အင်းလေးဒေသတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့များ ကျဲချမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, September 12, 2019

အင်းလေးဒေသတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့များ ကျဲချမည်


ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ သစ်ပင် မပေါက်နိုင်၍ ပြောင်နေသော တောင်ကတုန်းများပေါ်သို့ သစ်စေ့များအား ရွှံ့စေး၊ မြေဆွေးများနှင့် ရောစပ် လုံး၍ ရဟတ်ဖြင့် လာမည့် စက်တင်ဘာလ ၁၄ ရက်တွင် ကျဲချသွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သစ်စေ့များအား ရဟတ်ယာဉ်ဖြင့် ကျဲချမည့် အစီအစဉ်ကို အင်းလေးကန် ထိန်းသိမ်းရေးနှင့် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်စိမ်းလန်းရေး စီမံချက်အရ သစ်တောဦးစီးဌာနမှ စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး နည်းပညာ စမ်းသပ်မှုအတွက် ရဟတ်ယာဉ် ပျံသန်းမှုဆိုင်ရာ ကိစ္စရပ်များကို ထူး ကုမ္ပဏီများအုပ်စုက လှူဒါန်း ပေးမည် ဖြစ်ကြောင်း သိရသည်။


.
  
“ အခု ရဟတ်ယာဉ်နဲ့ သစ်စေ့တွေ ကျဲချတဲ့ အစီအစဉ်က ရှမ်းပြည်နယ်မှာ ပထမဆုံး ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ဒီနှစ်အတွင်းမှာ ဒုတိယအကြိမ် ပြုလုပ်မှာ ဖြစ်ပါတယ်။” ဟု ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ရဟတ်ဖြင့် ကျဲချမည့် သစ်စေ့များမှာ ချယ်ရီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ စွယ်တော်၊ ခါတော်မီ၊ နံ့သာဖြူ၊ ယင်းမာ၊ ယင်းတိုက်၊ သစ်အယ်၊ မယ်ဇယ်၊ မယ်ဇလီ၊ ကုက္ကိုလ် ၊ ဘောစကိုင်း၊ သင်္ဘောတယ်၊ ဘုမ္မရာဇာ၊ စစ်၊ မန်ကျည်း၊ မန်ဂျန်ရှား၊ အော်ရီးရှား၊ ညောင် စသည့် ဒေသမျိုးရင်းများ အပါအဝင် သစ်မျိုးပေါင်း ၂၀ ပါဝင်မည် ဖြစ်ပြီး ယင်း သစ်စေ့များအား ရွှံ့စေး၊ မြေဆွေးများနှင့် ရောစပ် လုံးထားသည့် seed balls အလုံးရေ စုစုပေါင်း ၁၄၆၂၉၇ လုံး ရှိမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အပင် အမြန်ပေါက် လေ့ရှိသော သစ်မျိုးစေ့များအား ကျဲချမည့် ရက် မတိုင်မီ ရာသီဥတုကြောင့် အစို ပြန်ပြီး ကြိုတင် အပင်ပေါက်လာသည့် အတွက် သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် ညောင်ရွှေမြို့နယ် ကျားတွန်ရွာ ဒေသခံများ၊ အပျော်စီးမီးပုံးပျံကုမ္ပဏီ ဝန်ထမ်းများ ပူးပေါင်း၍ လူအင်းအားဖြင့် ဖြန့်ကျဲချထားပြီး ဖြစ်ကြောင်းလည်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
.

“ pilot project ဒုတိယပိုင်းကို ရှမ်းပြည်နယ်မှာ လာလုပ်ပေးတဲ့ ပြည်ထောင်စုဝန်ကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်၊ ပူးပေါင်း ဆောင်ရွက်ပေးတဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊  လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဟဲဟိုးလေဆိပ် အဖွဲ့၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တို့ကို ကျေးဇူးတင်ပါတယ်။” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ ညီညီအောင်က ဆိုသည်။
.
သစ်စေ့(seed balls)များ ကျဲချပြီး နောက်ပိုင်းတွင် သစ်တောဦးစီးဌာနမှ ကွင်းဆင်း အချက်အလက် ကောက်ယူခြင်းများ ပြုလုပ်ပြီး ပြန်လည် သုံးသပ်ကြမည် ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ သစ်စေ့(seed ball)များအား ရဟတ်ဖြင့် ကျဲချသည့် အစီအစဉ်ကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ပထမအကြိမ် အဖြစ် ပြုလုပ်ပြီး ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats