စာဆိုနေ့ထူး သျှမ်းနှစ်ကူး - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, November 26, 2019

စာဆိုနေ့ထူး သျှမ်းနှစ်ကူး


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.

.

 လူမျိုးရှိလျှင် ယဉ်ကျေးမှု ရှိသည်။ ယဉ် ကျေးမှုသည် ပင်လယ် သမုဒ္ဒရာကဲ့သို့ပင် ကျယ်ပြောလှပါသည်။ အရေးကြီးဆုံးကား စာပေဖြစ်၏။ လူမျိုး တစ်မျိုး၌ စာပေရှိမရှိ စိစစ်ကြည့်ဖို့ အရေးကြီး ၏။ စာပေရှိမှ ယင်းလူမျိုး ရေရှည်တည်တံ့နိုင် ပါသည်။

.
လဆန်း ၁ ရက်
.
နတ်တော်လဆန်း ၁ ရက်နေ့ကို မြန်မာနိုင် ငံ၏ စာဆိုတော်နေ့ဟု သတ်မှတ်ခဲ့ကြမှာ စစ် ကြိုခေတ် မြန်မာ့လွတ်လပ်ရေး မရရှိသေးမီအ ချိန်ကပင် ဖြစ်၏။ တိုက်ဆိုင်လွန်းလှစွာပင် ကျွန်တော်တို့ ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသား တို့၏ နှစ်သစ်ကူးနေ့လည်း ဖြစ်နေပါ၏။ ပို၍ တိုက်ဆိုင်သွားရသည်မှာ ယခုနှစ် နတ်တော် လဆန်း ၁ ရက်၊ ခရစ်နှစ် ၂၀၁၉၊ နိုဝင်ဘာ ၂၇ သည် ဗုဒ္ဓဟူးနေ့ ကျရောက်နေရာ တောင်ကြီး မြို့ အခြေချ ရှမ်းပြည်နယ် ကိုယ်စားပြု ကမ္ဘောဇတိုင်း သတင်းဂျာနယ် ထွက်ရက်ဖြစ်နေပြန် ၏။ အပတ်စဉ်ထုတ် ဂျာနယ်ကို ကြာသပတေး နေ့တိုင်း ထုတ်ဟု မျက်နှာလုံးဖုံး၌ ဖော်ပြထား သော်လည်း ၁ ရက် ကြိုတင်၍ ဗုဒ္ဓဟူးနေ့ မ နက်စောစောပိုင်းမှာ တောင်ကြီးဂျာနယ်တိုက် သို့ စောရောက်နေပါပြီ။ စောရောက်တော့ လည်း တောင်ကြီးနှင့် အနီးတစ်ဝိုက် မြို့များသို့ စောဖြန့်ဖြစ်နေ၏။ ရှမ်းရှေ့၊ ကျိုင်းတုံမြို့၊ ရှမ်း မြောက် လားရှိုးမြို့သို့ ဗုဒ္ဓဟူးနေ့ ပို့နိုင်ပါမှ ကြာသပတေးနေ့မှာ ဖြန့်ချိနိုင်မည်ဖြစ်ပါသည်။
.
သတင်းဂျာနယ်ဖြစ်သည့်အားလျော်စွာ သတင်းထူး၊ သတင်းဦးများကို အချိန်နှင့် တစ် ပြေးညီပါဝင်နိုင်အောင် ဦးစားပေး ဆောင်ရွက် ကြရပါ၏။ စာပေဝါသနာအိုးများအတွက် မဖြစ် မနေပါရှိရန် လိုအပ်သော ဆောင်းပါးများကို လည်း စာမျက်နှာအရ၊ ဆောင်းပါးအတိုအရှည် အရ အနည်းဆုံး ၆ ပုဒ် ၇ ပုဒ်မှသည် ၈ ပုဒ်ခန့် အထိ ထည့်ပေးရသည်။ ရှမ်းအစိုးရ၏ တစ် ပတ်အတွင်း ဆောင်ရွက်ချက်များ သတင်းကို လည်း ဌာနဆိုင်ရာ အခန်းကဏ္ဍမှ ဖော်ပြပေး ရသည့် တာဝန်ကို မလွဲမသွေ ဆောင်ရွက်မြဲ ပါ။ ရှမ်းလွှတ်တော် အစည်းအဝေးနှင့် တိုက် ဆိုင်သော အပတ်ဆိုရင် စာမျက်နှာပိုပေးရ၍ ဆောင်းပါးကို လျှော့ရပါ၏။ အရေးမကြီးသော သတင်းများကိုလည်း ခြွင်းချန်ခဲ့ရပါ၏။ ထို့ ကြောင့် ရာသီစာဆောင်းပါးများကို ထွက်ရက် အနေအထား စာမျက်နှာပေးနိုင်သည့်အနေအ ထား စသည့်အခြေအနေ အရပ်ရပ်ပေါ် မူတည် ၍ ရွေးချယ်ထည့်သွင်းကြရသည်။ ရေးသားသူ တို့ကလည်း အလိုက်သိသိ အကြောင်းအရာ ကို လိုက်လျောညီထွေ အဖြစ်ဆုံး ကိုက်ညီ အောင် ကြိုးစားရ၏။ ကြိုတင်ရောက်ရှိဆောင်း ပါးတွေ တန်းစီနေသည့်အထဲမှာ အဖြစ်နိုင်ဆုံး ကို ရွေးထုတ်ထည့်ပေးရသဖြင့် ရေးတိုင်း မပါ နိုင်သည်ကို ကလောင်ရှင်များ နားလည်ပေးဖို့ လို အပ်ပါသည်။
.
ကျွန်တော့်အနေနှင့် ကလောင်ကိုင်နေသူ ဖြစ်လင့်ကစား စာဆိုတော်နေ့နှင့် စာပေရေး ရာ ကိစ္စများကို သိပ်ပြီးမကိုင် ဖြစ်နေတတ်ပါ။ ယခုအပတ် ထွက်ရှိမည့် အတွဲ ၅ အမှတ်စဉ် ၄၆ အတွက်ကိုမူ စာဆိုကဝိများအား ဂုဏ်ပြု သည့်အနေနှင့် စာဆိုတော်နေ့ အကြောင်းအ ပြင် ရှမ်းပြည်သားတစ်ဦးဖြစ်သည့်အားလျော် စွာ ရှမ်းအမျိုးသားတို့၏ နှစ်သစ်ကူးနေ့ အ ကြောင်းကိုပါ ပူးတွဲရေးမည် စိတ်ကူးမိ၏။ ခေါင်းစီးကိုလည်း အကြောင်းအရာ ၂ မျိုးလုံး ငုံမိစေရန် "စာဆိုနေ့ထူး သျှမ်းနှစ်ကူး"ဟု ပေး လိုက်ရပါသည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ မည်သည့် အကြောင်းအရာကိုမှ မျက်နှာမ လိုက် တန်းတူညီမျှ ဖြစ်စေပါ၏။
.
စာဆိုတော်
.
လူမျိုးရှိလျှင် ယဉ်ကျေးမှု ရှိသည်။ ယဉ် ကျေးမှုသည် ပင်လယ် သမုဒ္ဒရာကဲ့သို့ပင် ကျယ်ပြောလှပါသည်။ အရေးကြီးဆုံးကား စာပေဖြစ်၏။ လူမျိုး တစ်မျိုး၌ စာပေရှိမရှိ စိစစ်ကြည့်ဖို့ အရေးကြီး ၏။ စာပေရှိမှ ယင်းလူမျိုး ရေရှည်တည်တံ့နိုင် ပါသည်။ စာပေမရှိသေးသည့် လူမျိုးသည် သ မိုင်း၌ ရေရှည် တည်ရှိနေဖို့ ခက်ခဲပါမည်။ လူမျိုး ကွဲလျှင် ဘာသာစကား ကွဲသည်မှာ အထူး ပြောစရာ မလိုပါ။ အဆင့်မြင့်မြင့် ယဉ်ကျေးမှု ရှိသော လူမျိုးတို့၌သာလျှင် ကိုယ်ပိုင်စာပေ ရေးသားမှတ်တမ်းတင်မှု ရှိနိုင်သည်။ မြန်မာနိုင် ငံ၏ ရှေးခေတ် တစ်ချိန်တုန်းက ပျူလူမျိုးတို့ ၏ ယဉ်ကျေးမှု အလွန် ထွန်းကားပြီး အဆင့်အ တန်းမြင့်မားခဲ့ကြဖူးပါသည်။ တရုတ်ပြည်သွား ပျူယဉ်ကျေးမှုအဖွဲ့၏ အတီးအမှုတ် အကအ လှတို့ မည်မျှသာယာနာပျော်ဖွယ်ကောင်းပြီး မည်မျှ ကကွက် ညက်ညော၊ အဆင့်အတန်း မြင့်လှကြောင်း၊ တရုတ်တို့ကပင်လျှင် ချီးကျူး မှတ်တမ်းတင်ခဲ့ကြရ၏။ အဓိပ္ပါယ်မှာ တရုတ် တို့ထက် အနုပညာအဆင့် ပိုမိုမြင့်မားကြောင်း သက်သေတစ်ရပ်ပါ။ သို့ပါသော်လည်း မျက် မှောက်ခေတ်တွင် ပျူလူမျိုး ဆိတ်သုဉ်း ပျူ ယဉ်ကျေးမှုပျောက်ကွယ် ကျောက်စာထက် ပေါ်၌ ပျူစာကျန်ရစ်သေးသော်လည်း ပျူစာမ ဖတ်တတ်၊ ပျူစကားမကြားစဖူးတော့ပါ။ စာပေ ရှိခဲ့သည့် အဆင့်မြင့် ယဉ်ကျေးမှုပိုင်ရှင် ပျူလူ မျိုးတို့တောင် ပပျောက်သွားနိုင်လျှင် စာပေ မရှိသော လူမျိုးစုငယ်တို့ အလွယ်ပျက်ပြုန်း အဆုံးသတ်သွားနိုင်သည်ကို ကျွန်တော်တို့ လက်ခံကြရပါတော့မည်။
.
ရှေးမင်းအဆက်ဆက်တို့ နန်းတွင်းစာဆို ရှင်များ ပညာရှိကဝိများကို မြှောက်စားခဲ့ကြစ မြဲ ဖြစ်ပါသည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းလျှင် ယဉ်ကျေးမှုသည်လည်း ဖွံ့ဖြိုးတိုးတက် လာရမြဲဖြစ်၏။ စာပေဖြင့် ရေးသားမှတ်တမ်း တင်ထားမှုများသည် ရေရှည်တည်နေနိုင်၏။ ကျန်ယဉ်ကျေးမှုတို့ ယိုယွင်းကျဆင်းသွားနိုင် သော်လည်း စာပေကတော့ ကြွင်းကျန်ရစ်မြဲ ပါ။ ခေတ်တစ်ခေတ် စစ်မက်ဖြစ်ပွားမှု များပြား နေလျှင် စာပေအဆင့်အတန်း ကျသွားရ၏။ စည်ပင်ဝပြောတည်ငြိမ်သည့် ခေတ်ဆိုလျှင် ယဉ်ကျေးမှုတို့ အရှိန်အဟုန်ကြီးစွာ တိုးတက် လာသည်နှင့်အမျှ စာပေသည်လည်း အဆင့် မြင့်မားကြွယ်ဝလာမြဲဖြစ်၏။ မြန်မာ့သမိုင်းမှာ သာမဟုတ်ပါ။ ကျွန်တော်တို့၏ အိမ်နီးချင်း နိုင်ငံ အိန္ဒိယပြည် တရုတ်ပြည်တို့မှာလည်း အလား တူပင်ဖြစ်တော့၏။ ပမာအားဖြင့် တရုတ်ပြည် တန်မင်းဆက်၊ ခရစ်အေဒီ ၈ ရာစုနှင့် ၉ ရာစု တို့၌ တိုင်းပြည်တည်ငြိမ်အေးချမ်းသဖြင့် ယဉ် ကျေးမှုများ၊ စာပေအရေးအသားများ အလွန် တိုးတက်ဖွံ့ဖြိုးခဲ့ပါ၏။ မြန်မာမင်းဆက်တို့တွင် လည်း အင်းဝအလယ်ခေတ်သည် စာပေအထူး တလည် ဖွံ့ဖြိုးစည်ပင်ခဲ့ချိန် ဖြစ်ပါသည်။ခေတ် ပြိုင်တော့ မဟုတ်ခဲ့ပါချေ။ မြန်မာက နှစ်ပေါင်း ၇၀၀ ခန့် နှောင့်နှေး နောက်ကျနေပါသည်။ ကမ္ဘာပေါ်၌လည်း အီဂျစ်တို့ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ကျော်လေးထောင် မှာပင်လျှင် ယဉ်ကျေးမှု အလွန်ဖွံ့ဖြိုးခဲ့ပြီးဖြစ်လျက် စာပေအနေနှင့် အရုပ်စာများ မှတ်တမ်း ကျန်ရစ်ပါ၏။ ယခု အေဒီ ၂၁ ရာစု ပါ။ ဘီစီ ၁၅ ရာစု ရှေ့ပိုင်းမှာပင် အီဂျစ်တို့ ယဉ်ကျေးမှု ဖွံ့ဖြိုးနေခဲ့ပြီ။ ကြွင်းကျန် ရစ် သော ပိရမစ်များ၊ ကျောက်ရုပ်တုများ၊ ဆေး စိမ်မံမီရုပ်အလောင်းများက သက်သေခံနေ ၏။ အီဂျစ်ကျမ်းဂန်၌ ဘာသာ အယူ၊ သချာင်္၊ နက္ခတ္တ၊ အနုစာပေများလှစွာ၏။
.
စာဆိုတော်
.
ရှေးရှေးမြန်မာမင်းများလက်ထက်တွင်၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်စာပေများကို ဦးစား ပေးမြှောက်ခဲ့သည့် အစဉ်အလာ ကောင်း ရှိခဲ့ပါ သော်လည်း၊ သူ့ကျွန်ဘဝ ရောက်ရှိချိန်မှစ ပြီး အမျိုးဘာသာ၊ သာသနာကို အားပေးအား မြှောက်နည်းပါးခဲ့၏။ သဘာဝကျပါသည်။ နယ် ချဲ့ဗြိတိသျှတို့မှာ သူတို့ကြာရှည်အုပ်စိုးရလေ လေ၊ သူတို့အတွက် အကျိုးအမြတ်များလေလေ ဖြစ်မည်မို့ ပြည်သူတွေ အသိအမြင် ပွင့်လင်း၊ ယဉ်ကျေးမှုတိုးတက်၊ စာပေမြင့်မား၊ စာတတ် ပေတတ်ပေါများလျှင် သူတို့အုပ်ချုပ်ရခက်ခဲ တော့မည်။ သူတို့နှစ်ရှည် မအုပ်စိုးနိုင်ဖြစ်တော့ မည်။ ပညာမတတ်လေ၊ အသိအမြင် မပွင့်လင်း လေ၊ ခေတ်နောက်ကျ ကျန်ရစ်လေ သူတို့ ကြိုက်လေမို့၊ အတားအဆီး အပိတ်အပင် အ ချုပ်အချယ်တွေ များစွာပြုခဲ့ကြ၏။ ဤကား တိုင်းတစ်ပါး အုပ်ချုပ်သူတို့၏ သဘောထား၊ စီမံကိန်း အမှန်တရားဖြစ်တော့၏။ အနုပညာ အရည်အသွေး ကျဆင်း၊ ပညာတတ်လျှော့ပါး၊ စာပေအဆင့် နိမ့်ကျခဲ့ရသော သူ့ကျွန်ဘဝ၌ ဆီဘန်းနီဆရာတော်ကြီး မိန့်သလို "ထီးသုဉ်း နန်းသုဉ်း၊ စာပေသုဉ်းနှင့်၊ ချုပ်သုဉ်း သုညသုဉ်း သုံးဝမှာ ဖြစ်လာခဲ့ရ၊ သေသော်မှ တည့်၊ သြော် ကောင်း၏" ဟူ၍သာ ညည်းတွားဖို့ရာရှိတော့ သည်။
.
စစ်ကြိုခေတ်၊ ၁၉၃၉ ခုနှစ်မတိုင်မီက မြန် မာနိုင်ငံတွင် စာရေးဆရာအသင်းဟူ၍ မရှိခဲ့ သေးပါ။ စာရေးဆရာအချို့တို့ စုဖွဲ့ထားသော "ကလောင်အဖွဲ့"လေးသာ ရှိခဲ့၏။ ယင်းနှစ် တွင် ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး အိပ်ချ်ဂျီဝဲလ်သည် မြန်မာပြည်သို့ အလည်အ ပတ် ရောက်လာခဲ့၏။ စာရေးဆရာကြီးများ စု ပေါင်းကျင်းပသော လက်ဖက်ရည် ဧည့်ခံ ပွဲနှင့် စာရေးဆရာ ပီမိုးနင်း ကွယ်လွန်သည့် စျာပနတွင် စာရေးဆရာများ စုစည်းမိရာ မှ ဒီးဒုတ်ဦး ဘချို (အာဇာနည်) ခေါင်းဆောင် ၍ စာရေးဆရာများ အသင်းကို တည်ထောင်ဖြစ် ခဲ့၏။ မူလတုန်းက "မြန်မာပြည် စာရေးဆရာ များ အစည်းအရုံး" ဟု ခေါ်တွင်ခဲ့ပြီး၊ ဂျပန် ခေတ်တွင် " မြန်မာနိုင်ငံ စာရေးဆရာများအ သင်း"ဟု မှည့်ခေါ်ခဲ့ကြ၏။ ဥက္ကဋ္ဌမှာ သူရိယ ဦးသိမ်းမောင်၊ ငွေထိန်း ဒုဂုန် ခင်ခင်လေး၊ အ မှုဆောင် လူကြီးများမှာ မဟာ ဆွေ၊ ဒဂုန်နတ်ရှင်၊ ဒဂုန်ရွှေများ၊ ဇေယျ၊ ရွှေ ပိန်သောင်၊ သင်္ခါ၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ မြို့မမောင်၊ မြန်မာ့ရုပ်ရှင် ဦးမောင်မောင်၊ ဆ ရာကျော်၊ ဆရာစိန်၊ မြဒေါင်းညို၊ ဇဝန၊ ဦးသုခ စသည်တို့ပါဝင်ကြ၏။
.
စာရေးဆရာအသင်းကို မြန်မာနှစ် ၁၃၀၆ (ခရစ် ၁၉၄၄ ခုနှစ်ခန့်)၌ နှစ်စဉ်နတ်တော်လ ဆန်း ၁ ရက်ကို စာဆိုတော်နေ့အဖြစ် သတ် မှတ်ဖြစ်ခဲ့၏။ စာရေးဆရာအသင်း ဖွဲ့စည်းပြီး နောက်ထပ်လေးနှစ်အကြာကျမှ အောင်မြင်စွာ သတ်မှတ်နိုင်ခဲ့ခြင်းပါ။ ပထမဆုံး စာဆိုတော် နေ့ကို ရွှေဂုံတိုင်ကုန်းမြင့်ပေါ်ရှိ ဒဂုန်ခင်ခင် လေးစာအုပ်တိုက်မှာ ကျင်းပဖြစ်ခဲ့သဖြင့် ယခု အခါ နှစ်ပေါင်း ၇၅ ကျော် ကြာမြင့်ခဲ့ပေပြီ။ စိန် ရတုဟု သတ်မှတ်နိုင်ပါမည်။ ၁၉၄၅ နှစ်ဆန်း အသင်းအမှုဆောင်တို့ စုပေါင်းညီညွတ်စွာ ဝိဇ ယပြဇာတ်ကို အသင်းရန်ပုံငွေအတွက် တင် ဆက်ကပြနိုင်ခဲ့ကြ၏။ ကောင်းသော အခြေခံ အုတ်မြစ်ချလိုက်နိုင်ခြင်းတည်း။

.
ရှမ်းနှစ်ကူး
.
ယခုခရစ် ၂၀၁၉ ခုနှစ်၊ မြန်မာ ၁၃၈၁ ခု နှစ်၊ နတ်တော်လဆန်း ၁ ရက်သည် ရှမ်းနှစ် သစ်ကူးနေ့မြတ် ဖြစ်၏။ ရှမ်းနှစ်အားဖြင့် ၂၁၁၄ ခုနှစ်ရှိပြီဟု သိရ၏။ ရေတွက်ပုံမှာ ရှမ်း ပြည်သို့၊ ဗုဒ္ဓသာသနာရောက်ရှိခဲ့သည့်နှစ်မှ စတင်ရေတွက်ကြောင်း မှတ်သားဖူးသည်။ ဆိုလိုရင်းကား ဗုဒ္ဓသာသနာ ရှမ်းပြည်သို့ရောက်ခဲ့ သည်မှာ နှစ်ပေါင်း နှစ်ထောင်ကို တစ်ရာစွန်း သည့်အပြင် ဆယ့်လေးနှစ်ပင် ရှိလာခဲ့ပြီဖြစ် သည်။ အဓိပ္ပါယ်ကား၊ သာသနာမရောက်ရှိ သေးမီ၊ ရှေးပဝေသဏီကပင်လျှင်၊ ရှမ်းလူမျိုး တို့ ရှမ်းပြည်နယ်အတွင်း အခြေချနေထိုင်လာ ခဲ့ကြပြီဟု ခိုင်မာစွာ သိရှိနိုင်ခြင်းဖြစ်၏။ ဗုဒ္ဓသာသနာနှစ်ကို ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသည်မှ စတင် ရေတွက်သည် မှတ်သားမိ၏။ ယခုသာသနာ နှစ် ၂၅၆၃ ရှိလာပြီမို့၊ ရှမ်းတိုင်းရင်းသားတို့ထံ ဗုဒ္ဓသာသနာရောက်ရှိကာလသည် ဗုဒ္ဓပရိ နိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၄၅၀ ခန့်မှာဖြစ်ကြောင်း တွက်ချက်နိုင်ပါသည်။ ဤမျှ သာသနာတော် အဆုံးအမ နှစ်ပေါင်းနှစ်ထောင်ကျော် တည်ရှိ ခဲ့ပြီမို့လည်း အမြစ်ခိုင်မာစွာ တွယ်ခဲ့သည်သမိုင်းသက်သေခံနေပါသည်။ ရှမ်း၊ လူမျိုးတို့ ဗုဒ္ဓ သာသနာပေါ် မမှိတ်မသုန် ယုံကြည်ကိုးစားအ လေးထားကြသည်မှာ အဆန်းတကြယ်မဟုတ် တော့ပြီ။ ရွာဦးကျောင်းစေတီတွေ ကြီးမားဂုဏ် ထည်လျက် ရွှေရောင်ဝင်းထိန်လျက်၊ တရားသံ တွေ ဝေစဉ်လျက်၊ သင်္ကန်းရောင်ဝါ လွှမ်းလျက် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းလျက်၊ သာဓုခေါ်ဆိုသံ မိုးလုံးလျှံမျှဆိုသော အခြေအ နေသည် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မား ကြောင်း ပြသနေပါသည်။
.
ယဉ်ကျေးမှုမြင့်မားလျှင် စာပေရှိရမည်။ စာပေအဆင့်လည်း မြင့်မားရမည်ဟု ဆောင်း ပါးရှေ့ပိုင်း၌ ဖော်ပြခဲ့ပြီးပါပြီ။ ယခုအစ ပြန် ကောက်ပါမည်။ ရှမ်းစာသည်လည်း မြန်မာစာ အရေးအသားထက် များစွာရှေးကျကြောင်း တွေ့ရှိရ၏။ ရှမ်းစာ၌ ခေတ်ဟောင်းနှင့် ခေတ် သစ်စာပေဟူ၍ နှစ်မျိုးကွဲ၏။ ခေတ်ဟောင်းစာ ပေဟောင်းသည် ယွန်းစာမှ ယူသည်ဖြစ်မည်။ အက္ခရာပုံစံဆင်တူသည်။ ရှေးဟောင်းဌာပနာ များ၌ တွေ့မြင်ကြရ၏။ အုတ်ခွက်ဘုရား၊ ရွှေ ငွေကြေး ပရပိုက်၊ ကျောက်စာတို့၌ ရှေးရှမ်းစာ ကို အဓိပ္ပါယ်ဖော်ရခက်လှ၏။ ရှေးကျလွန်း၍၊ ယွန်းစာတတ်မြောက်သူတို့က ဖတ်ရှုအဓိပ္ပါယ် ဖော်နိုင်ကြ၏။ သို့ဆိုလျှင် ရှမ်းနှစ်ကို ယခု ၂၁၁၄ ဟု သတ်မှတ်ခြင်း အစဉ်အလာသည် ယုံမှားသံသယမရှိအပ်ပါပြီ။ ကျွန်တော်တို့က ရှမ်းလူမျိုးဟု ခေါ်ဆိုနေကြသော်လည်း သူတို့ ကမူ "တိုင်း=Tai"ဟူ၍ ပြောဆိုရေးသားလျက် ရှိဆဲပါ။ ရှေးရှမ်းကို ရကောက်ဖြင့် စာလုံးမ ပေါင်းပါ။ ကျွန်တော်တက္ကသိုလ်ရောက်စ ၁၉၆၆ မှ ၁၉၇၀ ကျော် နှစ်များအထိ၊ သျှမ်းဟုသလေး ယပင့်ဟတ်ထိုးမသတ်ဖြင့်သာ ရေးသားနေဆဲ ရှိသေး၏။ " သျှမ်း" ကို " ရှမ်း"ဟု အားလုံးသိ ကြ၏။ ယခုလည်း သျှမ်းအရေးအသားကို ရှေး ရှမ်းရွာများ၌ ရေးထုံးသုံးစွဲနေပါသေးသည်။ ထို့ကြောင့် ကျွန့်တော့်ဆောင်းပါး ခေါင်းစီးတွင် "သျှမ်းနှစ်ကူး"ဟု ရေးခဲ့၏။ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းကို ကြိုဆိုလိုက်ရပါကြောင်း။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)