တောင်ကြီးမြို့မဈေးအနီးတွင် မြေအောက်ဖြတ်လမ်း တည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ ဒေသခံများ ဝေဖန် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, September 28, 2019

တောင်ကြီးမြို့မဈေးအနီးတွင် မြေအောက်ဖြတ်လမ်း တည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ ဒေသခံများ ဝေဖန်


စိုင်းရာဇာ     
.
တောင်ကြီးမြို့ဈေး အနီး တစ်ဝိုက်တွင် အများပြည်သူ အန္တရာယ် ကင်းရှင်းစွာ လမ်းဖြတ်ကူးနိုင်ရေး အတွက် မူလက စတင်လျာထားခဲ့သည့် လူကူး ခုံးကျော်တံတား အစား မြေအောက်ဖြတ်လမ်း (Underpass) အဖြစ် ပြောင်းလဲ တည်ဆောက်သွားမည် ဖြစ်ပြီး ထိုသို့ ပြောင်းလဲ တည်ဆောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ ဒေသခံများမှ ဝေဖန်ပြောဆိုလျက် ရှိကြောင်း သိရသည်။
.
မြို့တော်၏ အချက်အခြာ ကျပြီး သွားလာမှု အများဆုံး၊ အရှုပ်ထွေး ဆုံး နေရာဖြစ်သော တောင်ကြီးမြို့မဈေး အနီးတစ်ဝိုက် ဗိုလ်ချုပ်အောင် ဆန်းလမ်းမကြီးပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှု လျော့ပါးစေရန်နှင့် အများ ပြည်သူ အန္တရာယ်ကင်းရှင်းစွာ ဖြတ် ကူးနိုင်ရန် ရည်ရွယ်၍ မူလက ခုံးကျော် တံတား ဆောက်လုပ်ရန် စီစဉ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ လူကူးခုံး ကျော်တံတားအစား မြေအောက် ဖြတ်လမ်းကို တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
.
မိန်းလမ်းနဲ့ အနီးတဝိုက်သာ ရှိုးပြချင်နေကြတာ။ တကယ့် လ မျက်နှာပြင်လို လမ်းတွေ လိုက်ပြင် ပေးပါလား။ မြေအောက်လမ်း မပြောနဲ့ ရှိနေတဲ့ လမ်းတွေပဲ အရင် ပြင် ပေးပါဦး။ City Square အောက်ထပ် ရေမြှုပ်တဲ့ဟာကို အဲဒီနား မြေအောက်လမ်း လုပ်မှတော့ သေးပေါက်၊ အမှိုက်ပစ် ရေမြှုပ်မှာ မြင်ယောင်မိပါတယ်။ မြေအောက်လမ်း က အိမ်ခြေမဲ့ လူတန်းစားတွေ ခိုနားရာ ဖြစ်လာနိုင်ပြီး ဒုစရိုက်ကျူး လွန်ချင်သူတွေအဖို့ နေရာကောင်း ဖြစ်လာ မလားဆိုတာကို သတိထား ဖို့လိုတယ်ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။
.
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို စက်တင်ဘာလ၂၀ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က တောင်ကြီး မြို့လယ် လူကူးခုံးကျော်တံတား တည်ဆောက်ပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ မေးခွန်းမေးမြန်းမှုကို ပြည်နယ် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးခွန်ရဲထွေးက ခုံးကျော် တံတားအစား မြေအောက်ဖြတ်လမ်း Underpass ဆောင်ရွက်ပေးပါက အသင့်တော်ဆုံး ဖြစ်သည့်အတွက် မြေအောက် ဖြတ်လမ်းအား ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် စတင်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
မြေအောက်ဖြတ်လမ်း Under pass တည်ဆောက်ပါက အတက် အဆင်း လွယ်ကူခြင်း၊ Ramp လမ်းနယ် အနည်းငယ်သာ လိုအပ်ခြင်း၊ ခေတ်မီလှပသော ပုံစံဖြစ်ခြင်း၊ Wheel Chair အသုံးပြုရသူများ အဆင်ပြေခြင်း၊ Vertical Clearance အနည်းငယ်သာ လိုအပ်ခြင်း၊ လူမြင်ကွင်းတွင် နေရာ အဟန့်အတား မဖြစ်နိုင်စေခြင်း၊ အနာဂတ် အစီစဉ်များအတွက် အထောက်အကူ ဖြစ်စေနိုင်ခြင်း စသည့် အားသာချက်များကြောင့် လူကူးခုံးကျော် တံတား အစား မြေအောက်ဖြတ်လမ်း Under pass သာ တည်ဆောက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။
.

ဈေးပိတ်တဲ့ အချိန် ညပိုင်း လုံခြုံရေး ဘယ်လို ဆောင်ရွက်မယ်တော့ မသိပါဘူး။ မီး မမှန်ရင် အလင်း ရောင်၊ လေဝင် လေထွက်ကို ဘယ်လို စီမံမှာလဲ။ အဲဒီအတွက် ရေရှည်မှာ ငွေကြေး ကုန်ကျတာမျိုး ဖြစ်လာမှာကို ထည့် စဉ်းစားသင့်ပါတယ်။ အနိမ့်ပိုင်းဖြစ်တော့ ရေဝပ်မှုကို မထိန်းသိမ်းနိုင်ရင် နောက်ပိုင်းမှာ နံစော်လာမှာကို မြင်ယောင်မိပါတယ်။ ဆန် မရှိ အစားကြီး၊ ဝ မရှိ ဝိ လုပ် တာမျိုး မဖြစ်စေချင်ပါဘူးဟု တောင်ကြီး ဒေသခံ ကိုနေမျိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြေအောက် ဖြတ်လမ်း တစ်ခု လုပ်ဆောင်ရန်အတွက် အဓိက အားဖြင့် အလင်းရောင်နှင့် လေဝင် လေထွက်၊ လေအေးပေးစက်၊ အ နည်းဆုံး အသုံးပြုရမည့် လျှပ်စစ် ဓါတ်အား စသည်တို့ လိုအပ်မည်ဖြစ်ပြီး မီးပျက်ချိန်တွင် လူဆိုးလူမိုက် များနှင့် ကော်ရှူသူများအတွက် နေရာ ဖန်တီးပေးသကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများ က ပြောဆိုလျက်ရှိသည်။
.
ကျွန်တော်တို့မြို့မှာမှ မဟုတ်ဘဲ တစ်နိုင်ငံလုံး အနေနဲ့တောင် မြေအောက်ဥမှင် ဖောက်တဲ့ အတွေ့ အကြုံ နည်းစနစ် အင်မတန်မှ နည်းပါးနေတော့ စိုးရိမ်ရပါတယ်။ အကောင်းဆုံးကတော့ ခုံးကျော်တံတားကိုပဲ စဉ်းစားစေချင်ပါတယ်ဟု ကို နေမျိုးက ဆက်လက်ပြောဆိုခဲ့သည်။
.

အတွေ့ အကြုံ နည်းစနစ် အင်မတန်မှ နည်းပါးနေတော့ စိုးရိမ်ရပါတယ်။ အကောင်းဆုံးကတော့ ခုံးကျော်တံတားကိုပဲ စဉ်းစားစေချင်ပါတယ်

.
မြေအောက်ဖြတ်လမ်းပဲ လုပ် လုပ်၊ ခုံးကျော်တံတားပဲ လုပ်လုပ် မြို့ အတွက် ကောင်းပါတယ်။ ဒါပေမဲ့ မြို့မဈေး အရှေ့မြောက်ဘက်က ဆိုင်ကယ် စတန်းနားမှာ ညဆိုရင် သောက်စားနေကြတယ်။ အခု မြေအောက်ဖြတ်လမ်း လုပ်မယ်ဆိုတော့လည်း ငွေအများကြီး ကုန်ကျခံ လုပ် ထားပြီးတော့ အဲဒီနားမှာလည်း ညဆို သောက်စားနေရင် လုပ်ရကျိုး မနပ်ဘဲ ဖြစ်မယ်။ အဓိကကတော့ လုံခြုံရေးပေါ့။ အဲဒါကို သက်ဆိုင်ရာအ ဖွဲ့အစည်းကနေ သေချာစဉ်းစား သင့်တယ်ဟု တောင်ကြီးမြို့နေ ဦးကျော်ဦးက ပြောသည်။
.

တောင်ကြီးမြို့မဈေး အနီးတဝိုက်တွင် တစ်ရက်လျှင် ပျမ်းမျှအား ဖြင့် လူဦးရေ ၁၃၀၀၀ ဝန်းကျင် ဖြတ်သန်းလျက်ရှိပြီး ဈေးနေ့များတွင် ဖြတ်သန်းသူ ၃၀၀၀၀ ဝန်းကျင်ရှိကာ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှု အနေဖြင့် တစ်ရက်လျှင် ပျမ်းမျှ ၁၆၄၃၂ စီးဝန်းကျင် ရှိပြီး တစ်မိနစ်လျှင် ၂၃ စီး ဝန်းကျင်နှင့် မော်တော် ဆိုင်ကယ် ဖြတ်သန်း သွားလာမှု တစ်ရက်လျှင် ပျမ်းမျှ ၃၄၅၃၄ စီးဝန်း ကျင် ရှိပြီး တစ်မိနစ်လျှင် ၄၈ စီး ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
.
အဆိုပါ မြေအောက်ဖြတ်လမ်း Underpass တည်ဆောက်နိုင်ရန် Asia Light Market မှ မြို့မဈေး ညဈေး၊ City Square ဝင်ပေါက်မှ မြို့မဈေး၊ oppo မိုဘိုင်းဖုန်းဆိုင် (City Square)မှ မြို့မဈေး ကမ္ဘောဇ ဘဏ်ခွဲ၊ ရေထွက်ဦး လမ်းထိပ်မှ မြို့မဈေးနေရာတို့အား လျာထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats