အသက်(၁၄)နှစ်အောက် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲ၌ ယှဉ်ပြိုင်ခဲ့သော ရှမ်းရှေ့အသင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ် - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, January 11, 2020

အသက်(၁၄)နှစ်အောက် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲ၌ ယှဉ်ပြိုင်ခဲ့သော ရှမ်းရှေ့အသင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်

ထက်တိုင်းကျော်
.
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် 100Plus တို့ ပူးပေါင်း ကျင်းပသည့် အသက် (၁၄)နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံပညာ ကျောင်းပေါင်းစုံ လူငယ် ဘောလုံးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကစားခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အသင်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။
.
ယင်း ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် ကစားခဲ့သော ရှမ်းပြည်နယ်(အရှေ့ပိုင်း)အသင်းတွင် အသက် ကျော်နေသည့် ကစားသမား ၅ ဦးခန့် ပါဝင်ခြင်း၊ လေယာဉ်ဖြင့် သွား/လာရန် ခရီးစရိတ် ရရှိသော်လည်း မော်တော်ယာဉ်ဖြင့်သား သွား/လာရသည့် အခြေအနေများကြောင့် ဝေဖန်မှုများ ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

“ အဖက်ဖက်ကကို နစ်နာသွားပါတယ်။ ဘယ်လိုမှကို မဖြစ်သင့်တဲ့ ကိစ္စပါ။ မန္တလေးနဲ့ ပြိုင်ရတဲ့ ပွဲမှာ အသက်ကြီးတဲ့ အားကစားသမား ပါနေတာကို တစ်ဖက် အသင်းက သိလို့ ကန့်ကွက်တာတွေထိ ဖြစ်ခဲ့ပါတယ်"ဟု ကျိုင်းတုံဒေသခံ တစ်ဦးက ဝေဖန် ပြောဆိုခဲ့သည်။
.
ပြိုင်ပွဲကျင်းပပေးသော သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြိုင်ပွဲဝင် အသင်းများအတွက် အားကစားဝတ်စုံများနှင့် အသွား/အပြန် ခရီးစရိတ်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့ရှိ ပြည်နယ်ပညာရေးမှုး(ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှုး ဦးတင့်ဆွေအား ဝေဖန်မှုများနှင့် ပတ်သက်၍  သွားရောက် မေးမြန်းရာတွင် " ဒီသတင်းကို မရေးစေချင်ပါဘူး။ မြို့နယ်/ခရိုင်ကနေ ပါဝင်ပတ်သက်သူနဲ့ ကျွန်တော်ပါ ထိခိုက်နိုင်ပါတယ်" ဟုသာ ပြောကြားခဲ့သည်။
.
အဆိုပါ ကျင်းပသည့် အသက် (၁၄)နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံပညာ ကျောင်းပေါင်းစုံ လူငယ် ဘောလုံးပြိုင်ပွဲကို မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက် မပြတ် ပေါ်ထွက်ရေးအတွက် ရည်ရွယ်၍ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ပထမရရှိ၍ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)