စိတ်မာန်မရှိဘဲ ဟိတ်ဟန်ပြည့်နေကြသူများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 14, 2019

စိတ်မာန်မရှိဘဲ ဟိတ်ဟန်ပြည့်နေကြသူများ


ကျော်လင်းထွန်း (ချောင်းဦး)
.
"ဟန်" ဆိုသည်မှာ ပါဠိစကားလုံး မာနမှ ဆင်းသက်လာသော စကားလုံးဖြစ်သည်။ ထို့ ကြောင့် ဟန်ရှိခြင်းသည် မာနရှိခြင်းဖြစ်သည်။ မာနရှိခြင်းကောင်း၏ မကောင်း၏ကို စဉ်းစား ရန်လိုသည်။ အချို့သော ဘာသာရေးစာအုပ် များတွင် မာန်မာန မထားကြရန် ရေးသားကြ သည်။ တကယ်တော့ မာန်မာန မရှိကြဖို့ မ ဟုတ်ပါ။ မာန်မာနမထောင်လွှားကြဖို့သာ မြတ် ဗုဒ္ဓက ဆုံးမခဲ့ပါ၏။
.
.
"မာန"၏ အဓိပ္ပါယ်ကို မြန်မာအဘိဓာန် တွင် ရှာဖွေကြည့်ရာ "ထောင်လွှားတက်ကြွမှု" ဟု တွေ့ရပါသည်။ အလုပ် လုပ်ကိုင်နေကြသူ များအတွက် တက်ကြွမှု ရှိရပါမည်။ သို့သော် ထောင်လွှားရန် မလိုပေ။ ဆရာဝန်သည် ပြော ဆိုဆက်ဆံရေး ရည်မွန်ဖော်ရွေစွာဖြင့် ဆေးကို ကောင်းစွာ ကုနေခြင်းမှာ ကိုယ့်ကို နှိမ်ချနေ ထိုင်ပြီး မင်္ဂလာရှိသော အလုပ် ပြုလုပ်ခြင်းဖြစ် သည်။ သို့သော် မိမိ၏ ဆေးပညာ၊ ဆေးကုသမှု ကို နားမလည်သူ တစ်ဦးဦးက ဝင်ရောက်စွက် ဖက်လာလျှင်မူ လောကအမှန်တရား (ဆေးပ ညာ) စော်ကားခံရမှုအတွက် ငြိမ်နေ၍တော့ မ ဖြစ်တော့ပါ။ စိတ်ပါလက်ပါ ဝင်ရောက်ဖြေရှင်း ရပါမည်။ ဤသည်ကို ဆရာဝန်မာန ဟုခေါ်ရ ပါမည်။ လူနာများ၏ မလေးမစား ဆက်ဆံမှုကို ငွေမျက်နှာဖြင့် အစော်ကားခံနေလျှင် ဆရာဝန် မာန မရှိသော ပျော့ညံ့သူဖြစ်မည်။ လူနာများ ကို ငါ့လောက်မသိ၊ ငါ့လောက်မတတ် ပုံစံမျိုး ဆက်ဆံခြင်းကမူ မာနထောင်လွှားမှု ဖြစ်ပါ သည်။ သို့ဖြစ်၍ မာနကို သူ့နေရာနှင့်သူ ထား တန်သလောက်၊ ရှိတန်သလောက် ရှိထားရန် လိုပြီး ထောင်လွှားမှု မရှိရန်လည်း အရေးကြီး ပါ၏။
.
" ဟိတ်"ဆိုသည်မှာ လောကီအဓိပ္ပါယ်အ ရ "ဝင့်ကြွားထောင်လွှားမှု၊ ဟန်ဆောင်ပလွှား မှု"ဟု တွေ့ရမည်။ "ဟိတ်နှင့် ဟန်နှင့်"ကို မြန် မာအဘိဓာန်တွင် "သူများ အထင်ကြီးလာ အောင် ဟန်ဆောင်မှုနှင့်"ဟု အဓိပ္ပါယ်ဖွင့်ဆို ထားပါသည်။ "ဟိတ်"ဆိုသည်မှာ လောကုတ္တ ရာ အဓိပ္ပါယ်အနေနှင့် " မူလအရင်းအမြစ်၊ အ ကြောင်းရင်းခံ"ဟု ဆိုပါသည်။ ဤဆောင်းပါး တွင်မူ "ဟိတ်"ကို လောကီအဓိပ္ပါယ်ဖြင့်သာ အသုံးပြုပါမည်။
.
"အပေါ်ယံ ရွှေမှုန်ကြဲ၊ အထဲမှာက ဖွဲ့နဲ့သ လဲ"ဆိုတာတွေကို ယနေ့ခေတ်တွင် တွေ့မြင် ရ များလှပါသည်။ ပွဲ၊ လမ်း၊ အခမ်းအနားများ တွင် မမြင်ချင်မှ အဆုံး။ "ကျီး အာ သီး"ကို ဥပ မာပြု ပြောချင်ပါသည်။ အညာဒေသတွင် ကျီး အာပင်ဟုခေါ်သော နွယ်ပင်တစ်မျိုး ရှိသည်။ ထိုအပင်မှ သီးသော ကျီးအာသီးမှာ အလွန် အင်မတန် လှပ၏။ ပင်မည့်သီးခန့်ရှိပြီး၊ အ ရောင်အဆင်းမှာ တင့်ရွှန်းဝင်းပြောနေ၍ မြင် သူတိုင်း စွဲမက်နှစ်သက်ကြပါသည်။ သို့သော် သူအတွင်းကို စွဲကြည့်လျှင် အနံ့ဆိုးလှပြီး လူ လည်းစားမရသည့်အပြင် တိရစ္ဆာန်ပင်မစားကြ ပါ။ "ပေါက်ပန်း"ကဲ့သို့ပင် အဆင်းသာလှပနေ ပြီး၊ သုံးစွဲမရသော အရာမျိုးဖြစ်သည်။ ယနေ့ ခေတ်တွင် အဝတ်အစားနှင့် အဆင်အပြင်ကို ဦးစားပေးလွန်းသူများလှပါသည်။ ဥပမာ- အ ရက်သမားက စတစ်ကော်လံအဖြူရောင် (သို့ မဟုတ်) စတစ်ကော်လံ အကျႌသန့်သန့်နှင့် ပရ ဟိတလိုလို၊ ဘာလိုလိုနှင့် တွေ့နေရသည်မှာ စိတ်ပျက်စရာကောင်းလှသည်။ ထို့ထက်ဆိုး သော ဟန်ဆောင်သူများစွာ ရှိနေသေးသည်။
.
ခေတ်ပျက်ကြီးထဲတွင် uniform အားကိုး ပြီး ရာထူး၊ အာဏာနှင့် လုပ်စားနေကြသူများ ကဲ့သို့ အပေါ်ယံနှင့် ဟိတ်ဟန် ထုတ်နေကြ သော ဝန်ထမ်းများ၊ အမတ်များနှင့် ပရဟိတ သမား စုံလှသည်။ "လူနေချုံကြား၊ စိတ်နေဘုံ ဖျား" ဖြစ်မနေကြဘဲ "ဒေါင်းယောင်ဆောင် သော ကျီး"များ၊ "သိုးရေခြုံသော ဝံပုလွေ"များ လွန်စွာပေါလှပါ၏။ စာလေးမထောက် တစ် ခေါက်ရေးကြသူများ၊ ကဗျာကို ပိုစ့်မော်ဒန်အ များစု ရေးနိုင်ပြီး စည်းနှင့် ကမ်းနှင့် နဘေကာ ရန် ကောင်းကောင်း မရေးနိုင်ဘဲ မဂ္ဂဇင်းဂျာ နယ်၊ အနည်းငယ်မှာ တမူပါဖူးကြသူများက စာရေးဆရာ၊ ကဗျာဆရာမှန်း သိစေနိုင်မည့် ဟိတ်ဟန် ဖြစ်စေနိုင်သော (လွယ်အိတ်ကြီးတ ကားကား)ပုံစံနှင့် နေတော့သည်။ မပြည့်သော အိုးများ ဘောင်ဘင်ခတ်ကြသည် မှန်သော် လည်း ထိုသို့ စာစိတ်၊ စာမာန် မပြည့်ကြဘဲ ဟိတ်ဟန်သမားများ၏ မျိုးဆက်ကလေးများအ တွက် ရင်လေးဝမ်းနည်းရမည်မှာ အမှန်ပင်ဖြစ် သည်။ စာပေသမားမှန်လျှင် စာစိတ်စာမာန်နှင့် စာကို အဆက်မပြတ် လေ့လာရင်း စာပေသ မား၏ တကယ့်အလုပ် အများကောင်းကျိုးပြု စာပေရေးသားခြင်း၊ မျိုးဆက်သစ်များ စာပေ ချစ်မြတ်နိုးလာအောင် ကြုံလျှင် ကြုံသလိုစည်း ရုံးဆွဲဆောင် လေ့ကျင့်ပေးရမည်။ မိမိက စာ ရေး၊ ကဗျာရေးရုံမျှဖြင့် စာပေသမား မဟုတ်ပါ။ ထိုနည်းတူစွာ ဂီတအနုပညာသမားကလည်း အပေါ်ယံအပြင်အဆင် (for show) decora-tion (မွမ်းမံခြယ်သမှု)ကို ရှေ့တန်းတင်ပြီး ရိုး ရာအမွေအနှစ် မထိန်းသိမ်းနိုင်လျှင်၊ အသစ်တီ ထွင်မှု မပြုနိုင်လျှင် အနုပညာစိတ်မာန် မရှိဘဲ ဟိတ်ဟန်ပြည့်နေကြသည့် သင်္ကြန်အမြောက် အနုပညာသမားမျှသာ ဖြစ်နေပါလိမ့်မည်။
.
ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်၊ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ် စသော နိုင်ငံရေးစနစ် အနှစ် သာရများ၊ ကောင်းကျိုး ဆိုးကျိုးများ၊ ခေတ်ရေ စီးကြောင်း လူထုစရိုက်နှင့် လျော်ညီထွေမှု ရှိ မရှိ မသိဘဲ ပါတီပဲ နိုင်လို့သာ အမတ်ဖြစ်။ ယူ နီဖောင်းဝတ်ပြီး ဟိတ်မာန်တစ်ခွဲသားနှင့် နိုင်ငံ ရေးစိတ်မာန် မရှိသူများလည်း မြင်တွေ့ကြား သိနေရသည်မှာ စိတ်ပျက်စရာကောင်းတော့သည်။
.
လောကီရေးရာဘက်တွင် သာမက လော ကုတ္တရာဘက်တွင်လည်း ထိုနည်း လည်း ကောင်းပင် ဖြစ်ပါသည်။ ရိပ်သာတွင် ယောဂီ တို့မှာ ခြိုးခြံစွာ ကျင့်ရမည့်အစား သူဌေးယော ဂီအကြိုက် Air.con အိပ်ခန်းများ၊ ရေပူရေအေး ရေချိုးခန်းများ၊ ခမ်းနားသာယာသော car.par-king များမှာ ရိပ်သာမှ ဟုတ်ပါလေစ။ ဟိုတယ် များလားဟု ထင်ယောင်မှားအောင်ပင် ဆင် ယင်ထုံးဖွဲ့ထားတော့သည်။ အချို့ရိပ်သာများ တွင် Sunday meditation (တနင်္ဂနွေ တရား ထိုင်ခြင်းကို ပြုလုပ်လေ့ရှိသည်။ ထိုတရားထိုင် ခြင်းမှ အပြန် အချို့သော ယောဂီ(သူတို့အခေါ်) များက ဓာတ်ပုံအရိုက်ခံပြီး facebook တင်။ ရိပ်သာတွင် တရားထိုင်စဉ် ဓာတ်ပုံရိုက်ခွင့်မရ သူများက အပြန်ရိပ်သာပေါက်ဝ ဓာတ်ပုံရိုက် ခံပြီး Online ပေါ်တင်။ အိမ်ရောက်တော့ စား လိုက်တဲ့အစား၊ ပြောလိုက်တဲ့စကား၊ တရားမ ပါတဲ့ အကြွား။ ခန္ဓာငါးပါး၊ ဘာဝနာ၊ ပဋိစ္စသမု ပ္ပါဒ် သိမသိ၊ ဓမ္မစိတ် ဓမ္မမာန် ရှိမရှိမှာ သူတို့ ဟိတ်ဟန်ကြည့်ရုံနှင့် သိသာပါသည်။ ခြိုးခြံ ကျင့်ကြံကြရမည့် သူတော်စင်၊ သီလသိက္ခာ ရှင်တို့မှာလည်း ထိုနှယ်လည်းကောင်းပင် တ ရားစိတ် တရားမာန်ထက် ပကာသနဟိတ် ပ ကာသနဟန်ကို ဦးစားပေးလွန်းသည်မှာ အား လုံးအသိပင် ဖြစ်ပါသည်။
.
ပညာရေးဘက်တွင်လည်း အသေးစိတ် ရေးပြလျှင် ဆောင်းပါးသာ ရှည်သွားမည် ရေး မကုန်နိုင်ပါ။ မနေ့တစ်နေ့ကမှ တက္ကသိုလ် ရောက်သည့် ကလေးက ဂိုက်ပေးကြမ်းလွန်း လှသည်။ ယခင်ခေတ်များက တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများလည်း ဂိုက်ပေး ကြ၏။ သို့သော် ကိုယ့်မိဘ၏ အခြေအနေနှင့် ကိုယ့်မိဘ ဂုဏ်သိက္ခာကို ငဲ့ကြည့်ကြသူကများ သည်။ ယနေ့ခေတ်တွင် မိဘမျက်နှာ တစ်ချက် မငဲ့ကွက်ဘဲ "မင်းကတော် ညွန့်မေ" ကဲ့သို့  ကျောင်းသူက များလွန်းသည်ဟု ထင်မိသည်။ ကျောင်းသားများကလည်း ကျောင်းသားမာန မငဲ့ကွက်၊ ယောကျ်ားမာန် ယောက်ျားစိတ် ပျောက်ကုန်ကြပြီး ဆံထုံးနောက်ကြောင်ပါ ပါ နေကြသည်။ အနှစ်သာရထက် အပျော်ဦးစား ပေးလွန်းကြပြီး ပညာရေးထက် ကိုယ့်အတွက် ထင်ပေါ်ပလွှားရေး (ဟိတ်ဟန်)ကိုသာ တွင် တွင်ကြီး ကြိုးစားအားထုတ်ဟန် လုပ်နေကြသူ က များလွန်းနေပါသည်။
.
ကိုယ်ပိုင်ကျောင်းများ၊ ကိုယ်ပိုင်ဆေးရုံ များကလည်း ဝန်ဆောင်မှုကောင်းကောင်းပေး ရန်ဟူသော ရည်ရွယ်ချက်များနှင့် ထူထောင် ကြခြင်းမှာ မှန်ပါ၏။ ထိုဝန်ဆောင်မှု အတွက် ဝန်ဆောင်ခငွေကြေးကလည်း ကြောက်ခမန်း လိလိပင် ဖြစ်သည်။ ပုဂ္ဂလိက ဝန်ဆောင်မှုဆို တော့ အစိုးရကျောင်း၊ အစိုးရဆေးရုံများထက် ဝန်ဆောင်မှု ကောင်းတာတော့ဖြင့် မှန်ပါ၏။ ကျောင်းဆိုလျှင်လည်း Special class က ကြွေ ပြားခင်း၊ Air-con တပ်ဆိုတော့ Special စျေး။ ဆေးရုံတွေကလည်း ရိုးရိုးနှင့် Cial ဝန်ဆောင် မှု တန်ဖိုးချင်း ကွာလှသည်။ စီးပွားရေး ရော ယှက်နေသော ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ် နေ၍ လူတန်းစားခွဲခြားမှု ရှိလာသည်။ သန့်ရှင်း သပ်ရပ်မှု၊ ကြိုပို့ဝန်ဆောင်မှု စသော facilities များအရ အခန့်သား၊ ကျော့ကျော့မော့မော့ ရှိ လှသော်လည်း တကယ်လိုအပ်သော ယဉ် ကျေးလိမ္မာ၍ ပညာတတ်မြောက်ရေးနှင့် မြန် ကောင်းသက်သာ ကျန်းမာလာရေး အားနည်း နေလျှင် ဟိတ်ဟန်နှင့် ငွေတောင်းစီးပွားရှာ ခြင်းပင် ဖြစ်တော့မည်။
.
လူမှုအဖွဲ့အစည်းကြီး တရားမျှတစေရန်၊ လူသားအချင်းချင်း စာနာနားလည်ပြီး ဘဝတန် ဖိုး ရှိလာစေရန် စိတ်မပါဘဲ ဟန်ဆောင်နေ သော အကျင့်စရိုက်များ ရှောင်ရှားကြရမည်။ အဓိပ္ပါယ်ရှိရှိ ရှင်သန်ရပ်တည်သော လူ့အ သိုင်းအဝိုင်းကြီး ပေါ်ထွန်းလာစေဖို့ မိမိတို့ အ လုပ်ကို ဟိတ်ဟန်ပကာသန ကင်းကင်းနှင့် လူ့ ဘောင်လောကအတွက် စိတ်မာန်အပြည့်ဖြင့် သာ အလုပ်လုပ်ကိုင်ကြပါစို့ဟုသာ လက်တွဲ ဆွဲခေါ်ကြရန် လိုတော့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats