ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်သည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိနေ ဟုဆို - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, December 28, 2019

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်သည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိနေ ဟုဆို


မင်းဇော်မင်း
.
ဒုတိယအကြိမ်လွှတ်တော်သက်တမ်းဖြစ်သော ၂၀၁၆ ခုနှစ်မှ လက်ရှိ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အထိ ၄၅ လ တာ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ကာ လွှတ်တော်ကိုယ်စားလှယ်များမှ တရား စွဲဆိုမှုများ ရှိခဲ့သည်ဟု အသံအဖွဲ့၏ ဒီဇင်ဘာလ ၂၃ ရက်ထုတ် အစီရင်ခံစာအရ သိရသည်။
.

.
လွှတ်တော်ကိုယ်စားလှယ်များ၏ ချိုးဖောက်မှုသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတန်ဖိုးများအား အကြီး အကျယ် ခြိမ်းခြောက်နေသည့်အတွက် အသံအဖွဲ့မှ အစဉ်တစ်စိုက် မှတ်တမ်း ပြုစုနေခြင်းဖြစ်ကြောင်း ယင်းအစီရင် ခံစာတွင် ဖော်ပြပါရှိသည်။
.
“ဒီမိုကရေစီရဲ့ အနှစ်သာရတွေကို ဖော်ဆောင်ပေးရမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က ပြည်သူတွေကို ဒီမိုကရေစီရဲ့အနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အားပေးရမယ့်အစား ဥပဒေကိုအကြောင်းပြုပြီး တရားစွဲတာတွေဟာ မဖြစ်သင့်ဘူးဆိုတာကို အဖွဲ့အနေနဲ့ ဝေဖန်ထောက်ပြတာပါ” ဟု လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို စောင့်ကြည့်နေသည့် အသံအဖွဲ့မှ သုတေသီ ဒေါ်ပန်ဆုပြည့်အိမ် က ကမ္ဘေဇတိုင်း သို့ ပြောသည်။
.
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွတ်တော်ဆန္ဒ၊ ပြည် သူတို့၏မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဟူသော လွှတ်တော်ဆောင်ပုဒ်နှင့်အညီ အရပ်သားပြည်သူ များ၏ ဝေဖန်မှုတို့ကို လေးလေးစားစားလက်ခံ၍ ဥပဒေပြုခြင်း၊ ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အစိုးရအုပ်ချုပ်ရေးယန္တရား များအား  စစ်ဆေးတည့်မတ်ပေးခြင်း တို့ကို  လုပ်ဆောင်သင့်ကြောင်း ၎င်းကဆိုသည်။
.
အဆိုပါ ၄၅ လတာ ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး မှ တရားစွဲဆိုမှု ၁၃ မှု ရှိခဲ့ရာ နစ်နာသူ ၃၀ ဦးရှိခဲ့ပြီး ကြားလူ၏ တရားစွဲဆိုမှုများ ၉ မှုရှိခဲ့ကာ နစ်နာသူ ၂၄ ဦးရှိခဲ့ကြောင်း သိရသည်။
.
ယင်း တရားစွဲဆိုမှု ၉ မှုတွင် ၁ မှုသာ ကိုယ်စား လှယ်လွှဲစာဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ကျန် ၈ မှုမှာ ကြား လူက တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ အမှုအများစုတွင် ဝေဖန်ခံရ သူနှင့် ရင်းနှီးမှုရှိသူများက ကိုယ်စားတရားစွဲဆိုပေးခဲ့ခြင်း ဖြစ်သည့် အတွက် မိသားစုဝင် က ၂ မှု၊ ရင်းနှီးသည့် ခင်မင် ဆက်ဆံရေး ရှိသူက ၃ မှု၊ ဆက်စပ်မှုမရှိနှင့် မသိရ ၄ မှု တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
.
ကြားလူမှ တရားစွဲဆိုမှုများအနက် သာမာန်ပြည်သူက ၁ မှု၊ နိုင်ငံရေးပါတီဝင်က စွဲဆိုမှု ၄ မှု၊ အစိုးရဝန်ထမ်း က စွဲဆိုမှု ၄ မှုတို့ဖြစ်ကြပြီး စွဲဆိုသည့် ဥပဒေများမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ၆ မှု၊ နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် ၂ မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၀ ဖြင့် ၁ မှုတို့ဖြစ်ကြသည်။
.
လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် တရားစွဲဆိုမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၄ ဦး၊ မွန်ပြည်နယ်မှ ၁ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂ ဦး၊ သထုံမှ ၁ ဦး၊ အမျိုးသားလွှတ်တော်တွင် ကျောက်ဆည်၊ မကွေး တို့မှ ၁ ဦးစီ၊ ပြည်သူ့ လွှတ်တော်တွင် တံတားဦးမှ ၁ ဦး စုစုပေါင်း ၁၁ ဦးဖြစ်ကြပြီး တရားစွဲပုဒ်များတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ၇ မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၀ ဖြင့် ၂ မှု၊ နိုင်လွတ်လုံ ဥပဒေ  ၄ မှုတို့ဖြစ်ကြပြီး ပုဒ်မ ၂ ခုဖြင့်စွဲဆိုမှုများ ပါရှိကြောင်း သိရသည်။
.
လွှတ်တော်ကိုယ်စားလှယ်အပါအဝင် နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တင်ပေါ်ကျော်ကြားသူ များက ယင်းတို့ကိုဝေဖန်ပြောဆိုမှု၊ အသရေဖျက်မှုများအတွက် အရပ်သားပြည်သူများကို ပြန်လည်တရားစွဲဆိုရန် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်း မျာက ခွင့်ပြုထားခြင်းမရှိသည့်အပြင် ယင်းလုပ်ရပ်များကို တားမြစ် ထားသည်ဟု အသံအဖွဲ့မှ ဖော်ပြထားသည်။
.
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အရပ်သားပြည်သူများ၏ အခြေခံရပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တရားစွဲဆိုမှုများ ထပ်မံမပြုလုပ်ရန်နှင့် အသရေဖျက်မှုဆိုင်ရာ ဥပဒေတစ်ရပ်သာ ရှိရန်လိုအပ် ပြီး တရားမမှုဖြစ်ရမည့်အပြင် ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားသည့် ကျန်ဥပဒေများကို ပြန်လည်သုံးသပ်ရန်လိုအပ်နေ သည်ဟု ဖော်ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)