တာချီလိတ်၌ ညအချိန်မတော် မျက်နှာဖုံးစွပ်များဖြင့် အုပ်စုဖွဲ့ဝင်ရောက် အကြမ်းဖက်မှုနှင့် ပတ်သက်၍ နစ်နာသူများက ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, September 19, 2019

တာချီလိတ်၌ ညအချိန်မတော် မျက်နှာဖုံးစွပ်များဖြင့် အုပ်စုဖွဲ့ဝင်ရောက် အကြမ်းဖက်မှုနှင့် ပတ်သက်၍ နစ်နာသူများက ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ ခမရ(၃၃၁)တပ်အနီးရှိ တောင်သူများ စိုက်ပျိုးနေသည့် ဥယျာဉ်ခြံမြေအတွင်း ညအချိန်မတော် မျက်နှာဖုံးစွပ်များဖြင့် အုပ်စုဖွဲ့ဝင်ရောက် အကြမ်းဖက်မှုနှင့် ပတ်သက်၍ အကြမ်းဖက်ခံခဲ့ရသည့် ပြည်သူများက စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ မြန်မာ ဂျာနယ်လစ် ကွန်ရက်ခန်းမ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စုရှိ ဥယျာဉ်ခြံမြေကွက်ပေါ်တွင် သြဂုတ်လ ၁၅ ရက် နေ့လည်ပိုင်းက ခမရ(၃၃၁)မှ တပ်ကြပ်ကြီး ယာဉ်ပြင်နှင့် စစ်သား ၂ ဦးသည် အရပ်ဝတ်ဖြင့် ရောက်ရှိလာပြီး တောင်သူ ဦးချစ်နောင်ထံမှ ဖုန်းနှင့် သံရိုက်တူများကို လုယူကာ ဘေးဘက်ခြံစည်း ရိုးများကို ဖျက်ဆီးခဲ့ပြီးနောက် ဦးချစ်နောင်၊ ကိုသန်းနိုင်နှင့် ကိုဇော်လတ်တို့ ၃ ဦးအား ရဲစခန်းသွားမည်ဟု အတင်း ဖမ်းချုပ်ကာ ကားပေါ်ဆွဲတင်ပြီးနောက် ရဲစခန်းသို့ မသွားဘဲ မိုင်းယွန်းဆီပန့် အနီးတွင် ချထားခဲ့ကြောင်း တောင်သူများက ပြောသည်။
.
ထို့ပြင် သြဂုတ်လ ၁၇ ရက်နေ့ည ၁၀ နာရီခန့်တွင် ခမရ(၃၃၁)တပ်မှ တပ်ကြပ် သန်းမြတ်ထွန်း (အရပ်ဝတ်ဖြင့်) အပါအဝင် လူပေါင်း ၃၀ ဦးခန့်သည် မျက်နှာဖုံးများစွပ်လျက် တုတ်၊ ဓါးများကိုင်ဆောင်ကာ တောင်သူများကို ပုံစံထိုင် ခိုင်းထားပြီး နေအိမ်၊ စိုက်ခင်း၊ ခြံစည်းရိုး၊ စိုက်ပျိုးရေးသုံး ရေပိုက်များကို ဖျက်ဆီးကာ မွေးမြူထားသည့် ကြက် အကောင် ၃၀ ကျော်၊ ဆိုလာမီးနှင့် ကျောက်စားပွဲတို့ကို ခိုးယူသွားခဲ့ကြောင်း သိရသည်။
.
ယင်းနောက် သြဂုတ်လ ၁၈ ရက်ည ၇ နာရီခန့်တွင် တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ ခမရ(၃၃၁)တပ်အနီးရှိ ဥယျာဉ်ခြံ မြေကွက်ပေါ်တွင် ဦးသန်းလှိုင်နှင့် တောင်သူများရှိနေစဉ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဦးဝင်းနိုင်သည် အရပ်ဝတ်၊ စစ်ဝတ်တို့ဖြင့် စုစုပေါင်း ၂၀ ဦးကျော်ခန့်နှင့်အတူ တောင်သူများ တပ်ဆင်ထားသည့် ခြံဝန်းတံခါးကို ဖြုတ်ယူနေ သဖြင့် တားမြစ်ခဲ့ရာ ၎င်းတို့အဖွဲ့သည် ခြံအတွင်းသို့ ဝင်လာပြီး ပြဿနာရှာခဲ့သဖြင့် တာချီလိတ်မြို့မစခန်းမှူးထံ ဖုန်းဆက် အကြောင်းကြားခဲ့ရာ စခန်းမှူးမှ ရဲလှည့်ကင်းကား လွှတ်ပေးခဲ့သော်လည်း ဗိုလ်ကြီး စိုးရာဇာ ဆိုသူမှ တာချီလိတ်မြို့စစ်ဗျူဟာမှူး ခိုင်း၍ဟုဆိုကာ ရဲလှည့်ကင်းကားကို ပေးမဝင်ခဲ့ဘဲ ည ၁၀ နာရီခန့်တွင် ခမရ(၃၃၁)တပ်ရင်းမှ တပ်ကြပ်ကြီး ပေါက်စနှင့် ဒေါ်စန်းဆိုသူအပါအဝင် စစ်သား ၂၀ ဦးခန့် (အရပ်ဝတ်ဖြင့်)သည် တုတ်၊ ဓါးများကိုင်ဆောင်ကာ ခြံဝင်းအတွင်းသို့ အတင်းကျူးကျော်ဝင်ရောက်လာပြီး ဦးသန်းလှိုင်နှင့် တောင်သူ ၆ ဦးတို့ကို ကြိမ်းမောင်းရိုက်ပုတ်ခြင်း၊ အတင်းအဓမ္မ ဖမ်းချုပ်ခြင်းတို့ပြုလုပ်ပြီး ရဲစခန်းသွားမည်ဟုဆိုကာ တာချီလိတ်-မိုင်းဆတ်တော လမ်း တစ်နေရာတွင် ပစ်ချထားခဲ့ကြောင်း တောင်သူများမှ ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ သြဂုတ်လ ၁၉ ရက်ညနေ ၃ နာရီခန့်တွင် ဦးသန်းလှိုင်၊ မဖြူဖြူခိုင်နှင့် မတင်တင်နွယ်တို့ ၃ ဦးသည် ၎င်းတို့ ခြံသို့ သွားရောက် ကြည့်ရှုရာ အမည်မသိ ထွန်စက်မောင်းသူက ဥယျာဉ်ခြံမြေကို ထွန်စက်ဖြင့် ထိုး၍ ဖျက်ဆီးနေပြီး တပ်ကြပ်ကြီး ပေါက်စ၊ တပ်သားရဲနိုင် အပါဝင် လူပေါင်း ၃၀ ဦးခန့်က ဦးသန်းလှိုင်နှင့် မဖြူဖြူခိုင်တို့ ၂ ဦးကို အတင်းအဓမ္မ ထပ်မံဖမ်းချုပ်ပြီး ဖုန်းများ၏ လျှိုဝှက်နံပါတ်များကို ဖြေခိုင်းကာ မဖြူဖြူခိုင်၏ ဖုန်းအတွင်းမှ မန်မိုရီကဒ်ကို ခိုးယူသွားခဲ့ကြောင်း သိရသည်။
.
''သမီးတို့ခြံထဲကို လူအယောက် ၃၀ ဦးလောက် ဝင်ရောက်ကျူးကျော်လာပြီး သမီးတို့ကို အိမ်အပြင်ထွက် ထိုင်ခိုင်း တယ်။ သမီးတို့အိမ်ကို ဖျက်ဖို့ ဘယ်သူခိုင်းတာလည်းလို့ မေးတော့ တောင်ပန်းပါတယ်သမီးရယ်။ အထက်က ခိုင်းလို့ လုပ်ရတာပါလို့ သူတို့ထဲက တစ်ဦးက ဖြေခဲ့တယ်။ အခု နေစရာအိမ် မရှိတော့ ကျောင်းလည်း ဆက်မတက်နိုင် တော့ဘူး'' ဟု ဒဿမတန်း ကျောင်းသူ မအေးအေးငြိမ်းက ပြောသည်။
.
ဥပဒေအရ ဖြေရှင်းရမည့် ကိစ္စရပ်ကို မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်ခဲ့သည့် အတွက် နစ်နာသူ တောင်သူများက တာချီလိတ်မြို့မရဲစခန်းတွင်လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့လည်းကောင်း တင်ပြ တိုင်ကြားထားပြီး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တွင် လာရောက်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
''ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၂၂ အရ မတရားလက်လွှတ်လိုက်ရတဲ့ ပစ္စည်းတွေကို ပြန်လည်ရပိုင်ခွင့် ရှိတယ်ဆိုတဲ့ ပြဌာန်းချက်အတိုင်း သူတို့ ဖျက်ဆီးခဲ့တဲ့ အိမ်တွေ၊ စိုက်ခင်းတွေ၊ ခြံစည်းရိုးတွေ၊ ခိုးယူသွားခဲ့တဲ့ ပစ္စည်းတွေကို ပြန်လည် ရလိုတယ်။ အုပ်စုဖွဲ့ တုတ်၊ ဒါးကိုင်ဆောင်ပြီး ကြမ်းဖက်ဖြစ်စဉ်ကိုလည်း အမှုမှန်အတိုင်း စစ်ဆေးပေးစေ ခြင်တယ်။ နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း သိစေချင်ပါတယ်'' ဟု အကြမ်းဖက်ခံခဲ့ရသည့် ဦးသန်းလှိုင်က ပြောသည်။
.
အဆိုပါ မြေကွက်သည် ၁၉၉၇ ခုနှစ်တွင် လယ်မြေဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟု မြို့နယ် မြေစာရင်းရုံးက မြေစာရင်းပုံစံ ၁၀၅ ၌ ဖော်ပြထားခြင်းမှာ ဥပဒေနှင့်မညီကြောင်းနှင့်  တာချီလိတ်စစ်မှုထမ်းဟောင်း အဖွဲ့အား အိမ်ရာစီမံကိန်းအဖြစ် လုပ်ကိုင်ခွင့် ပေးထားသော်လည်း စီမံကိန်း အကောင်အထည် ဖော်ဆောင်ထားခြင်း မရှိဘဲ အခြားတောင်သူ ၁၃ ဦးမှလည်း လုပ်ကိုင်ခွင့်ရရန် လျှောက်ထား ခဲ့ကြောင်း၊ လက်ရှိတွင် ဦးသန်းလှိုင်နှင့် တောင်သူများ ကလည်း မြေ ၁၀ ဧကခန့် တွင် ယျာဉ်ခြံမြေ အဖြစ် စိုက်ပျိုးလုပ်ကိုင် လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ အကြမ်းဖက်ခံရသူ တောင်သူ ၆ ဦး၊ လေ့လာသူများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats