သတင်းဆောင်းပါး ဆိုရာဝယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 28, 2019

သတင်းဆောင်းပါး ဆိုရာဝယ်


မင်းဇော်မင်း
.
စာရေးဆရာ (သတင်းစာဆရာ)ဆိုတာ ခေတ်ကို အမီလိုက်ဖို့ မဟုတ်ဘူး၊ အမီလိုက်လို့ကတော့ ခေတ်ရဲ့ နောက်မြီး ဆွဲပဲ ဖြစ်နိုင်တယ်၊ စာရေးဆရာဆိုတာ ခေတ်ကို ရှေ့ဆောင် နိုင်သူ ဖြစ်ဖို့ လိုတယ်။
.
လူထု စိန်ဝင်း
.
.

 ဆောင်းပါးကောင်း တစ်ပုဒ် Profile Feature တွင်လည်း ၄င်း၏ ဘဝဖြတ်သန်းမှု၊ တွေ့ကြုံရသည့် အခက်အခဲများ၊ လောကဓံ ဆိုးများ သို့မဟုတ် အားကျဖွယ် အကောင်းများဖြင့် အချက်အလက်များ၊ ဘဝဖြတ်သန်းမှု နေ့စွဲများ၊ နု/ရင့် အတွေးအခေါ်များဖြင့် ဖော်ပြနိုင်သလို ပေါင်းစပ် Complex Feature တစ်ပုဒ်တွင်လည်း တူရာစု သတင်းအချက်အလက်များအပေါ် အခြေခံကာ ကွဲပြားခြားနားသည့် ပတ်ဝန်းကျင် သရုပ်များဖြင့် ပုံဖော် ရေးသားနိုင်ပေသည်။

.
စာပေ လောကတွင် ဆောင်းပါးနှင့် သတင်းဆောင်းပါးများ အကြောင်း အလျဉ်းသင့်လာသဖြင့်  ခေတ်စနစ်ကို အမီ မလိုက်နိုင်သည့်နောက်မြီးဆွဲ ဆောင်းပါးများထက် ခေတ်ကို ရှေ့ဆောင်သည့် သတင်းဆောင်းပါးများ အကြောင်းကို သတင်းစာ ဆရာကြီး လူထုစိန်ဝင်း၏ ဒီမိုကရေစီဆိုတာ နောက်ဆုံး ပန်းတိုင် မဟုတ် စုပေါင်းဆောင်းပါး စာအုပ်မှ စကား အဖွင့် ဖြင့် ဆောင်းပါးများအကြောင်းမှ လည်းကောင်း၊ သတင်းစာပညာ သင်တန်းများနှင့် သတင်းအတတ်ပညာသင်ခန်းစာ စာအုပ်များ တွင် ပါရှိသည်များကို လည်းကောင်း အခြေခံကာ ရေးသားရ ခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။
.
သတင်းစာလောကတွင် သတင်းဆောင်းပါး တစ်ပုဒ်သည် သတင်း ၁၅ ပုဒ်ဖြင့် တူညီသည်ဟု ဆိုရိုး ရှိသလို သတင်း ဂျာနယ်များတွင် ဆောင်းပါးများကို အထူး ဖော်ပြနေကြပြီး ယင်းဆောင်းပါးများမှာ စာဖတ်သူများကို သိစေလိုသည့် အကြောင်းအရာများနှင့်လူပုဂ္ဂိုလ်များအား စုစည်းဖော်ပြခြင်းပင် ဖြစ်ကြောင်း ရည်ရွယ်ပေသည်။
.
သတင်းလောကတွင် သတင်းကို(Hard News)ဟု ခေါ်ဆို ကြပြီး သတင်းဆောင်းပါးကိုမူ(Soft News)ဟု ခေါ်ဆိုကြ ပါသည်။ သတင်းများမှာ လက်ရှိ ဖြစ်ပေါ်နေမှု ကာလ ကိုသာ ရည်ညွှန်းနိုင်ပြီး မိမိ၏ သုံးသပ်ဝေဖန်ချက်များ လုံးဝ ထည့်သွင်းမရေးသားနိုင်သော်လည်း သတင်းဆောင်းပါးတွင် မူ အနာဂတ်ကို ရည်ညွှန်းပြီး အတိတ်ဖြစ်ရပ်များကို သာဓက ပြကာ ပစ္စုပ္ပန်တွင် ဖြစ်ပျက်နေသည်များကို ဖော်ညွှန်း ဖွဲ့ဆို ခြင်း ဖြစ်သည်။ သတင်းဆောင်းပါးသည် ရသထက် သုတ ကို အချက်အလက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး စိတ်ကူး ဖွဲ့ဆိုမှု Fiction မပါဝင်သလောက်ရှိသည်ကို တွေ့ရှိ ကြရပေ မည်။
.
သတင်း တစ်ပုဒ်၏ အင်္ဂါရပ်ဖြစ်သည့် ပိရမစ်ဇောက်ထိုး (ပြောင်းပြန်)တွင် အရေးအကြီးဆုံး စိတ်ဝင်စားစရာ အကောင်းဆုံးအချက်(အဓိက)ကျောရိုး အရေးအကြီးဆုံး "ဘ" ၆ လုံးကို အထက်ဆုံးအဆင့်တွင် ဖော်ပြပြီးမှ အဖွင့် ရေးသားချက်အ ပေါ် ရှင်းပြသည့် အသေးစိတ်များ၊ ကောက်နုတ်စကားများကို ဖော်ပြကာ နောက်အဆင့်တွင် အဖွင့်နှင့် ပတ်သက်၍ ဆက်စပ် မှု နောက်ခံသမိုင်းကြောင်းကို ဖော်ပြပြီး ပိုပြီးပြည့်စုံသည့် အ ချက်များ၊ အသေးစိတ်များ၊ ကောက်နုတ်စကားများ၊ နောက်ခံ သမိုင်းများကို လိုအပ်ချက်အရ ထပ်မံဖော်ပြလိုက ဖော်ပြပြီးမှ အရေး မကြီးသည့်အချက်များကို ဖော်ပြသည်။
.
သတင်းဆောင်းပါး တည်ဆောက်ပုံတွင် သတင်းတွင်ကဲ့ သို့ ပိရမစ်ပြောင်းပြန် ပုံစံ မလိုအပ်ဘဲ သတ်မှတ်ထားသည့် ပုံစံ မရှိ လွတ်လပ်သော ရေးသားစီးဆင်းမှု ပုံစံဖြင့် ရေးသား လေ့ ရှိကြသည်။ သတင်းဆောင်းပါး တစ်ပုဒ်တွင်မူ အင်္ဂါရပ် များအနေဖြင့် အဖွင့်၊ အညွှန်း၊ စာကိုယ်၊ အဆုံးသတ်(အပိ်တ်)ဟု အကြမ်းအားဖြင့် သတ်မှတ်ဖော်ပြကြသည်။ ဆောင်းပါးကို စာမျက်နှာ အရှည်အားဖြင့် မဂ္ဂဇင်းဆိုလျှင် ၆/၇ မျက်နှာမှ ၁၄/၁၅ မျက်နှာအထိ၊ အပတ်စဉ်ထုတ်များတွင် စာမျက်နှာ ၃/၄ မျက်နှာခန့်နှင့် သတင်းစာ/အွန်လိုင်းများတွင် စာမျက်နှာ ၁/၂ မျက်နှာခန့် ဖော်ပြကြပေသည်။
.
သတင်းဆောင်းပါးဆိုသည့်အတိုင်း သတင်းအင်္ဂါရပ်များ ပါဝင်ပြီး သတင်းက မပေးနိုင်သည့် အရောင်များ၊ မြင်ကွင်းများ လူသားဆန်မှု Humanize ခံစားမှုများ၊ ထဲထဲဝင်ဝင် တင်ပြ ချက်များ ပါဝင်သည့် ရေးသား ဖော်ပြမှုများဖြင့် တန်ဆာ ဆင်ထားပေသည်။လတ်တလောဖြစ်ပျက်မှုများနှင့် ချိတ်ဆက်မှု၊ ပြီးခဲ့သည့် သတင်းအဖြစ်အပျက်များနှင့် ချိတ်ဆက် ထားရှိ ပြီး လူ စိတ်ဝင်စားသည့် အရေးအသားများဖြင့် မိမိ၏ အာ ဘော်နှင့် အမြင်များကို အများအားဖြင့် မထည့်ဘဲ ရေးသား တတ်ကြကြောင်း ဖွင့်ဆိုသည်။
.
သတင်းဆောင်းပါးတွင် သီထားသည့် ကြိုးရှိသည်။ တစ်ခါ တစ်ရံ ဆောင်းပါး၏အဆုံးသည် အဖွင့်တွင် စခဲ့သည့် နေရာသို့ ပြန်ရောက်စေပြီး အဆုံးသတ်လေ့ ရှိသည်။ ဖြစ်စဉ်(အချိန်)အားဖြင့် စီကာစဉ်ကာ ဖော်ပြသွားပြီး ဆောင်းပါး၏ အမြင့်ဆုံး သို့ ခေါ်သွားစေသည်။ ရေးသားရာတွင် ပတ်ဝန်းကျင် အဖြစ် အပျက်ကို Narrative ပုံစံဖြင့် ရေးသားခြင်း၊ ပထမလူ (1st Person) နေရာမှ မိမိကိုယ်တိုင် အတွေ့အကြုံကို ပြန်ပြောပြ သည့် သဏ္ဍာန်ဖြင့် ရေးသားခြင်း၊ လူအများ ကြုံတွေ့နေရသည့် ပြဿနာမျိုးကို လူတစ်ဦးက ခံစားနေရသော ပုံစံမျိုးဖြင့် ရေး သား တတ်သလို ခြုံငုံဖော်ပြခြင်းထက် အသေးစိတ် ဖော်ပြ ရေးသားတတ်ပြီး အခြေအနေ တစ်ရပ်လုံးကို ကိုယ်စားပြု ရေးသားတတ်ကာ နေရာတစ်နေရာကိုလည်း အရောင်အသွေး စုံ သရုပ်ဖော်ခြယ်မှုန်း ရေးသားပြတတ်ပါသည်။
.
အဖွင့် (Lead) ရေးသားရာတွင် သတင်းကဲ့သို့ အရှည် သတ်မှတ်ချက် သီးသန့် မရှိ၊ ၂/၃ ပိုဒ်ထက်လည်း ရှည်နိုင်   သော်လည်း ၄ ပိုဒ် ထက် မပို်သင့်ပေ၊  သတင်း ရေးသားသကဲ့သို့ "ဘ" ၆ လုံး ဖြစ်သည့် ဘယ်သူသတင်းထဲတွင်ပါဝင် ပတ်သက် နေသလဲ Who  အရေးကြီးတာ စိတ်ဝင်စားစရာဘာဖြစ်သေး လဲ -What၊ ဘယ်မှာဖြစ်တာလဲ၊ Where -ဘယ်အချိန်တုန်းက ဖြစ်တာလဲ-When၊ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ-Why/ဘယ်လိုဖြစ်တာလဲ- How တို့  ၃/၄ လုံး ပါဝင်ဖို့ မလိုဘဲ ဖြစ်ရပ် ဖြင့် အဖွင့်ကို ရေးသားရာတွင် အပြန်အလှန် ပြောစကား၊ အမှာစကား၊ မှတ်သားဖွယ် စကားများ၊ နောက်ခံ သရုပ်ဖော် ဆွဲဆောင်မှုများဖြင့် ဆွဲဆောင်မှု ရှိစွာ ရေးသားတတ်ပြီး မတူ ခြားနားခြင်းကို နှိုင်းယှဉ်ပြသော အဖွင့်/အပိတ်၊ ဆင်းရဲ/ချမ်း သာ၊ မြင့်မြတ်ခြင်း/ ဆိုးယုတ်ခြင်း၊ ကြင်နာခြင်း/ရက်စက်ခြင်း၊ ခေတ်သစ်/ခေတ်ဟောင်း စသည်များဖြင့် ရေးသား၍ ဖွင့်ဆို တတ်သည်။
.
Quote ခေါ် စကားပြောတွင် အားကောင်းသော၊ ကောင်း မွန်သော ကုတ်များဖြင့်လည်း သတင်းဆောင်းပါးများကို ဖွင့် ကြသည်။ ယင်းကုတ်ဖြင့် ဆက်စပ်ရေးသားမည့် စာကိုယ် ထဲတွင် ပြောမည့် အကြောင်းအရာသည် တိုက်ရိုက်ဆက်စပ်နေရမည်ဟု သတ်မှတ်သည်။
.
အနှစ်ချုပ် (NUT Graf) တွင် ဘာအကြောင်းရေးသည် ဆိုသည်ကို စာကိုယ်တစ်ခုလုံးတွင် ပါဝင်သည့် အကြောင်းအ ရာကို အကြိုမိတ်ဆက်ပေးသည့် စာပိုဒ်အဖြစ် အနှစ်ချုပ် ဖော်ပြခြင်းဖြစ်ပြီး အသေးစိတ် ဖော်ပြချက်များ၊ Quote များ၊ နောက်ခံ အချက်အလက်များ ပါဝင်သည့် Body မဖော်ပြမီ သတင်း ဆောင်းပါးအကြောင်း အနှစ်ချုပ် ဖော်ပြသည့် စာပိုဒ် လည်း ဖြစ်သည်။ ဇာတ်၏ကျောရိုးအကြောင်းအရာကို ဖွင့်ဆို ရှင်းပြခြင်းလည်း ဖြစ်ပါသည်။
.
စာကိုယ် Body သည် အကူးအပြောင်း၊ အကြောင်းအရာ တစ်ခုမှ တစ်ခုသို့ ဆက်စပ်၍ ယုတ္တိအစီအစဉ်တို့ဖြင့် ချိတ်ဆက် ထားလေ့ရှိပြီး နောက်ခံ သတင်းအချက်အလက်များ၊ အပြန်အ လှန်ပြောစကားများ၊ အမေးအဖြေများ၊ အသံများကို ပါဝင်ရေး ဖွဲ့ကြသည်။
.
အပိတ်(Ending/Kicker) သည် အဖွင့်တွင် စခဲ့သည့် ပုဂ္ဂိုလ်/အကြောင်းအရာနှင့် အပိတ်တွင်အဆုံးသတ်ဖို့ ယေဘူယျအားဖြင့် အကြံပြုထားကာ (၀)လုံးရေးသည်နှင့်သဏ္ဍာန်တူ ပြဿနာတစ်ရပ်/အကြောင်းအရာ တစ်ရပ်ကို ပြီးပြည့်စုံအောင် ပြောဆိုပြီးသည့် သဘောအဖြစ် သတ်မှတ်သည်။ သို့သော် ထိုအတိုင်း အစဉ်ဖြစ်ရမည်ဟု မဆိုလို၊ ပြောစကား ကောင်း ကောင်း၊ အားကောင်းသော ထိမိသော စာဖတ်သူကို ခံစားချက် ပေးနိုင်သော တိုက်ရိုက်စကားပြောစကား Quote ဖြင့်လည်း ပိတ်လေ့ ရှိကြသည်။
.
ဆောင်းပါးကို  ဟန်ပုံစံအနေဖြင့် စကားပြောပုံစံ၊ စာပုံများ ဖြင့် အများဆုံး ရေးတတ်ကြပြီး ကျွမ်းကျင်သူများ အနေဖြင့်လည်း ရောနှော ရေးတတ်ကြသည်။ ဖွဲ့သီမှုတွင်လည်း ကျောရိုး (Theme) ကို သတင်းရှုထောင့်အနေဖြင့် ထားကာ ဇတ်အိမ် (Plot)များ၊ ဇာတ်အိမ်ခွဲ(Sub-plot) များဖြင့် ပင်မ/အခွဲ/အ တက်/အဖွာများဖြင့် ချိတ်ဆက်ရေးသားကြပါသည်။
.
ဇာတ်အိမ် တစ်ခုတွင် ဇာတ်ဖွင့်/ ခြေဆင်း/ ဇာတ်ပို့/ ဇာတ် တက်/ ဇာတ်ထွဋ်(Sumit)/ ဇာတ်ထွဋ်၏ ဇာတ်ထွဋ်/ ဇာတ် ဆင်း/ ဇာတ်သိမ်း ဆို၍ ရေးနိုင်သမျှ ဖွဲ့နိုင်သမျှ ယေဘူယျအား ဖြင့် ဖွဲ့ကြသည်။ ဇာတ်၏ အရှိန်ကိုလည်း အလေး/ အပင်/ အ ဖိ/အဖော့/ အဖြေ/ အလျော့ အပိတ်များဖြင့် ဖွဲ့သီတတ်သည်။
.
ဆရာကြီးဦးအောင်သင်း၏ စာပေဆိုင်ရာဆောင်းပါးများစာအုပ်တွင် ဇာတ်ကောင် စရိုက်များအနေဖြင့် Flat Charter ကို စရိုက်သေ သို့မဟုတ် စရိုက်ပြားဟု သတ်မှတ်သကဲ့သို့ Rounded Charter ကိ်ု စရိုက်ရှင် (သို့မဟုတ်) စရိုက်လုံးဟု သတ်မှတ်ကြပြီး စရိုက်ရှင် ဟန်ဆောင်သည့် စရိုက်သေကို Pretending toBe Rounded Charter ဟု သတ်မှတ်ရယူကြကြောင်း ဖော်ပြထားသည်။
.
ယင်းစာအုပ်တွင်ပင် ဇာတ်လမ်းကောင်း တစ်ခု ဆိုရာဝယ် ကံဆိုး မိုးမှောင်ကျခြင်း(Catastrophe)၊ သိမြင်လာခြင်း (Knowing)၊ ရည်ရွယ်ချက် ပြောင်းပြန်ဖြစ်ခြင်း(Reverssal of Intention) တို့ ပါဝင်လေ့ရှိသည်ဟု ဖော်ပြထားသည်။
.
မွန်တီခရစ်စတို မြို့စားကြီး (The Count of Monty Christo) / ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင် မမယ်မ ဝတ္တုတို့တွင် အပြစ်မရှိဘဲ အပြစ်ပေးခံရမှု၊ ရည်မှန်းချက်နှင့် ဘဝ များ ပျက်စီးမှုဖြင့် ကံဆိုးမိုးမှောင်ကျခြင်းများကို ရေးဖွဲ့ ပြီင်၄င်းလုပ်ကြံ ခံရသည်ကို သိမြင်လာကာ ပထမဘဝ ရည်မှန်း ချက်မှ လက်စားချေခြင်း ရည်မှန်းချက်အရ ရည်ရွယ်ချက် ပြောင်းပြန်ဖြစ်ခြင်းတို့ဖြင့် ဇတ်လမ်းကောင်း တစ်ပုဒ်အဖြစ် တိုင်းတာမှုကို စာပေနယ်တွင် စံထားကြသည်။
.
ဆောင်းပါးကောင်း တစ်ပုဒ် Profile Feature တွင်လည်း ၄င်း၏ ဘဝဖြတ်သန်းမှု၊ တွေ့ကြုံရသည့် အခက်အခဲများ၊ လောကဓံ ဆိုးများ သို့မဟုတ် အားကျဖွယ် အကောင်းများဖြင့် အချက်အလက်များ၊ ဘဝဖြတ်သန်းမှု နေ့စွဲများ၊ နု/ရင့် အတွေးအခေါ်များဖြင့် ဖော်ပြနိုင်သလို ပေါင်းစပ် Complex Feature တစ်ပုဒ်တွင်လည်း တူရာစု သတင်းအချက်အလက်များအပေါ် အခြေခံကာ ကွဲပြားခြားနားသည့် ပတ်ဝန်းကျင် သရုပ်များဖြင့် ပုံဖော် ရေးသားနိုင်ပေသည်။
.
သတင်းဆောင်းပါး ဆိုသည့်အတိုင်း သတင်းတစ်ပုဒ်၏ အင်္ဂါရပ်များနှင့် ဆောင်းပါး၏ အင်္ဂါရပ်များကို ပေါင်းစပ်ချိတ် ဆက်ကာ ရေးဖွဲ့ခြင်းဖြင့် သတင်းဆောင်းပါး ရရှိစေသည်ကို သဘောပေါက်ကြမည်ဟု ယူဆပါသည်။
.
သတင်းဆောင်းပါး အမျိုးမျိုး ရှိရာတွင် သတင်းဦး သ တင်းထူး တစ်ပုဒ်မှာ ပါသည့် အကြောင်းအရာ တစ်ခုကို အ ချိန်မီ ဒါ ဘယ်လိုဖြစ်တာ၊ ဒီအဖြစ်ရဲ့ သက်ရောက်မှု ရှေ့အ လားအလာများ အကြောင်းကို ရှင်းလင်းရေးသားသည့် သ တင်း ဆောင်းပါး၊ သို့တည်းမဟုတ် သတင်း သုံးသပ်ချက် ဆောင်းပါး၊ တိရစ္ဆာန်၊ လူ၊ ကလေးငယ်များ၊ ကြေကွဲ ဝမ်းနည်း စရာ အဖြစ်မျိုး၊ ဝမ်းသာ/ဝမ်းနည်းဖြစ်စရာ ဆောင်းပါးမျိုး အပြင် နေရာဒေသ တစ်ခုအကြောင်း ဖော်ပြသည့် ခရီးသွား ဆောင်းပါးမျိုး သာမက တစ်စုံတစ်ယောက်၊ လုပ်ငန်း တစ်ခု၊ အစိုးရတစ်ဖွဲ့၊ ဌာနတစ်ခုက တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုး စားနေသည့် အခါမျိုးတွင် သေချာစွာ အကွက်ချ၊ အင်တာ ဗျူးနှင့် ဖြစ်ခဲ့တဲ့နေရာတွေဆီ အရောက်သွားကာ အထောက် အထား မှတ်တမ်းတွေကို သုတေသန လုပ်၊ ခွဲခြမ်း စိတ်ဖြာ သ တင်းလိုက်ပြီး ထောက်လှမ်း စုံစမ်းရေးသားသည့် ဆောင်းပါး မျိုးများ ရှိကြောင်းကိုလည်း ညွန်းဆိုလိုသည်။ အချို့က Satire သရော်စာကိုလည်း ဆောင်းပါးအမျိုးအစား တစ်ခုအဖြစ် ထည့် သွင်းပါသည်။
.
Yangon Journalism School မှ ၂၀၁၉ ခုနှစ်တွင် ပေး အပ်သည့် Feature Writing Awards 2019 သတင်းဆောင်း ပါးဆုရ အမျိုးမျိုးသော သတင်းဆောင်းပါးများကို ရှာဖွေ လေ့ လာ သိရှိနိုင်ပါရန် ညွှန်းဆိုပါသည် -
          The Best Human Interest Feature တွင်  ဟိန်းသာ၏ အင်းစိန်မှ ရှားလော့ဟုမ်းများ
(7day News, March 15, 2018)
.
          The Best Humance Face Feature တွင် မင်းခန့်၏ ဆလုံနတ်ဆရာအို၏ နေညိုချိန်
(The Tanintharyi Weekly, Vol.5,No.39)
.
          The Best Rule of Law Feature တွင် မြတ်(ကလေး)၏ ကျောက်ဆည်က ဥပဒေစိုးမိုးရေးရှာပုံတော်
(The Voice Weekly, May 19,2019)
.
          The Best Untold Feature တွင် ချမ်းသာ ၏ Profiteering from Death
(The Myanmar Time Weekly, August 13,2018)
.
          The Best Field Reporting Feature တွင် နန်းလွင်နှင်းပွင့် ၏ မိုင်းခင်းလမ်း၊ စစ်ဘေးဒုက္ခနှင့် မယ်သဝေါဒေသ
(The Irrawaddy, February 28,2018)
.
          The Best Social Justic Feature တွင် အောင်သစ်လွင် ၏ ငရဲခန်းသို့ စာချုပ် ချုပ်၍ လိုက်မိခြင်း
(7day News, Vol,17, No 40 )
.
          The Best Enveromental Feature တွင် မိုးကျော်၏ မြစ်ဧရာရင်ခွင်တွင် ငါးမျိုးသုဉ်းလုချိန်
(7day News, Vol,17, No 3 )
.
          The Best Human Right Feature တွင် ဟေမာန်ပြည့်၏ အဓမ္မကြောင့်ရလာတဲ့ကိုယ်ဝန်ကို ဖျက်ချခွင့် ပေးသင့်၊ မပေး သင့်
( Mawkun Magazine, No 54 )
.
          The Best Public Feature တွင် အောင်ဖေကြည်စိုး ၏ လူနှင့် အနီးဆုံးရန်သူ
(The Myanmar Time Weekly, December 28, 2018)
.
          The Best Feature Award တွင် ဟိန်းကိုစိုး ၏ At The Thabaung paper mill boondoggle, land grab, adead river and a budget black hole
(Frontier March 15, 2018)
.
ဆောင်းပါးများမှာ သက်ဆိုင်ရာကဏ္ဍ အလိုက် အ ကောင်း ဆုံးဆုများ သတ်မှတ်ပေးခဲ့ကြောင်းကို သိရှိနိုင်ရန် ဖော်ပြရသလို မိမိကိုယ်တိုင် ၂၀၁၇ ခုနှစ်အတွက် မြန မာ နိုင်ငံသတင်းဆရာအသင်းမှ ပေးအပ်သည့် The Best Feature Award ဆုကို Kanbawza Tai News Weekly journal ပါ "အဆိုးဘုံ" ဆောင်းပါး ဖြင့် ပြိုင်ပွဲဝင်ဆောင်းပါးအဖြစ် မရည်ရွယ်ဘဲ ရေးသားခဲ့ခြင်းသည်လည်းကောင်း ၂၀၁၉ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖိတ်ခေါ်စာပေပြိုင်ပွဲတွင် ပထမဆုရ ဆောင်းပါး " တန်ဆောင်တိုင်ပွဲတော် ဒို့နွှဲပျော်" ဆောင်းပါးကို ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး ရေးသားခဲ့ခြင်းသည် လည်းကောင်း အထက်မှ ဖော်ပြခဲ့သည့် သတင်းဆောင်းပါး ရေးသားမှုပုံစံများအရ ရေးသားခဲ့ကြောင်း ဝန်ခံလိုပါသည်။
.
YGS က ဆောင်းပါးအမျိုးမျိုးကို လိုင်းအလိုက် ခွဲခြား ဆုပေးခြင်း ဖြစ်ပြီး MJA ကမူ တစ်နိုင်ငံလုံးမှ ဆောင်းပါးပုံစံမျိုးစုံအထဲမှ တစ်ခုကိုသာ အကောင်းဆုံးဆုပေးခြင်းဖြစ်ကာ တောင် ကြီးတန်ဆောင်တိုင်ဆောင်းပါးပြိုင်ပွဲတွင်မူ အကြောင်းအရာတစ်ခုတည်းအပေါ် ကွဲပြားစွာ ရေးသားမှုများမှ ပထမဆုကို ရွေးချယ်ပေးခြင်း ဖြစ်ပေသည်။
.
ယင်း ပထမဆုရ ဆောင်းပါးတွင် တောင်ကြီးတန်ဆောင် တိုင်ဆိုသည့် ဇာတ်ကောင်ကို မူတည်ထားကာ ၄င်း၏သမိုင်းဖြစ်တည်မှုကို တတ်စွမ်းသမျှ သတင်းအချက်အလက်များအ သေးစိတ်ဖော်ပြခဲ့ပြီး သတင်းရှုထောင့်အနေဖြင့် ၂၀၁၈ ခုနှစ် တွင်မှ ပါဝင်လာသည့် စာပေဆိုင်ရာပြိုင်ပွဲကို ဖော်ပြခဲ့ပြီး အရန် ဇာတ်အိမ်များအဖြစ် ပွဲတော်လာရင်း သွားရောက်နိုင်မည့် နေ ရာများနှင့် စားသောက်နိုင်မည့်နေရာများကို ညွှန်းဆိုခဲ့ကြောင်း၊ မီးပုံပျံပညာရှင်များ၏ အမြင်နှင့် အကြံပြုချက်များ၊ စာဖတ်ရှိန် မြှင်တင်ရေးအသင်းမှ တာဝန်ရှိသူ၏ စာပေဆိုင်ရာ ရည်ညွှန်း ချက်များနှင့် မီးပဒေသာလှည့်လည်မှု မြင်ကွင်း၊ ဘုံကထိန် လှည့်လည်မှု မြင်ကွင်း၊ မသိုးသင်္ကန်း ရက်လုပ်မှု မြင်ကွင်းများ ကို ပုံဖော်ခဲ့နိုင်ခြင်းဖြစ်ကြောင်း တင်ပြလိုပါသည်။
.
ဆိုလိုသည်မှာ ပင်မဇာတ်အိမ်အား အရန်ဇာတ်အိမ်၊ ဇာတ် အိမ်ခွဲများဖြင့် အရောင်မြင်ကွင်းစုံကို ဖော်ကျူးနိုင်မှုကို တတ်စွမ်းသမျှ ပုံဖော်နိုင်ခဲ့ခြင်းက ဆုရရှိမှု၏ အဖြေဖြစ်သည့်အတွက် သတင်းဆောင်းပါး တစ်ပုဒ်ကို အခြားစာပေဝါသနာရှင်များ၊ စာဖတ်ပရိသတ်များ လေ့လာနိုင်ပါရန် ရေးသားရခြင်း ဖြစ် ကြောင်းပါ။
.
" စာပေဆိုင်ရာပြိုင်ပွဲဟာ မီးပုံးပျံပြိုင်ပွဲ မဟုတ်လိ်ု့ ရေးသား မယ်ဆိုရင် စာပေဆိုင်ရာဆောင်းပါးပီပြင်ဖို့ လိုပါ တယ်" ဟု ရှမ်းပြည်နယ်စာဖတ်ရှိန်မြှင့်တင်ရေး ဥက္ကဌ ဖြစ်သူ ဆောင်းပါးဆိုင်ရာ အကဲဖြတ်ဒိုင် တစ်ဦး ဖြစ်သည့် ဦးအောင်ဆန်းဝင်း၏ မှတ်ချက်ကို အထူး ပြုလိုပါသည်။ ၂၀၁၉ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်စာပေဆိုင်ရာ ဆောင်းပါးပြိုင်ပွဲ သို့ စာမူ ၄၃ ခု ပေးပို့ ယှဉ်ပြိုင်ခဲ့ရာတွင် စာမူ ၃ ခုမှာ ရည်ညွှန်းချက်နှင့် မဆိုင်သလို ဆောင်းပါး မပီသသဖြင့် ပယ်ခဲ့ရပြီး စာမူ ၄၀ ကိုသာ တည်းဖြတ်ခဲ့ရကြောင်း မှတ်သား မိပါသည်။
.
ယင်းအချက်များအပေါ်မူတည်၍ လာမည့် ၂၀၂၀ ခုနှစ် အတွက် ဆောင်းပါးပြိုင်မည်ဆိုပါက ယခုနှစ်အတွင်း တွေ့ ကြုံရသည့် မြင်ကွင်းများတွင် ပရိသတ် ဘဝင်မကျသည့် ကန် ထရိုက်များကိစ္စ၊ ယာဉ်ရပ်နားခများကိစ္စ၊ ယာဉ်များပိတ်ဆို့ ကြပ် တည်းရသည့်ကိစ္စများကို မည်ကဲ့သို့ ပြုပြင်နိုင်မည့်ဆိုသည့် အကြံပြုချက်များအပြင် ခါတော်မီ အဆမတန် အမြတ်ထုတ်ကြ သည့် အင်းလေးလှေခများ၊ ဟိုတယ်ခများ စသည်တို့ကို ဖော် ပြမည်ဆိုပါက ဤဆောင်းပါး၏ အစတွင် ဖော်ပြခဲ့သည့် သ တင်း စာဆရာကြီး လူထုစိန်ဝင်း၏ အမှာစကားအတိုင်းခေတ် ကို နောက်မြီး မဆွဲဘဲ ခေတ်ကို ပြုပြင်ရှေ့ဆောင်နိုင်မည့် သ တင်းသမား၊ စာရေးဆရာတစ်ဦး ဖြစ်နိုင်ပါကြောင်းအကြံပြုလိုပါသည်။
.
နိဂုံးချုပ်ရလျှင် ဆောင်းပါးဟူသည် လူ့လောက ဖြစ်ပျက်မှု အကြောင်းအရာ အစဉ်တစ်ခုကို လူအများအာရုံစိုက် ဂရုပြုမိ စေရန် အထူူးပြု ရေးသားဖော်ပြမှု စာစုတစ်ခု ဖြစ်ပြီး သ တင်း ဆောင်းပါးဆိုသည်မှာမူ ဖြစ်ပျက်အစဉ်မှ အချက် အလက်များကို အခြေခံ၍ စုစည်းဖော်ပြသည့် သတင်းအစု ဝင် စာစုဖြစ်ပါကြောင်း တင်ပြအပ်ကြောင်းပါ။
.
" ယောနိသော မနသီကာရ "
.

No comments:

Post a Comment

Journal Download

Photo of three cats