ကလောင် တစ်ဘက်၊ ကင်မရာ တစ်ဘက်၊ ဂစ်တာ တစ်လက်ဖြင့် ယုံကြည်ရာကို ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းနေသူ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, November 9, 2019

ကလောင် တစ်ဘက်၊ ကင်မရာ တစ်ဘက်၊ ဂစ်တာ တစ်လက်ဖြင့် ယုံကြည်ရာကို ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းနေသူ


တေးသံရှင် စိုင်းအောင်မြတ်နှင့် တွေ့ဆုံမေးမြန်းခြင်း
.
နန်းဝင်းရီ တွေ့ဆုံ မေးမြန်းသည်။
.
ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသားများ ၏ ချစ်စရာဓလေ့၊ နေထိုင်မှု၊ ရိုးရာပွဲသဘင် စသည်တို့ကို ဝါသနာ အရင်းခံဖြင့် သတင်း၊ ဆောင်းပါးများ၊ ဓာတ်ပုံများ ဖန်တီး၍ ဘဝကို ဖြတ်သန်းရင်း အခြားတစ်ဘက်တွင်လည်း ဂီတအနုပညာလမ်းကြောင်းပေါ်တွင် ဖြည်းဖြည်း မှန်မှန်လျှောက်လှမ်းနေသူတစ်ဦး ရှိပါသည်။
.
ထိုသူမှာ ဓါတ်ပုံဆရာ၊ သတင်းသမား၊ တေးသံရှင် စိုင်းအောင်မြတ်ပင် ဖြစ်ပါသည်။ တေးသံရှင် စိုင်းအောင်မြတ်သည် အသံချိုချို အေးအေးဖြင့် ရိုးရာဟန်ကိုယ်ပိုင်သံစဉ်တေး သီချင်းစီးရီးခွေ ၆ ခွေတိတိ ထုတ်ဝေခဲ့ပြီးဖြစ် ကာယခုနှစ် တန်ဆောင်တိုင်ပွဲတော် ကာလ တွင်လည်း သတ္တမမြောက် ခြေလှမ်း အဖြစ် “မီးဆရာ အချစ်” အမည်ရ တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို ထပ်မံ ထုတ်ဝေခဲ့ ပါ သည်။
.

ကမ္ဘောဇတိုင်း။   အရင်ဦးဆုံး ဆရာ့ရဲ့ကိုယ် ရေးအကျဉ်းလေး နည်းနည်းလောက် ပြောပြ ပေးပါဦး။
စိုင်းအောင်မြတ်။ ကျွန်တော့် အမည်ရင်းက တော့ ကိုညွန့်ခင်ပါ။ အနုပညာနာမည်၊ ကလောင်နာမည်ကတော့ စိုင်းအောင်မြတ် (တောင်ကြီး) ပါ။ လူမျိုးကတော့ ရှမ်း/ဗမာပါပဲ။
.
ကမ္ဘောဇတိုင်း။   အနုပညာကို ဘယ်ချိန် တည်းက ဝါသနာပါပြီးတော့ စလုပ်ဖြစ်ပါသလဲ။
စိုင်းအောင်မြတ်။ ဝါသနာပါတာကတော့ ငယ်ငယ်လေးတည်းကပေါ့။ အသက် ၁၂ နှစ် သားလောက်တည်းက သီချင်းကို ဝါသနာပါခဲ့ တာပါ။ သူငယ်ချင်းတွေနဲ့ ဂစ်တာ တီးတာ ဆိုတာ အတူတူပေါ့။
.
ကမ္ဘောဇတိုင်း။   ဆရာအနေနဲ့ ဘယ်လိုဂီတအမျိုးအစားကို ပိုပြီးအားသန်တယ်လို့ ပြော နိုင်ပါသလဲ။
စိုင်းအောင်မြတ်။ Pop ကော Rock ကော အစုံဆိုပါတယ်။
.
ကမ္ဘောဇတိုင်း။   စုစုပေါင်းအခွေ ဘယ်နှခွေ ထုတ်ပြီးပြီလဲရှင့်။
စိုင်းအောင်မြတ်။ ဒီခွေနဲ့ဆိုရင် ၇ ခွေ ရှိသွား ပါပြီ။
.
ကမ္ဘောဇတိုင်း။   ဆရာ့အနေနဲ့ သီချင်းတွေ ကို ကိုယ်တိုင်ရေးပြီး ဆိုတယ်ဆိုတော့ ဘယ် လို အခက်အခဲတွေ ရှိပါသလဲ။
စိုင်းအောင်မြတ်။ အခက်အခဲတွေကတော့ အများကြီးပေါ့။ တချို့ ကိုယ့်အနုပညာကို အထင်သေးတဲ့ လူတွေလည်း ရှိတယ်။ ဒါပေမဲ့ ကိုယ်ကတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ကြံ့ကြံ့ခိုင်ခိုင်နဲ့ ချပြခဲ့ပါတယ်။
.
ခွေထုတ်တဲ့အချိန်မှာလည်း အခက်အခဲ အမျိုးမျိုး ကြုံရပါတယ်။ နံပါတ်တစ်ကတော့ ငွေရေးကြေးရေးပေါ့။ ကျွန်တော်တို့ အနေနဲ့ ကျတော့ ဝါသနာပါလို့ လုပ်ခဲ့တာဆိုတော့ တ ခြားနာမည်ကြီး အဆိုတော်တွေလို Producer မရှိဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင် ငွေကြေးလေးနဲ့ ပဲ ဓါတ်ပုံ ရိုက်လို့ရတဲ့ ပိုက်ဆံတွေ၊ သတင်း ထောက် လုပ်လို့ရတဲ့ ပိုက်ဆံလေးတွေ စုပြီး တော့ လုပ်ခဲ့ရတာပါ။
.
ကမ္ဘောဇတိုင်း။   အခု နောက်ဆုံး ထွက်ရှိ ထားတဲ့ မီးဆရာအချစ်ဆိုတဲ့ တေးစီးရီးအယ်လ်ဘမ် အကြောင်းကိုလည်း ပြောပြပေးပါဦး။
စိုင်းအောင်မြတ်။ ပထမတော့ ဒီနှစ်ထဲမှာ ငွေ ရေးကြေးရေး အခက်အခဲလည်းရှိတော့ ခွေမထုတ်တော့ဘူးလို့ စိတ်ကူးထားတယ်။ ဒါပေမဲ့ တူလေးလည်းဖြစ်တဲ့ တေးရေးဆရာ ထွန်း ထွန်းလင်း (MPT)က တန်ဆောင်တိုင် နီးပြီဆို တော့ သူရေးထားတဲ့ သီချင်းလေးတွေ ဆိုပေး ပါဦးဆိုပြီး လှမ်းပို့လာတယ်။ ကုန်ကျစရိတ်ကို သူခံမယ်၊ ဒါလေးဖြစ်အောင် ဆိုပေးပါဆိုတာနဲ့ လုပ်ဖြစ်သွားတာပါ။
.
ဒီခွေထဲမှာ တေးရေးတွေကတော့ ကျွန် တော်နဲ့ ထွန်းထွန်းလင်း (MPT) ၂ ယောက်ပဲ ရေးထားတယ်။ ကျွန်တော် ကိုယ်တိုင်ရေးတဲ့ သီချင်းက ၅ ပုဒ်ပါတယ်။ တူလေးရေးတာက ၃ ပုဒ်ပါတယ်။ တူလေးကို တေးရေးဆရာတစ် ယောက်အနေနဲ့ လက်တွဲခေါ်ချင်လို့ တေးရေး ထွန်းထွန်းလင်း တစ်ယောက်ထဲပဲ တပ်ထား ပါတယ်။ တီးဝိုင်းကတော့ ကျွန်တော်ဖွဲ့ထား တဲ့ Shining Arts Moon (SAM) တေးဂီတ အဖွဲ့ပေါ့။ အသံဖမ်းက SENTITO Studio မှာ သွင်းပါတယ်။
.
ကမ္ဘောဇတိုင်း။   စီးရီး Title ဖြစ်တဲ့ မီးဆရာ အချစ်ဆိုတော့ ခေါင်းစဉ်လေးကလည်း ဆန်းလည်းဆန်းတယ်ဆိုတော့ ဒီအကြောင်းလည်း ပြောပြပေးပါဦး။
စိုင်းအောင်မြတ်။ တောင်ကြီးမှာက မီးပုံးပျံ လုပ်တဲ့သူ အားလုံးကို မီးဆရာလို့ တင်စားပြီး တော့ခေါ်တယ်။ မီးပုံးပျံဆရာ၊ မီးစာဆရာ၊ ယမ်းဆရာ အဲဒီလိုကဏ္ဍအလိုက် ခွဲထားတာ တော့ရှိတာပေါ့။ အဲဒီထဲမှာ မီးဆရာလူပျိုလည်း ပါတာပေါ့။ အဲဒီလူပျိုမီးဆရာက ပွဲခင်းထဲမှာ မီးပုံးပျံ သွားလွှတ်တဲ့အခါ ကောင်မလေးတစ် ယောက်နဲ့ မျက်လုံးချင်းဆုံမိပြီးတော့ ချစ်မိသွား တာပေါ့။ ဒါပေမဲ့ ဒိုင်တွေက မီးပုံးပျံလွှတ်ခိုင်း နေပြီဆိုတော့ သူက မီးပုံးပျံကိုပဲ အာရုံစိုက်ပြီး လွှတ်လိုက်ရတော့ ပြီးတဲ့အချိန်မှာ ကောင်မ လေးက ကွင်းထဲမှာမရှိတော့ဘူး၊ ပျောက်သွား ပြီ။ ဒီတော့ နောက်နှစ်မှာ ပြန်ပြီးတော့ ဆုံမယ် ဆိုပြီးတော့ ရေးထားတာပါ။ မီးပုံးပျံအောင်သွား တယ်။ အချစ်မအောင်ဘူးပေါ့။ ဒီအကြောင်း ကို ရေးထားတာပါ။
.
ကမ္ဘောဇတိုင်း။   စီးရီးထုတ်တဲ့အခါမှာကော ဘယ်လိုအခက်အခဲတွေ ရှိခဲ့ပါသလဲ။
စိုင်းအောင်မြတ်။ အခက်အခဲကတော့ ကြုံ ခဲ့ရပါတယ်။ ထိပ်ဆုံးစလုပ်တဲ့ အခွေမှာဆိုရင် တစ်နိုင်ငံလုံး ဖြန့်ချိဖို့ ရန်ကုန်မှာ ကိုယ်တိုင် ဆင်းပြီး သွားလုပ်ရတာ။ နံပါတ်တစ် ခက်ခဲ တာတော့ စာပေစိစစ်ရေးမှာ တော်တော်ကြာ ခဲ့တယ်။ နောက် ဂီတအစည်းအရုံး၊ ရုပ်ရှင်အ စည်းအရုံးပေါ့။ အခုခွေကတော့ အဆင်ပြေပါ တယ်။ ရှုခင်းတွေ၊ မီးပုံးပျံတွေဆိုတော့ ကျွန် တော်ကိုယ်တိုင် ရိုက်ထားတာပါ။ ကျွန်တော် သီချင်းဆိုတဲ့အခန်းကျတော့ ဘော်ဒါတွေကို ရိုက်ခိုင်းရတာပေါ့။
.
ကမ္ဘောဇတိုင်း။   ဆရာ့အနေနဲ့ ကိုယ်လုပ် ဆောင်နေတဲ့ အနုပညာအလုပ်အပေါ်မှာ ကော ကိုယ့်ကိုယ်ကို ကျေနပ်အားရမှု ရှိပြီလို့ ဆိုနိုင်ပါသလား။
စိုင်းအောင်မြတ်။ ခုထိတော့ မကျေနပ်နိုင် သေးဘူးပေါ့။ ဒီထက်ပိုပြီးတော့မှ လုပ်ပြချင် သေးတယ်။ အဓိကကတော့ ငွေရေးကြေးရေး အခက်အခဲ ရှိတယ်။ ကိုယ့်ချွေးနည်းစာနဲ့ စုပြီး ရတဲ့ငွေနဲ့ဆိုတော့ တစ်နိုင်ငံလုံး အောင်မြင်ဖို့ အတွက် ကြော်ငြာဘုတ် ကပ်ဖို့ကအစ တော် တော်လေး ခက်ခဲတာပေါ့။
.
ကမ္ဘောဇတိုင်း။   နောက်ထပ်ရော အခွေတွေ ထုတ်ဖို့ ရှိသေးလားရှင့်။
စိုင်းအောင်မြတ်။ ကိုယ် ဝါသနာပါတဲ့အရာ ဖြစ်နေတော့ ရရင်ရသလို ထုတ်ပေးတဲ့လူ ရှိ ရင်လည်း ရှိပေါ့၊ မရှိရင်လည်း ကိုယ့်ချွေးနည်း စာလေးနဲ့ဖြစ်ဖြစ် အဆင်ပြေတဲ့နည်းနဲ့ ချပြနေ ဦးမှာပါပဲ။
.
ကမ္ဘောဇတိုင်း။   အခုခေတ်က အွန်လိုင်း ခေတ်ဖြစ်တဲ့အတွက် အခွေထုတ်တဲ့အချိန်မှာ ဘယ်လို အခက်အခဲမျိုး ရှိပါသလဲ။
စိုင်းအောင်မြတ်။ အွန်လိုင်း ပေါ်လာတာ တော့ ကောင်းပါတယ်။ ကိုယ့်ရဲ့ အနုပညာကို အွန်လိုင်းကနေ ချပြလို့ရတာပေါ့။ ဒါပေမဲ့ အဲ ဒီလိုတင်တဲ့အခါကျတော့ ပိုက်ဆံပြန်ရဖို့ဆို တာ ခဲယဉ်းတယ်။ ခွေလေးထုတ်မှ ကိုယ့်ပရိသတ်က အားပေးကြမယ်ဆိုရင် ကုန်ကျစရိတ် ပြန်ကာမိတာပေါ့။
.
ကမ္ဘောဇတိုင်း။   တောင်ကြီးသား တစ် ယောက်အနေနဲ့ တန်ဆောင်တိုင်ပွဲကို ဘယ် လိုမြင်သလဲပေါ့။ အမှတ်တရလေးတွေ ရှိရင် လည်း ပြောပြပေးပါဦး။
စိုင်းအောင်မြတ်။ ကျွန်တော် ကိုယ်တိုင်က လည်း တောင်ကြီးမှာမွေး၊ တောင်ကြီးမှာကြီး ခဲ့တယ်။ တန်ဆောင်တိုင်နဲ့ ပတ်သက်လို့လည်း သီချင်းတွေ ရေးခဲ့၊ ဆိုခဲ့တယ်။ ရိုးရာပွဲတစ်ခု ဖြစ်တဲ့အတွက် တန်ဆောင်တိုင်အပေါ်မှာ ငယ်ငယ်လေးကတည်းက ရူးသွပ်ခဲ့ပါတယ်။ တခြား ပြည်တွင်း/ ပြည်ပကလာကြမယ့် ဧည့် သည်တွေကိုလည်း ဖိတ်ခေါ်ပါတယ်။
.
ကမ္ဘောဇတိုင်း။   ဆရာ့အနေနဲ့ တန်ဆောင် တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ တေးသီချင်း ပြိုင်ပွဲ တွေမှာကော ဝင်ရောက် ယှဉ်ပြိုင်ဖြစ်သေးပါ သလား။
စိုင်းအောင်မြတ်။ ပြိုင်ဖြစ်ပါတယ်။ ဒီနှစ်ကို ပြိုင်ဖြစ်တယ်။ ကျွန်တော့်သီချင်းက စာသား အ နေနဲ့ကကျတော့ ဒိုင်တွေက ကြိုက်ပြီးတော့မှ ရှမ်းအိုးစည်းသံတွေ၊ ရှမ်းဗုံမောင်းသံတွေနည်း နည်းလေး အားနည်းသွားတယ်။ ကိုယ့်အား နည်းချက်ကို သိတယ်ပါတယ်။ ပထမတုန်းက ပြိုင်ဖို့ ရည်ရွယ်ချက်မရှိဘူး။ နောက်မှသီချင်း ကိုကောက်ပြီး သွင်းလိုက်တဲ့ အခါကျတော့ တီးပိုင်း အဆိုပိုင်းတွေ အားရပြီးတော့မှ ရှမ်း အိုးစည်သံတွေ မြိုင်မြိုင်ဆိုင်ဆိုင် မထည့်ဖြစ် လိုက်ဘူး။ အဲဒါ ကိုယ့်အားနည်းချက် ဖြစ် တယ်။
.
ကမ္ဘောဇတိုင်း။   အဲဒီပြိုင်ပွဲရဲ့အပေါ် ဆရာ့ ရဲ့အမြင်လေး ပြောပေးပါဦးရှင့်။
စိုင်းအောင်မြတ်။ ကောင်းပါတယ်။ တော် တော်များများ ကြိုစားကြပါတယ်။ အဓိကက တော့ ဆုရတဲ့လူတွေလည်း ပြိုင်ကြတယ်။ ဆုမရတဲ့ လူတွေလည်း ပြိုင်ကြတယ်။ ဆုမရ သေးတဲ့လူရဲ့ သီချင်းကို ဦးစားပေးပြီးတော့မှ ရွေးချယ်ပေးစေချင်ပါတယ်။ ကိုယ့်သီချင်း အ ရွေးမခံရတာက ကိုယ့်ရဲ့အားနည်းချက်ပေါ့။ အရင် ပြိုင်ပွဲ မရှိခင်တုန်းကတော့ Free ဆို ပေးဖြစ်တယ်။ ဒီနှစ်မှာတော့ ဒိုင်တွေရဲ့ လုပ် ဆောင်ချက်က မှန်ကန်ပါတယ်။ အရင်တုန်းက တော့ တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တုနိုင်ရိုးလားဆိုတဲ့ သံချပ်လေးကို ကျွန်တော် က ဟာသလေးနှောပြီး တစ်ပုံးရလို့ ၅ ပြား လှူ ဆိုပြီး ဆိုခဲ့တာ အဲဒီစကားပုံကို ဖျက်သလို ဖြစ် လို့ဆိုပြီး အပယ်ခံရဖူးတယ်။ နောက်တော့ ကိုယ့်သီချင်းကို အပြစ်အနာအဆာ မရှိအောင် လုပ်ရပါတယ်။
.
ကမ္ဘောဇတိုင်း။   နောင်လာမယ့်  တန်ဆောင် တိုင်ပွဲတော် တေးသီချင်းပြိုင်ပွဲတွေမှာ ဝင် ရောက်ယှဉ်ပြိုင်ကြမယ့် မျိုးဆက်သစ် ဂီတသ မားတွေကိုရော ဘယ်လိုအားပေးစကား ပြော ကြားလိုပါသလဲ။
စိုင်းအောင်မြတ်။ အလုပ်တစ်ခုဆိုတာ အ ပြိုင်အဆိုင်ရှိမှ တိုးတက်တယ်။ အဓိကက ကိုယ့်ပြည်အတွက် ဂုဏ်ရှိမယ့်၊ တစ်နိုင်ငံလုံး က လာကြည့်မယ့်ပွဲတော်ကြီး ဖြစ်တဲ့အတွက် ဒီပွဲတော်ကို ဂုဏ်ဆောင်နိုင်မယ့် ကောင်းတဲ့ သီချင်းလေးဖြစ်ဖို့ အရေးကြီးပါတယ်။
.
ကမ္ဘောဇတိုင်း။   ရှမ်းပြည်နယ်မှာရှိတဲ့ အနု ပညာကို ရူးသွပ်ကြတဲ့ လူငယ်တွေကို ဘယ်လို အားပေးစကားမျိုး ပြောချင်ပါသလဲ။
စိုင်းအောင်မြတ်။ ကိုယ် ဝါသနာပါတယ်ဆို ရင် ကြိုးစားပြီးတော့ လုပ်ဖို့ပဲလိုပါတယ်။ ကိုယ့် အနုပညာကို ပရိသတ် ကြိုက်တာ မကြိုက်တာ၊ နှစ်သက်တာ မနှစ်သက်တာတော့ သူတို့ အ ပိုင်းပေါ့။ ကိုယ့်ဘက်ကတော့ ပြည့်ပြည့်စုံစုံ လေးပဲ ကြိုးစားပြီး ချပြဖို့ပဲလိုတာပေါ့။ အဲဒီလို ပဲ အကြံဉာဏ် ပေးချင်တယ်။
.
ကမ္ဘောဇတိုင်း။   ဆရာ့အနေနဲ့ ဂီတ/အနုပ ညာအပြင် သတင်းထောက် အလုပ်ကိုလည်း လုပ်ခဲ့တယ်ဆိုတော့ သတင်းထောက်လုပ်ငန်း နဲ့ ပတ်သက်လို့ အတွေ့အကြုံလေးတွေကို ပြန်လည်ဝေမျှပေးပါဦး။
စိုင်းအောင်မြတ်။ သတင်း ယူတဲ့ခါကျတော့ အခက်အခဲလေးတွေ အမျိုးမျိုး ကြုံခဲ့တာပေါ့။ တစ်ခုချင်း ပြောပြမယ်ဆိုရင် အများကြီးပါ။ ကိုယ်စွန့်စွန့်စားစား ယူခဲ့ရတဲ့ သတင်းတွေ လည်း ရှိတာပေါ့။ သတင်းမှန်ကန်ဖို့ ဘယ် လောက်အထိ လိုက်ခဲ့တယ်၊ ကြိုးစားခဲ့တယ် ဆိုတာရှိခဲ့တာပေါ့နော်။ ဒါပေမဲ့ အခက်အခဲ ကတော့ အလုပ်တိုင်းမှာ ရှိတာပေါ့။ အဲဒီအ ခက်အခဲတွေ ကျော်လွှားပြီးတော့မှ အောင်မြင် အောင် လုပ်ဆောင်ရမှာပါ။
.
ကမ္ဘောဇတိုင်း။   တခြားဖြည့်စွက် ပြောချင် တာရှိရင် ပြောပြပေးပါဦး။
စိုင်းအောင်မြတ်။ ထွေထွေထူးထူးတော့ မ ရှိပါဘူး။ တေးချစ်သူတွေ အနေနဲ့ မူရင်းခွေတွေ ကို အားပေးကြပါလို့ မေတ္တာရပ်ခံ ပြောကြား လိုပါတယ်။ အခုလို တွေ့ဆုံမေးမြန်းပေးတဲ့ ကမ္ဘောဇတိုင်းသတင်းဂျာနယ်ကိုလည်း အထူး ပဲ ကျေးဇူးတင်ပါတယ်။ ထို့အတူပဲ စိုင်းအောင် မြတ်ရဲ့ အနုပညာကို တောက်လျှောက် အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောကြား လိုပါတယ်။
.
တေးသံရှင် စိုင်းအောင်မြတ်သည် ၁၉၈၀ ခုနှစ်ဝန်းကျင်မှ စတင်၍ ဂီတလောကသို့ စ တင်ဝင်ရောက်ခဲ့ပြီးနောက် “ရှမ်းပြည်နယ်ကို လာလည်ပါ”၊ “ပေါင်းစုနွှဲပျော် တောင်ကြီးတန် ဆောင်တိုင်ပွဲတော်”၊ “အင်းသားလေးတို့ လွမ်း နေမယ်”၊ “မီးပုံးပျံပွဲမှာ ဆုံကြစို့”၊ “ကမ္ဘောဇမီး”၊ “ငြိမ်းချမ်းရေးမီးပုံးပျံပွဲတော်”၊ “မီးဆရာအချစ်” စသည့် တစ်ကိုယ်တော် တေးစီးရီး အယ်လ် ဘမ် ၇ ချပ်ကို ထုတ်ဝေပြီးဖြစ်ကာ ဝါသနာတူ မိတ်ဆွေများနှင့်အတူ Shining Arts Moon (SAM) အမည်ရ တေးဂီတအဖွဲ့ကိုလည်း ဖွဲ့ စည်းတည်ထောင်ထားကြောင်း သိရသည်။
.

.

No comments:

Post a Comment

Journal Download

Photo of three cats