တောင်ကြီးမြို့ပေါ်ရှိ လမ်းများ ဆိုးရွားစွာ ပျက်စီးနေသဖြင့် ယာဉ် မတော်တဆ မကြာခဏ ဖြစ်ပွားနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, September 11, 2019

တောင်ကြီးမြို့ပေါ်ရှိ လမ်းများ ဆိုးရွားစွာ ပျက်စီးနေသဖြင့် ယာဉ် မတော်တဆ မကြာခဏ ဖြစ်ပွားနေ


ခွန်သက်ထူး၊ စုလှိုင်
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ အနောက် မြို့ပတ်လမ်း အပါအဝင် မြို့တွင်း လမ်းများ၏ အချို့နေရာတွင် ဆိုး ရွားစွာ ပျက်စီးမှုများ ရှိနေသဖြင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေရကြောင်း ဒေသခံများမှ ဝေဖန်ပြောဆိုလျက် ရှိသည်။
.
 
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရွှေသူဌေး ကုန်းရပ်၊ နယ်မြေ (၈)၊ ကန်ထောင့်မှတ်တိုင် အနီး အနောက်မြို့ပတ်လမ်းပေါ်တွင် လမ်းနှစ်ဘက်လုံး၌ ကြီးမားသည့် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်နေပြီး ယင်း နေရာ၌ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေရကြောင်း သိရသည်။
,
“ဆိုင်ကယ်တွေ ကတော့ ခဏ ခဏလဲတယ်။ အဲဒီချိုင့်ခွက်က ကား လာရင် ဟိုဘက် ဒီဘက် စောင့်ပေး ရတယ်။ အနိမ့်ပိုင်း ဖြစ်နေတော့ မိုး ရွာရင် ရေတင်တော့လမ်း ပျက်စီး တာပေါ့။ ရေမြောင်း မရှိတာလည်း ပါပါမယ်” ဟု ကျောင်းကြီးစုရပ်ကွက် နေ ဒေသခံ ဦးခမ်းထွန်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ထို့အတူ ဒေသခံတစ်ဦးမှလည်း “တတ်နိုင်သလောက်တော့ လုပ်ပေးတယ်။ တစ်ခါတလေဆို  ကွန်ကရစ် ကားတွေ လာရင် ၂ သောင်း ဖိုးလောက် ဝယ်ပြီး ခင်းပေးတယ်။ ဒါပေမဲ့ သိပ်မခိုင်ဘူး။ တစ်ရက်ကို အနည်းဆုံး ဆိုင်ကယ်က ၃/၄ စီး လောက် လဲတယ်။ စည်ပင်က လား တော့ မသိဘူး လမ်းလာ ခင်းသွား တာ သဲမှုန့်တွေပဲ ဖြူးသွားတယ်။ ည ပိုင်း မိုးရွာတော့ ပြန်ပါသွားတာပဲ” ဟု ပြောသည်။
.
ထို့အပြင် တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်း ရပ်ကွက်ရှိ အမက (၂၂) ကျောင်းဘေး လမ်း မှာလည်း မိုးရွာသွန်းမှုကြောင့် ဆိုး ရွားစွာပျက်စီးနေပြီး အရေးပေါ် ပြင်ဆင်ရန် လိုအပ်နေကြောင်း သိ ရသည်။
.
“အဲဒီလမ်းက ကားတွေသွားလို့ မရအောင်ကို ပျက်စီးနေတာပါ။ သက်ဆိုင်သူတွေက အမြန်ဆုံး ပြင်ဆင် ပေးဖို့ လိုအပ်နေပါတယ်။ ကျောင်းသား/သူတွေလည်း အများ ဆုံးသွားနေတဲ့ လမ်းဖြစ်တယ်။ အဲဒီလမ်းကို အမြန်ဆုံး ပြင်ဆင် ပေးစေချင်ပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ လမ်းပျက်စီးမှု များနှင့်ပတ်သက်၍  တောင်ကြီး မြို့နယ် စည်ပင်သာယာ ရေးဌာနမှ အမှုဆောင် အရာရှိ ဦးအေးကို အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေး မြန်းရာတွင် ဆက်သွယ်၍ မရခဲ့ချေ။
.
တောင်ကြီးမြို့ပေါ်တွင် အဆိုပါ လမ်းများအပြင် ကျောင်းကြီးစု ရပ် ကွက်၊ မြို့မရပ်ကွက်နှင့် မြို့တွင်း လမ်းများ၌ ဆိုးရွားစွာ ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats