ရီပန်းများသည် စတင်ပွင့်ချိန်၌ ပန်း၏ သဘာဝအလှကို ကြည့်ရှုခံစားနိုင်ပြီး ပန်းများ ကြွေပြီး အသီး သီးချိန်တွင် ချယ်ရီသီးများကို လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ကာ ယင်းချယ်ရီ အချိုသီးမှ ရရှိသည့် မျိုးစေ့ဖြင့် ချယ်ရီပင်များ ပြန်လည် မျိုးပွား အပင်ပေါက်နိုင်ကြောင်း သိရသည်။
.
ထို့အပြင် ချယ်ရီပင်၏ အခါးသီးသည် ချယ်ရီဝိုင် ပြုလုပ်ရာတွင် အသုံးဝင်ပြီး လွယ်မွေဒေသတွင် ကျေးရွာ ဒေသထွက်ကုန်အဖြစ် ချယ်ရီဝိုင် ထုတ်လုပ်ကြောင်း သိရသည်။
.
လွယ်မွေဒေသတွင် ချယ်ရီဝိုင် အပြင် မက်မန်းဝိုင်၊ စပျစ်ဝိုင်၊ နာနတ်ဝိုင်နှင့် ပင်စိမ်းဝိုင်များကိုလည်း ထုတ်လုပ် ရောင်းချကြောင်း သိရသည်။
.
လွယ်မွေသည် နယ်ချဲ့အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့စဉ်က ခရိုင်ရုံးစိုက်ရာ ဒေသဖြစ်ခဲ့ပြီး ထိုစဉ်က ဆောက်လုပ်ခဲ့သော နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိ ဆေးရုံနှင့် နေအိမ်အချို့အား ယနေ့တိုင် မြင်တွေ့နိုင်ဆဲ ဖြစ်သဖြင့် လာရောက် လေ့လာသူများ ရှိနေဆဲဖြစ်ပြီး Small England ဟု တင်စား ခေါ်ဝေါ် ကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)