ထမံသီ
.
ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့
(ရလလဖ) ထီဗွာ၏ နှစ် ၇၀ ပြည့် တပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲတော်ကို ဒီဇင်ဘာလ ၂
ရက်က တောင်ကြီးခရိုင်၊ ရပ်စောက်မြို့ရှိ မြို့မအားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.
အခမ်းအနားတွင် ရလလဖ (ထီဗွာ) ဒုတိယဥက္ကဋ္ဌ ဦးခွန်ချစ်အောင်က
ရလလဖ သည် ပဒေသရာဇ်ဆန့်ကျင်တော်လှန် သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခု ရလလဖ၏ ၇၀
နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါကြောင်း၊ တိုင်းရင်းသား ပြည်သူများ ဒုက္ခမျိုးစုံ
ခံစားရခြင်းနှင့် အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးမှု၊ အခြား ပြင်းထန်သော သောကများ
ခံစားခဲ့ရကြောင်း၊ ထို့ကြောင့် ထိုအနိဋ္ဌာရုံများကို ထပ်မံမမြင်တွေ့လိုသောကြောင့်
လက်နက်နှင့် ငြိမ်းချမ်းရေးကို လဲလှယ်ရယူခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အစည်း
ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီးအချိန်မှစတင်၍ နိုင်ငံတော် အတွက် တစ်ထောင့်တစ်နေရာမှ
နိုင်ငံတော်တာဝန် ကျေပွန်နိုင်ရန် ဒေသတွင်း တိုင်းရင်းသားများအတွက် ဖွံ့ဖြိုးရေး
လုပ်ငန်းများကို တတ်စွမ်းသမျှ ဆောင်ရွက်လျက်ရှိကြောင်း၊ အဖွဲ့အစည်းသည် နိုင်ငံတော်အစိုးရနှင့်
တပ်မတော် အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများကို ယုံကြည်မှု၊ လေးစားမှုတို့ဖြင့်
မိမိတို့နိုင်ငံတော်အတွက် လိုအပ်သည့်အချိန်တွင် တာဝန်ထမ်းဆောင်နိုင်ရန်
အဆင်သင့်ရှိပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် ဆီဆိုင်မြို့နယ်ရှိ ရလလဖ (ထီဗွာ) ဗဟိုမှ
တပ်ရင်းမှူး ဗိုလ်မှူး မောင်ဦးက ရလလဖ ၏ ဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး
ရပ်စောက်မြို့နယ် ရလလဖအဖွဲ့ စီးပွားရေးတာဝန်ခံ ဗိုလ်ကြီးသိန်းဇော် က နှစ် ၇၀ ပြည့်
တပ်နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
.
ဆက်လက်၍ ရပ်စောက်မြို့မှ မြို့မိမြို့ဖ
ဦးစိုးသန်းဝင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းတင်တို့က နှုတ်ခွန်းဆက်
စကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ရလလဖ (ထီဗွာ) ၏ နှစ် ၇၀ ပြည့် တပ်နှစ်ပတ်လည်နေ့
အထိမ်းအမှတ်အခမ်းအနားသို့ ရလလဖမှ တပ်ရင်းမှူး ဗိုလ်မှူး မောင်ဦး၊ ဗိုလ်ကြီးရဲထွဋ်၊
ဗိုလ်ကြီးဇော်ဦး၊ တပ်ခွဲမှူးဗိုလ်ကြီး ကျော်မင်း၊ ရပ်စောက်မြို့နယ် ရလလဖအဖွဲ့ဝင်
စီးပွားရေးတာဝန်ခံ ဗိုလ်ကြီးသိန်းဇော်နှင့် အကြပ်တပ်သားများ၊ မြို့နယ်ဌာနဆိုင်ရာများ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ၊ ရပ်မိရပ်ဖများ စုစုပေါင်း အင်အား
၂ဝဝ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
.
ပွဲတော်အတွင်း စတိတ်ရှိုး၊ ဇာတ်သဘင်ဖျော်ဖြေရေးအစီအစဉ်များဖြင့်
ဒီဇင်ဘာလ ၂ ရက်မှ ၁၁ ရက် အထိ ၁၀ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်လူမျိုးပေါင်းစုံ
ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) သည် ၁၉၉၄ ခုနှစ်တွင်
နဝတအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဇူလိုင်လတွင် နယကအစိုးရထံ အပြီးပိုင် လက်နက်အပ်နှံခဲ့ကာ သာမန်အရပ်သားအဖြစ်
နေထိုင်လျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment