​တောင်ကြီး၌ ​အမျိုးသား တစ်ဦးမှ ရွှေဝယ်သူအဖြစ် ဟန်​ဆောင်ကာ ​ရွှေထည်များအား ​​လုယူထွက်​ပြေး - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, December 14, 2019

​တောင်ကြီး၌ ​အမျိုးသား တစ်ဦးမှ ရွှေဝယ်သူအဖြစ် ဟန်​ဆောင်ကာ ​ရွှေထည်များအား ​​လုယူထွက်​ပြေး


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက အမည်မသိ အမျိုးသားတစ်ဦးမှ ရွှေဝယ်သူအဖြစ် ဟန်ဆောင်ကာ တန်ဖိုး ငွေကျပ် ၁၁၄ သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
တောင်ကြီးမြို့၊ ကံရှေ့ရပ်၊ ကုန်သည်လမ်းရှိ ရွှေဇာမဏီရွှေဆိုင်တွင် ဒီဇင်ဘာလ ၁၄ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ဆိုင်ရှင်ဖြစ်သူ ဦးစောမြင့် (ခ) ဦးစိုးမြင့်နှင့် ဇနီး ဒေါ်ခင်ဌေးဝင်တို့ ရှိနေစဉ် အသက် (၂၅ နှစ်) ခန့်ရှိ အမည်မသိ အမျိုးသားတစ်ဦးမှ ရွှေထည်ဝယ်ယူမည်ဟု ပြောဆိုပြီး အခေါက်ရွှေ ဆွဲကြိုး အလေးချိန် ၅ ကျပ်သားခန့်၊ တန်ဖိုးငွေ ၅၉ သိန်းကျပ်ခန့်အား လည်ပင်း၌လည်းကောင်း၊ အခေါက်ရွှေဟန်းချိန်း ၂ ကျပ်သားခန့်၊ တန်ဖိုးငွေ ၂၃ သိန်းကျပ်ခန့် အား လည်းကောင်း၊ စိန်လက်စွပ် အလေးချိန် ၈ ပဲခန့်၊ ကာလတန်ဖိုး ၂၁ သိန်း ၅ သောင်းကျပ်ခန့်အား လည်းကောင်း၊ အခေါက်ရွှေ လက်စွပ် ၁ ဘတ်သားခန့်၊ ကာလတန်ဖိုး ၁၀ သိန်း ၅ သောင်းကျပ်ခန့်အားလည်းကောင်း၊ စုစုပေါင်း ငွေကျပ် ၁၁၄ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား ဝတ်ဆင်ပြီး ကားသော့ပျောက်သဖြင့် ရှာမည်ဟု ပြောဆိုကာ ဆိုင်အတွင်းမှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရွှေထည်ပစ္စည်းများ လုယက်ခံရမှုနှင့် ပတ်သက်၍ ဆိုင်ရှင် ဦးစောမြင့် (ခ) ဦးစိုးမြင့်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်ကြီးမြို့မရဲစခန်းတွင် (ပ)၂၃၉၆/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်နိုင်ဦး ဦးစီးအဖွဲ့မှ ရှာဖွေစုံစမ်းမှုများ ပြုလုပ်ခဲ့ရာ အခင်းဖြစ်ပြီး ၃ နာရီခန့်အကြာ မွန်းလွဲပိုင်းတွင် ပြစ်မှုကျူးလွန်သူ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် နေသူ ကောင်းလင်းသူ (၂၅ နှစ်) အား ကံရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် သက်သေခံပစ္စည်းများနှင့်အတူ ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပြီး ​တောင်ကြီးမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)