မိုင်းဆတ်ရှိ ထိုင်းနိုင်ငံသား မူးယစ်တရားခံများအား ထိုင်းကောင်စစ်ဝန် လာရောက်စစ်ဆေး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Sunday, December 22, 2019

မိုင်းဆတ်ရှိ ထိုင်းနိုင်ငံသား မူးယစ်တရားခံများအား ထိုင်းကောင်စစ်ဝန် လာရောက်စစ်ဆေး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်အကျဉ်းထောင်တွင် ချုပ်နှောင်ထားရှိသည့် ထိုင်းနိုင်ငံသား မူးယစ်ဆေးဝါး တရားခံ ၁၃ ဦးအား ဒီဇင်ဘာလ ၁၆ ရက်မှ ၁၇ ရက်အထိ  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းကောင်စစ်ဝန်မှ လာရောက် စစ်ဆေးကြည့်ရှုခဲ့သည်ဟု သိရသည်။
.

.
“ထိုင်းကောင်စစ်ဝန်ပါ အဖွဲ့ဝင် ၄ ဦးက စိစစ်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်မှာ ၁၀ ဦးနဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ ၃ ဦး စိစစ်ပါတယ်။ တွေ့ရှိချက်ကိုတော့ မထုတ်ပြန်ပါဘူး။ သူတို့နိုင်ငံမှာ ပြန်စိစစ်ဖို့ လိုအပ်မယ်လို့ သိရပါတယ်” ဟု မိုင်းဆတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးအရာရှိ ဦးဝင်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းဆတ်မြို့မရဲစခန်းတွင် မယ(ပ)၁၉/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာဥပဒေပုဒ်မ ၁၉(က)/၂၂(ခ)/၂၂၁ ဖြင့် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား ၁၃ ဦးအား ကောင်စစ်ဝန်ဆိုင်ရာ တွေ့ဆုံ ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ Minister Counsellor Mr Thanwa Phudphong ပါ ၄ ဦးတို့သည် ဒီ ဇင်ဘာလ ၁၅ ရက်တွင် ရန်ကုန်မြို့မှတဆင့် မိုင်းဆတ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာပြီးနောက် ဒီဇင်ဘာ  ၁၆ ရက်၊ နံနက်ပိုင်းတွင် မိုင်းဆတ်အကျဉ်းထောင်၌ ချုပ်နှောင်ခံထားရသူ ၇ ဉီးကိုလည်းကောင်း၊ ယင်းနေ့ ညနေပိုင်းတွင် ၃ ဦးကိုလည်းကောင်း၊ ဒီဇင်ဘာလ ၁၇ ရက်တွင် ၃ ဦးကိုလည်းကောင်း တွေ့ဆုံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါအမှုမှ ဖမ်းဆီးခံထားရသူများမှာ လားဟူလူမျိုး၊ ထိုင်းနိုင်ငံသား ကျဟဲ၊ ကျလော၊ ကျအော၊ ရာဖူ၊ ကျလား၊ ကျရှဲ၊ ကျပူး၊ ကျလော၊ ကျခ၊ ကျစော၊ ကျသဲ၊ ကျခိုင်း၊ကျကား တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ စိတ်ကြွရူးသွပ် ဆေးပြား ၄၀၁၈၀ ပြား၊ ၇၉ မမ ဗုံးပစ်လောင်ချာ ၁ လက် ၎င်းကျည် ၁၅၊ ကျည်ကပ်ပါပစ္စတို ၄ လက်၊ ၎င်းကျည် ၆၄ တောင့်၊ အမ်-၁၆ ၂ လက်၊ ၎င်းကျည် ၁၈၁ တောင့်၊ ကျည်ကတ် ၃ ကတ်၊ အမ်-၂၂ ၂ လက်၊ ၎င်းကျည် ၁၀၀ တောင့်၊ ကျည်ကတ် ၅ ကတတ်၊ ဓါးမြောင် ၄ လက်တို့ ဖြင့် ပြီးခဲ့သည့်  သြဂုတ်လ ၂၅ ရက်၊ နံနက်ပိုင်းက မိုင်းယွန်း (၃၀၆) ထိုင်းနယ်စပ် တွင် “ဝ” တပ်မဟာ (၅၁၈)မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကို စက်တင်ဘာလ ၃ ရက်တွင် တပ်မတော်သို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။
.
မိုင်းဆတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ အမှုဖြင့် ဖမ်းဆီးခံထားသူများအနက် ၁၈ နှစ်ပြည့်ပြီးသူ ၁၀ ဦးအား မိုင်းဆတ်မြို့မရဲစခန်းတွင် ရာကြီးအမှတ် ၆၁/၂၀၁၉၊ လဝကအက် ၁၃/၁ ဖြင့် လည်း ကောင်း၊ အသက် ၁၈ နှစ်အောက် ၃ ဦးအား ရာကြီးအမှတ် ၃/၂၀၁၉၊ လဝကအက်ဥပဒေ ၁၃/၁ တို့ဖြင့် လည်းကောင်း သီးခြားအမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
.
အဆိုပါ မူးယစ်တရားခံများအား လာရောက်တွေ့ဆုံခဲ့သည့် ထိုင်းကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၁၈ ရက်တွင် မိုင်းဆတ်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွာခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)