လွိုင်လင်တွင် ၁၂ ဘီးကား ဘရိတ်ပေါက်၍ တောင်အောက် ပြုတ်ကျသဖြင့် ၃ ဦးသေကာ ၄ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Tuesday, January 7, 2020

လွိုင်လင်တွင် ၁၂ ဘီးကား ဘရိတ်ပေါက်၍ တောင်အောက် ပြုတ်ကျသဖြင့် ၃ ဦးသေကာ ၄ ဦး ဒဏ်ရာရ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်-မိုင်းပွန်သွား ကားလမ်းတွင် ဇန်နဝါရီလ ၅ ရက်၊ ညနေ ၄ နာရီခွဲခန့်က ၁၂ ဘီး မော်တော်ယာဉ် တစ်စီး ဘရိတ်ပေါက်၍ တောင်အောက်သို့ ပြုတ်ကျခဲ့သဖြင့် ၃ ဦး သေဆုံးကာ၊ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
“ ရွှေညောင်ဖက်က လမ်းတံတားအဖွဲ့ ၁၁ က လုပ်သားတွေ တင်လာတာလို့ သိရတယ်၊ အဖွဲ့တွေ ကူညီ ကယ်ဆယ်ပြီးတာ ညနေ ၆နာရီ ၄၀ မှာပါ၊ သေသူတွေက အခင်းဖြစ်နေရာမှာပဲ ဆုံးပါးကြတာ ဖြစ်ပြီး ယာဉ်မောင်း အပါအဝင် ဒဏ်ရာရ သူတွေက မစိုးရိမ်ရဘူးလို့ သိရပါတယ်၊ အားလုံးကို ဆေးရုံပို့ခဲ့ပါတယ်” ဟု လွိုင်လင်ခရိုင်၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

လွိုင်လင်မြို့နယ်၊ လွိုင်လင်-မိုင်းပွန် ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် (၁၆၅/၃)နှင့် (၁၆၅/၄) အကြားတွင် Nissan ၁၂ ဘီး အပြာရောင် ယာဉ်သည် ဘရိတ်ပေါက်၍ တောင်အောက်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ပြီး ယဉ်ပေါ်ပါ ခရီးသည် ကျား ၇ ဦးအနက် ၃ ဦး သေဆုံးကာ  ၄ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါ သေဆုံး/ဒဏ်ရာရသူများကို လွိုင်လင်မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးယာဉ်၊ သူနာတင်ယာဉ်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မေတ္တာခြုံလွှာ လူမှုကူညီရေးအသင်းနှင့် အဖြူရောင်လူငယ်ပရဟိတအသင်းတို့မှ လွိုင်လင် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ အောင်ကိုဦးအား လွိုင်လင်မြို့မရဲစခန်းမှ ယာဉ်(ပ) ၁/၂၀၂၀၊ ၃၀၄-က/၂၇၉/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats