တောင်ဇလပ်ပန်းတို့ ပွင့်ရာမြေ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, January 5, 2020

တောင်ဇလပ်ပန်းတို့ ပွင့်ရာမြေ


ကောင်လေး (မြန်မာစာ)
.
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်ရှိသော ခရီးသွားလူငယ်များ သည် ခရီးသွားရခြင်းကို နှစ်သက်သဘောကျပြီး ခရီးသွားလုပ် ငန်းများထဲမှ တောင်တက်ခရီးတက်ရခြင်းကို ပိုပြီး ဝါသနာပါကြ သည်။ မြန်မာနိုင်ငံတွင် တောင်တက်ခရီး သွားရသော နေရာ ဒေသ အများကြီးရှိပေမယ့် ရှမ်းပြည်နယ်အတွင်းမှာရှိသော အ မြင့်ဆုံးတောင်များသို့ တောင်တက်ရခြင်းကို ပိုမိုစိတ်ဝင်စားကြ ပါသည်။ ရှမ်းရိုးမတောင်တန်းကြီးတွေ ဝန်းရံထားသော ရှမ်း ပြည်နယ်အတွင်းရှိ မြို့လေးများသည် ရာသီဥတု သင့်တင့်မျှတ မှုရှိသောကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုစိတ်ဝင်စား ကြပါသည်။ ထိုသို့ ခရီးသွားလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာသည် နှင့်အမျှ တောင်တက်ခရီးသွားလုပ်ငန်းသည်လည်း တဖြည်း ဖြည်း စိတ်ဝင်စားမှု များလာသည်ကို တွေ့မြင်နေရပါသည်။ ထို တောင်တက်ခရီးစဉ်များထဲမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ရှိသော တောင်ဇ လပ်ပန်းတို့ပွင့်ရာမြေ (သို့) ရှေ့မြင်နောက်မြင်တောင်သို့ ပြည် တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာ ကြသည့် တောင်တက်ခရီးစဉ်တစ်ခုလည်း အပါအဝင် ဖြစ်ပါ သည်။
.
ရှေ့မြင်နောက်မြင်တောင်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၇၇၅၂ ပေ ရှိကာ ရှမ်းပြည်နယ်တွင် အမြင့်မားဆုံးနှင့် အထင်ရှားဆုံးတောင်လည်း ဖြစ်ပါသည်။ ထို့အပြင် ရှေ့မြင်နောက်မြင်တောင်သည် မြေ သားတောင် တစ်တောင်လည်း ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ ရှိသော မြေသားတောင်များထဲမှ မှတ်တမ်းထင်ထားသော ဒုတိ ယအမြင့်ဆုံးတောင်လည်း ဖြစ်သည်ဟု ဒေသခံ တောင်တက် လမ်းပြများ၏ ပြောစကားများအရ သိရပါသည်။ ထို့အပြင် အ ရှေ့မြင်နောက်မြင်တောင်သည် ဒီဇင်ဘာလမှ မတ်လအထိ တောင်ဇလပ်ပန်း (ဓနုအခေါ် ခေါင်ရမ်းပန်း) တို့ ဖူးပွင့်ရာ တောင်ဇလပ်တို့ ပျော်ရာမြေလည်း ဖြစ်ပါသည်။ တောင်ဇလပ် နီတို့ သာမက တောင်ဇလပ်ဖြူတို့ပါ ဝေဝေဆာဆာ ဖူးပွင့်ရာ တောင်တစ်တောင်လည်း ဖြစ်ပါသည်။ တောင်၏ အရှေ့ဘက် တွင် တောင်ကြီးမြို့၊ ရပ်စောက်မြို့၊ ဟဲဟိုးမြို့၊ ရွှေညောင်မြို့၊ ညောင်ရွှေမြို့၊ အနောက်ဘက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့၊ ပုပ္ပါးတောင်၊ ကျောက်ဆည်မြို့၊ ဟန်မြင့်မိုရ်၊ မြိုင်၊ မြို့ကြီးနှင့် ရာသီဥတုသာယာပါက ရခိုင်ရိုးမတောင်တန်းကြီးကို ပင် လှမ်းမြင်တွေ့နိုင်သောကြောင့် ရှေ့မြင်နောက်မြင်တောင် ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။ အဆိုပါ တောင်ကြီး၏ မြောက်ဘက် တွင် "ယ"တောင်တန်းဟုခေါ်သည့် မဲနယ်တောင်တန်း၊ မိုးလုံး ဟိန်းတောင်တန်းနှင့် တောင်ဘက်အရပ်ရှိ စူးကြီးတောင်တန်း တို့သည် ရွာငံနှင့် ပင်းတယမြို့နယ် နှစ်ခုကို ပိုင်းခြားထားပါ သည်။ တောင်ကြီးပေါ်၌ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီ၊ ပန်း ချယ်ရီ၊ သစ်ပုတ်၊ ညောင်၊ အုံတုံပင်၊ မဲရုံး၊ ပန်းမ၊ သစ်ယား၊ ဖော့ အုံး၊ ပေါက်၊ သစ်ကျပိုး၊ ပရဆေးပင်မျိုးစုံ၊ သစ်ခွမျိုးစုံ၊ အခြား သစ်မာမျိုးစုံနှင့် သဘာဝပေါက်ပင်များစွာ ပေါက်ရောက်လျက် ရှိပါသည်။ ထို့အပြင် တောင်ပတ်လည်ရှိ တောတောင်အတွင်း ၌ ဝက်ဝံ၊ တောဝက်၊ ဂျီ(ချေ)၊ ယုန်၊ ခွေးတူဝက်တူ၊ မျောက်နီ မျောက်ပြာ၊ မျောက်ဖြူ၊ ကသုတ်၊ တောကြက်၊ ရစ်၊ ရစ်ကြောင်၊ ကြောင်ကတိုး၊ ဖျိုင်၊ တက်ကလက်၊ ရှဉ့်(အနီ)၊ ရှည့်ကြီး (အ နက်)၊ ပုတ်သင်၊ ငှက်မျိုးစုံနှင့် အခြား ရှားပါးတိရစ္ဆာန်မျိုးစုံတို့၏ ဇီဝမျိုးကွဲများ ပေါင်းစုံပေါက်ဖွားကြီးပြင်းရာ ဒေသကြီးတစ်ခုအ ဖြစ် ယနေ့တိုင် ရပ်တည်နေထိုင်လျက်ရှိကြောင်း သိရသည်။
.


.
တောင်ကြီး၏ အရှေ့ဘက်ရှိ ဇော်ဂျီရေထွက်၊ ဂုတ်ကြီး မြောင်ရေထွက် နှစ်ခုမှ ရေများသည် ရွာငံမြို့နယ်ကို ဖြတ်သန်း ကာ ပင်းတယမြို့နယ် ပန်းစစ်ရေထွက်တိုင်ပေါင်းစုံ၍ ပင်းတယ မြို့ အနီးပတ်ဝန်းကျင် ကျေးရွာများ၏ သောက်သုံးရေ အတွက် လည်းကောင်း၊ အနောက်မြောက်ဘက်ရှိ ကြေးနီရေထွက်၊ ပု တုန်းကိုင်းရေထွက်တို့မှ ကရဏီချောင်းမှတစ်ဆင့် ဇော်ဂျီမြစ်ထဲ စီးဝင်ကာ ပင်းတယ၊ ရပ်စောက်၊ အင်တော၊ ကျောက်ဂူထိ စိုက် ပျိုးရေးအတွက် အကျိုးပြုကာ ပေ ၁၅၀ ကျော်အမြင့်ရှိ သုံး ဆင့်လှေကား ရေတံခွန်မှာလည်း ဒေသ၏ ဂုဏ်ကို မြင့်တင် လျက်ရှိသည်။ မြိုင်ကျေးရွာရှိ ကိုးငုတ်ကိုးပေါ် ငုတ်ချောင်းမှ ဆင်ခေါင်းအင်း၊ ထိုမှတစ်ဆင့် နာမည်ကြီး ဆင်ခေါင်းရေတံခွန် အဖြစ် ဖြာထွက်စီးဆင်းကာ ပန်းလောင်မြစ်အတွင်း စီးဝင်၍ ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအ တွင်း ဆက်လက်ဖြတ်သန်း၍ ကင်းတားဆည်ထဲသို့ စီးဝင် သည်။ ထိုတောင်သို့ ရွာငံမြို့ မြစေတီကျေးရွာလမ်းနှင့် မြိုင် ကျေးရွာမှတစ်ဆင့် တက်ရောက်နိုင်သည့် လမ်းနှစ်သွယ်ရှိပြီး အချိန်အားဖြင့် တောင်ပေါ်အရောက် ၄ နာရီခန့် တက်ရကြောင်း သိရသည်။ လမ်းတစ်လျှောက် နတ်ရေကန်၊ နတ်ရေကန်ဘုရား သုံးဆူ၊ တိုင်းရင်းပရဆေးပင်များပေါက်ရောက်ရာ နတ်သမီး ဆေးကုန်း၊ တောင်ခမောက်တောင် အစရှိသည့် ထူးဆန်းဖွယ် ရာများလည်း တွေ့မြင်နိုင်သည်။ ဇော်ဂျီ၊ ပန်းစစ်၊ ဂုတ်ကြီး၊ က ရဏီ၊ ပတုန်းကိုင်းနှင့် ဆင်ခေါင်းအင်းတို့မှ ရေထွက်များ ထွက် ရှိရာ ရေဦးရေများ ဒေသရေဝေရေလဲတောင် တစ်ခုဖြစ်သည့်အ ပြင် ရွာငံ၊ ပင်းတယ၊ မြို့နယ်များသာမက မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ မိတ္ထီလာမြို့နယ်အထိ ပါ အကျိုးဖြစ်ထွန်းစေသည့် မြစ်ဖျားခံ စီးဆင်းရာ ဒေသတစ်ခု ဖြစ်သည့်အပြင် လက်ရှိ ပြည်တွင်းပြည်ပ ခရီးသွားအများစိတ် ဝင်စားစရာ အကောင်းဆုံးဒေသ တစ်ခုဖြစ်နေပြီး နှစ်စဉ်မြန်မာ နိုင်ငံတောင်တက်အသင်း၊ ဘူမိဗေဒပညာရှင်များ၊ နိုင်ငံခြားသား များ လာရောက်လေ့လာလျက်ရှိကြောင်း ရွာငံမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
.

ရှေ့မြင်နောက်မြင်တောင် (ဓနုအခေါ် ရှေ့မျှော်နောက်မျှော် တောင်) ကို ရွာငံ-မြစေတီလမ်း၊ ရွာငံ-လုပ်ပြင်လမ်း၊ ရွာငံ-ပွေး နွားလမ်း၊ ပင်းတယ-ပန်းစစ်-ကြံခင်းမြောင်လမ်း၊ ပင်းတယ-မဲ နယ်တောင်- ထန်းကုန်းစုလမ်းနှင့် ပင်းတယ-သိမ်ကုန်း- အုံ အက်လမ်းဟူ၍ ရှိကြပေမယ့် တခြားသော ဆက်စပ်ရာလမ်းများ လည်း ရှိပါသည်။ ကျွန်တော်တို့အဖွဲ့သည် ပင်းတယ-သိမ်ကုန်း -အုံအက်လမ်းကြောင်းဘက်ကနေ နေ့ချင်းပြန် (တုံပယ်) သွား သောကြောင့် ထိုလမ်းကြောင်းကို အဓိကထားရေးသားသွား မည်ဖြစ်ပါသည်။ ကျွန်တော်တို့အဖွဲ့သည် နေ့ချင်းပြန်သွားပေ မယ့် ရှေ့မြင်နောက်မြင်တောင်ထိပ်မှာ ရွက်ဖျင်တဲတွေနှင့် ည အိပ်လို့လည်း ရပါသည်ဟု သိရပါသည်။ ရှေ့မြင်နောက်မြင် တောင်သို့ သွားရန် ဒေသခံတောင်တက်လမ်းပြများ ငှားရန်အ ထူးလိုအပ်ပါသည်။ သို့မှသာလျှင် ရာသီဥတုကြောင့်သော်လည်း ကောင်း၊ တခြားအကြောင်း တစ်ခုခုဖြစ်ပါက ကူညီဖြေရှင်းပေး နိုင်မည် ဖြစ်ပါသည်။ ရှေ့မြင်နောက်မြင်တောင်သို့ စတင်တက် ရောက်ရန် တောင်ခြေအောက်က အုံအက်ရွာလေးဆီသို့ ပင်း တယမှ ကားဖြင့် ၄၅ မိနစ်လောက် မောင်းရသည်။ ထိုရွာလေး ဆီ စရောက်ရောက်ခြင်းပင် လမ်းပြမှ ရှေ့ရိုး (ဦးဆောင်)ကာ ရှေ့မြင်နောက်မြင်တောင်သို့ရောက်ရန် ပုံမှန်သွားပါက ၄ နာရီ ခွဲလောက် ကြာပါသည်ဟု ပြောပါသည်။ တောင်ပေါ်တက်ပါက တောင်တက်ဖိနပ် (ဓနုခေါ် စစ်ဖိနပ်) စီးပါက ပိုအဆင်ပြေပါ သည်။ ကျွန်တော်တို့အဖွဲ့လည်း လိုအပ်တာတွေ ယူဆောင်ပြီး စတင်တက်ရောက်ရန် ခြေလှမ်းများ စတင်ရတော့သည်။ အဓိ က ရေသန့်ဘူးတွေ/ထမင်းဘူးတွေ လုံလုံလောက်လောက်ပါရန် အထူးလိုအပ်ပါသည်။ တောင်ပေါ်က စိမ့်စမ်းရေ သောက်နိုင် တယ်ဆိုရင် ရေသန့်ဘူးအများကြီး သယ်ရန် မလိုအပ်ပါ။ အုံ အက်ရွာလေးမှ မြောက်ဘက်ပန်ပိန်းမြောင်လမ်းအတိုင်း အတိ (လွင်ပြင်)အတိုင်း လမ်းလျှောက်ရတာ မပင်ပန်းပေမယ့် အ တက်မတ်ကို စတင်တက်ဖို့ အားအင်မွေး အနားယူခဲ့ပြီး တက် ရောက်ခဲ့ရသည်။ ပန်ပိန်းမြောင်ဆိုသည့်အတိုင်း တောင်ခြေမှ ထွက်သော စိမ့်စမ်းရေချောင်း စီးဆင်းသည့်အတွက်ကြောင့် ထိုရေချောင်းဘေးတွင် အနားယူအပန်းဖြေနိုင်ပါသည်။ တောင် ပေါ်တက်ရာတွင်  အတက်အလွန် မတ်စောက်လှပြီး ချွေးများ စိုရွှဲကာ ဒူးဆွေးလုမတတ် ပင်ပန်းလှပေမယ့် သစ်ရိပ်ဝါးရိပ် အောက်တွင် ဖြတ်သန်းရသောကြောင့် အေးချမ်းမှုကို ခံစားရပါ သည်။ ထို့နောက် နားလိုက်သွားလိုက် ဘုရားကုန်း(သို့)ကင်း တဲကုန်း (ဒေသခေါ်) တောင်ထိပ်သို့ ရောက်ရှိခဲ့သည်။ တောင် တက်ရခြင်းသည် သက်လုံကောင်းသမားတွေအတွက် မပင် ပန်းလှပေမယ့် အလေ့အကျင့် မရှိသမားတွေအတွက် အလွန် ပင်ပန်းလှပါသည်။ ထိုတောင်ထိပ်ပေါ်တွင် view point ဟုဆို ရလောက်အောင် လေတဖြူးဖြူးတိုက်နေသောကြောင့် အေး စိမ့်စိမ့် အရသာကို ခံစားရပါသည်။ ထို့အပြင် စိမ်းလန်းသော တောတောင်များသို့ မြင်နေရပြီး မီးခိုးတအူအူနဲ့ လယ်ယာလုပ် ငန်းခွင်တချို့ကိုလည်းကောင်း၊ ရွာတချို့ကို လည်းကောင်း၊ တန်းစီစိုက်ထားသော လက်ဖက်စိုက်ခင်း တချို့ကိုလည်း ကောင်း တွေ့မြင်နေရပါသည်။ ထိုမြင်ကွင်းကြောင့် ပင်ပန်းနွမ်း လျနေသော စိတ်ကို ပိုပြီးလန်းဆန်းတက်ကြွစေပါသည်။ ဓာတ် ပုံရိုက်တာ ဝါသနာပါသူတွေအတွက် အမှတ်တရ ဓာတ်ပုံများ၊ အနားယူရင်း ရိုက်နိုင်ပါသည်။ ထိုနေရာတွင် နာရီဝက်လောက် နားပြီး လွင်ပြင်လမ်းကြောင်းအတိုင်း ရှေ့ဆက်တက်ကြရပါ သည်။
.
ထို့နောက် တစ်နာရီလောက် တက်လိုက်ဆင်းလိုက် လမ်း လျှောက်ကြပြီး ပလောင်ရွာဟောင်း (လွန်ခဲ့သော နှစ်များစွာက ပလောင်တိုင်းရင်းသားများ ရွာတည်ထောင်ပြီး နေထိုင်ကြသည်။ ထို့နောက် ခေတ်စနစ်အရ တောင်ပေါ်တွင်နေထိုင်ရန် မသင့် တော်သောကြောင့် တောင်အောက်သို့ဆင်း ရွာတည်ပြီး နေ ထိုင်နေရပါသည်။ ယခု ပင်းတယမြို့မြောက်ဘက် ၁၅ မိုင် အ ကွာအဝေးတွင်ရှိသော ပန်းအိုးကွဲ ပလောင်ရွာလေးပဲ ဖြစ်ပါ သည်ဟု ဒေသခံလမ်းပြ၏ ပြောစကားများအရ သိရပါသည်။) ပလောင်ရွာဟောင်း နေရာလေးဖြစ်သောကြောင့် အိမ်ပုံစံ Foundation အဟောင်းများ တချို့နေရာတွင် တွေ့နေရပါ သည်။ ထိုရွာဟောင်းနေရာတွင်ရှိသော ညောင်ပင်ကြီးအောက် ခြေတွင် ဒေသခံလမ်းပြမှ ဆီမီးပူဇော်ပြီး သွားလမ်းတစ်လျှောက် ဘေးအန္တရာယ် ကင်းစေရန် ဆုတောင်းကြသည်ဟု သိရပါ သည်။ ထို့နောက် တစ်နာရီလောက်အကြာတွင် တောင်ထိပ် လွင်ပြင်လမ်းသို့ ရောက်ရှိခဲ့သည်။ ထိုတောင်ထိပ်လွင်ပြင်တွင် သစ်တောသစ်ပင်များ ဘေးပတ်လည် ပေါက်ရောက်နေကြပြီး တောင်ဇလပ်ပန်း (ဓနုအခေါ် ခေါင်ရမ်းပန်း) ပန်းတွေ ဝေဝေ ဆာဆာ ဖူးပွင့်နေတဲ့ အပင်တွေကိုလည်း ဟိုတစ်စဒီတစ်စ မြင် တွေ့နေရပါသည်။ တချို့နေရာတွင် တောင်ဇလပ်ပန်းများ တစ် ပင်လုံး နီနီရဲရဲ ဖူးပွင့်နေကြသည်ကိုလည်း တွေ့မြင်ရပါသည်။ ထို့နောက် ရှေ့ကို ဆက်သွားပါက ကျောက်တောင်ကြီး (သို့) ကျောက််ဖျာကြီး (ဒေသခေါ်)သို့ ရောက်ရှိပြီး view point တစ် နေရာ ထပ်တိုးကာ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာကောင်း တစ်နေရာလည်း ဖြစ်ပါသည်။ လမ်းအကွေ့အကောက် အလီ လီနဲ့ အတက်မတ်ကြီး တက်ပြီးသောအခါ အုံအက်ဘက်မှလာ သော လမ်းနှင့် ကြံခင်းမြောင်ဘက်မှလာသော လမ်းတို့ ဆုံရာ နေရာကို ကျောက်ဘုရား (သို့) ကျောက်ပုံမှတ်တိုင်ဟု ခေါ်ကြ သည်။ အဘယ်ကြောင့်ဆိုသော် ထိုလမ်းဆုံသို့ ရောက်လာတဲ့ တောင်တက်လာသူတိုင်း ထိုနေရာ ရောက်ပါက ကျောက်တုံး/ ပြားတွေပေါ်မှာ အမှတ်တရတွေကိုယ်စီ ရေးပြီး ကျောက်ပုံစီ ထားသောကြောင့် ဖြစ်သည်။ တောင်ဇလပ်တောတချို့၊ လွင် ပြင်တချို့၊ တောင်အထပ်ထပ်ကို ကျော်ဖြတ်ပြီး ကျွန်တော်တို့ အားလုံး ရည်မှန်းထားတဲ့ ရှေ့မြင်နောက်မြင်တောင်သို့ရောက် ရှိခဲ့ပါသည်။ ထိုတောင်ထိပ်တွင် တောင်တက်သမားတို့ရဲ့ အောင်နိုင်ရာ အမှတ်အသားအဖြစ် မြန်မာနိုင်ငံတော်အလံနှင့် တကွ တခြားသော တိုင်းရင်းသားအလံများကိုလည်း လွှင့်ထူ ထားသည်ကို တွေ့နေရပါသည်။ တောင်ထိပ်ပေါ်တွင် စောစော ရောက်ပါက အေးအေးဆေးလည်လို့ရပြီး လေအရမ်းတိုက် သောကြောင့် အအေးဒဏ် မခံနိုင်သူတွေ အနွေးထည်များ ဆောင်ထားသင့်ပါသည်။ ထို့အပြင် ရှေ့မြင်နောက်မြင်တောင် အနောက်ဘက် တောင်အောက်ဆက်ဆင်းပါက နတ်ရေကန်နှင့် ဘုရားသုံးဆူလည်း ရှိပါသည်။ ဤဆောင်းပါးတွင် ရှေ့မြင် နောက်မြင်တောင်အကြောင်း စာစီ၍ ရေးရင်လည်း ကုန်မည်မ ဟုတ်သောကြောင့် ကျွန်တော် အကျယ်တဝင့် မဖော်ပြလိုပါ။ ကိုယ်တိုင်သွားရောက်ပြီး သဘာဝအလှကို ခံစားဖို့ တိုက်တွန်း ချင်ပါသည်။ ထို့နောက် တောင်အောက်ပြန်ဆင်းပါက အဆင်း ကြီးသောကြောင့် ဖြည်းဖြည်းထိန်းဆင်းရန် လိုအပ်လှပါသည်။ တချို့လမ်းတွေက အလွန်မတ်စောက်သောကြောင့် သဘာဝ အလှတွေကို စိတ်လွတ်ကိုယ်လွတ် ဟိုငေးဒီငေး မလုပ်ကြပါနဲ့။ သဘာဝအလှကို တန်ဖိုးထားခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းဖြင့် တောတောင်များကို ရေရှည်တည်တံ့ စိမ်းလန်းစေချင်တယ်ဆို ရင် ကိုယ့်အမှိုက်ကို တာဝန်ယူကြပါ။ ထို့အပြင် မိမိတို့ စားပြီး သား အကြွင်းအကျန်များ/ ပလတ်စတစ်အမှိုက်များကို သေချာ စနစ်တကျ ထုပ်ပိုးပြီး ပြန်လည်သိမ်းဆည်းဖို့ အမှိုက်ထည့်ရန် တစ်ခုခု ဆောင်သွားဖို့ မမေ့ပါကြပါနှင့်။ ထို့နောက် တောင်ပေါ် ကနေဆင်းပြီး တောင်ခြေပြန်ရောက်တဲ့အခါ သွေးပူလေ့ကျင့် ခန်း ပြန်လုပ်ပြီး အကြောတွေ လျှော့ပေးရန် လိုအပ်ပါသည်။ သို့မှသာ အိမ်ပြန်ရောက်တဲ့အခါ ကိုယ်လက်ကိုက်ခဲမှု အနည်း ငယ် သက်သာပါလိမ့်မည်။ အဆင်းနောက်ကျပါက မိုးချုပ် ကောင်း ချုပ်လိမ့်မည်။ စိုးရိမ်ပူပန်စရာမလိုအပ်ပါ။ အုံအက်ရွာ သူ/သားများသည် တိုင်းရင်းသားပီပီ ဧည့်ဝတ်ကျေပွန်ပြီး ခင် တတ်မင်တတ်သောကြောင့် အုံအက်ရွာလေးတွင် တစ်ညတာ အနားယူ အိပ်စက်နိုင်ပါသည်။ နောက်တစ်ရက် မိုးလင်းမှသာ လျှင် အေးအေးဆေးဆေး ပြန်လည်း ရပါသည်။
.
နိဂုံးချုပ်ဆိုရသော် ရှေ့မြင်နောက်မြင်တောင်သည် စွန့်စွန့် စားစား သွားရတာ ကြိုက်တဲ့သူတွေ၊ သဘာဝတရားကို ချစ် မြတ်နိုးသူတွေ၊ တောင်တက်ရတာ ဝါသနာပါတဲ့သူတွေအပြင် သစ်ပင်ပန်းမန်တွေနှင့် ငှက်မျိုးစိတ် လေ့လာသူတွေ နှစ်ခြိုက် ကြမည့် နေရာကောင်းလေး တစ်နေရာ ဖြစ်ပါသည်။ ထို့ကြောင့် ငယ်တုန်းရွယ်တုန်း တောင်တက်ဝါသနာပါတဲ့ မည်သူမဆိုအ တွေ့အကြုံကောင်းတွေ ရချင်တယ်ဆိုရင် ရှေ့မြင်နောက်မြင် တောင်သို့ အလည်တစ်ခေါက် တောင်တက်ကြပါရန် နွေးထွေး ပျူငှာစွာ ဖိတ်ခေါ်ရေးသားလိုက်ရပါသတည်း။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)