နောင်ချိုတွင် ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ ကျင်းပ - Kanbawza Tai News

Breaking

Wednesday, December 4, 2019

နောင်ချိုတွင် ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ ကျင်းပ


မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အားကစားကွင်းတွင် ယနေ့ ဒီဇင်ဘာလ ၄ ရက်က ဒုတိယ အကြိမ်မြောက် ဓနုအမျိုးသားနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အခမ်းအနားတွင် “ကြိုဆိုပါတယ် ဓနုမြေ” တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး သဝဏ်လွှာများ ဖတ်ကြားကာ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အမှာစကား ပြောကြားခဲ့သည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဓနုတိုင်းရင်းသား လူမျိုးများသည် မြန်မာနိုင်ငံအတွင်း ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက နေထိုင်ခဲ့သည့် မူရင်းဒေသ ဇာတိချက်ကြွေ မွေးရပ်မြေရှိသည့် လူမျိုးများ ဖြစ်ပြီး နီးစပ်ရာလူမျိုးတို့၏ ဘာသာစကားမဟုတ်ဘဲ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ရှိသည့် လူမျိုးတစ်မျိုးဖြစ်ကြောင်း၊ ဓနုအမျိုးသားနေ့အခမ်းအနားကို ဓနုတိုင်းရင်းသားပျံ့နှံ့နေထိုင်သည့်မြို့များတွင် အလှည့်ကျကျင်းပ၍ ပထမအကြိမ် ရွာငံမြို့တွင်ကျင်းပပြီး၊ ဒုတိယအကြိမ်အဖြစ် ယနေ့နောင်ချိုမြို့နယ်တွင် ကျင်းပနိုင်ခဲ့သည့်အတွက် ဓနုတိုင်းရင်းသားများကိုယ်စား ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောအလှူငွေကျပ်သိန်း ၅၀ ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ပေးအပ်ရာတာဝန်ရှိသူတစ်ဦးမှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရှိရသည်။
.
ဓနုလူမျိုးတို့သည် ရှမ်းပြည်နယ်နှင့် ပြည်မအကြား ဒေသများ တွင် အများဆုံးနေထိုင်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၊ ကျောက်နီတွင်းဒေသ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ပွေးလှ၊ ရွာငံ၊ အောင်ပန်း၊ ပင်မှီ၊ ဘော်နင်း၊ သာမိုင်းခမ်း၊ ကလော၊ တောင်ကြီး၊ ညောင်ရွှေ၊ ဟဲဟိုး၊ လုံးပိုး၊ တီကျစ်၊ ပင်လောင်းဒေသမှ ပျဉ်းမနား အရှေ့ဘက်၊ ပေါင်းလောင်းမြစ်ရိုးတစ်လျှောက်အထိ ရှည်လျားသော ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက် တောင်တန်းကြား ကွင်းပြင်များ၌ နေရာအနှံ့အပြား နေထိုင်လျက်ရှိကြောင်း သိရသည်။
.
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်တွင် နေထိုင်သည့်လူဦးရေအများဆုံး လူမျိုးမှာ ရှမ်းဖြစ်ပြီး၊ ဒုတိယ ပအိုဝ်း၊ တတိယ ဗမာဖြစ်ကာ စတုတ္ထလူဦးရေအများဆုံးလူမျိုးမှာ ဓနုလူမျိုးများဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် ဓနုလူမျိုးများသည် လူဦးရေအမှတ်စဉ် (၁၀) တွင် တည်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats