အားကျစရာများ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, September 16, 2019

အားကျစရာများ

နွန်းနွန်းနော်(ဇမ္ဗူသီဟ)
.
နိုင်ငံတကာအကောင်းဆုံး အဆင့်သတ် မှတ်ချက်မှာ ကျွန်မတို့နိုင်ငံက အမှတ် ၁၀၀ မှာ ၄၄ မှတ်ရပြီး အဆင့်အနေနဲ့က ၁၇၁ ပါ၊ ကမ္ဘာမှာ နိုင်ငံပေါင်း ၁၉၈ နိုင်ငံ ရှိပါတယ်။ နယူးဇီလန်နိုင်ငံက ၈၀ ကျော် ရပြီး အဆင့် ၁ ပါ၊ စင်္ကာပူကလည်း ၈၀ ကျော်ရပြီး အဆင့် ၂ လို့ ဆိုပါတယ်။
.
နယူးဇီလန်ရဲ့မြို့တော်၊ ဝယ်လင်တန်၊ လူဦးရေက သိန်း ၄၀ ကျော်ပဲရှိပါတယ်။ နိုင်ငံ ငယ်ပြီး လူဦးရေကနည်းတော့ အုပ်ချုပ်ရလွယ် ပါတယ်။ စင်္ကာပူကလည်း ထိုနည်းအတိုင်းပါပဲ။ ပထဝီအရကျွန်မတို့နိုင်ငံက ကျယ်ပြန့်တယ်၊ တောင်ကုန်း တောင်တန်းကြီး တွေတည်ရှိ ပြီးလူဦးရေ ကလည်း ပြန့်ကျဲပြီးနေထိုင်ကြပါ တယ်။ ဒါ့အပြင် နှစ်ပေါင်း ၇၀ ကျော်ကြာပြည် တွင်းစစ်မီး မငြိမ်းသတ်နိုင်သေးတာလည်း ရှိ နေပြန်တယ်။
.
နိုင်ငံတစ်နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ရှေး ရိုးအတိုင်း ကျင့်သုံးပြီးနေထိုင်သွားဖို့လည်း မ ဖြစ်သင့်ပါ။ ကျွန်မတို့နိုင်ငံကလည်း လိုအပ် ချက်တွေများနေတော့ အရာရာမှာ အရေးတ ကြီးဆောင်ရွက်ရမည့်အပိုင်းပဲဖြစ်နေပါတယ်။
.
နေ့စဉ်ထုတ်သတင်းစာထဲမှာ တရားမဝင် သစ်များ ဖမ်းဆီးရမိတဲ့သတင်းနဲ့ မူးယစ်ဆေး ဝါးများသိမ်းဆည်းရမိတဲ့သတင်းတွေ နေ့စဉ်နဲ့ အမျှ မရိုးရအောင် မူးယစ်နဲ့ တရားမဝင်သစ်သ တင်း ၂ မျိုးက ဒွန်တွဲနေရာယူနေပါတယ်။ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာဥပဒေ နဲ့ အရေးယူဖော်ထုတ်ဖမ်းဆီးနေတာ မြို့နယ် ပေါင်း ၃၃၀ မြို့က တစ်မြို့မှမလွတ်သလောက် ပါ။
.
ယခင်နှစ်များက မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်ခြင်းကို သေဒဏ်အထိ အပြစ်ပေး အရေးယူတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ် ပင်လယ်ထဲမှာတည်ရှိပြီး ရေပတ်လည်ဝိုင်းနေ တဲ့ ကျွန်းနိုင်ငံဖြစ်ပါတယ်။ ထိုင်း၊ ကမ္ဘောဒီး ယား၊ လာအိုတို့ရဲ့ အရှေ့ဘက်မှာပါ။ ဖိလစ် ပိုင်သမ္မတ ဒူတာတေးက တစ်နှစ်တစ်ကြိမ် ပြော ကြားတဲ့နိုင်ငံတော်မိန့်ခွန်းမှာ "မူးယစ်ဆေး ဝါးမှုနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့ အတွက် သေဒဏ်ပြဋ္ဌာန်းဖို့ လွှတ်တော်အမတ် များကိုတိုက်တွန်းတဲ့အကြောင်း" ဖတ်ရပါ တယ်။ ကျွန်မတို့နိုင်ငံမှာ ဒီလောက်အခိုင်အမာ အမြစ်တွယ်နေတဲ့ မူးယစ်ဆေးဝါးတွေ လုံးဝပ ပျောက်စေဖို့ ဘယ်နည်းလမ်းနဲ့ အရေးယူသင့် ပါသလဲ။
.
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေး အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိတဲ့ မူး ယစ်ဆေးဝါးများနဲ့ ဆက်စပ်ပစ္စည်းများကို အ ကြိမ်ကြိမ်မီးရှို့ဖျက်ဆီးတဲ့အခမ်းအနားတွေကိုလည်း မြို့ကြီးမြို့ငယ်များမှာ ကျင်းပကြပါ တယ်။ ပြည်သူ့စကားဝိုင်းများမှာ မူးယစ်ဆေး ဝါးသုံးစွဲခြင်း ရောင်းဝယ်ခြင်း ဆိုးကျိုးများနဲ့ ပြစ် မှုဥပဒေများကို အသိပညာပေး ဟောပြောတာ ကြိုဆိုပါတယ်။ ကျောင်းသားလူငယ်ကြားမှာ လည်း မကြာမကြာအသိပညာပေးဖို့ ပိုပြီး လို အပ်ပါတယ်။ ခေတ်အဆက်ဆက်က မူးယစ် ဆေးဝါးသားကောင်များကို နှိမ်နင်းခဲ့ပေမယ့် ခွေးမြီးကောက်ကျည်တောက်စွပ်ပါပဲ။
.


.
ကျွန်မတို့နိုင်ငံမှာ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကလည်း ရာဇဝင်တွင်လောက်ပါတယ်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကို မမေ့နိုင်သေးပါ။ လူ ၁၃၈ ၀၀၀ သေဆုံးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ဇွန်လမှာ  ရေကြီးရေလျှံဖြစ်ပြီး လူ ၂၇ ဦးသေဆုံးခဲ့ရပါ တယ်။
.

ဒီနှစ် ၂၀၁၉ ခုနှစ်မှာ နှစ်ပေါင်း ၆၀ အ တွင်း တစ်ခါမှမကြုံဖူးတဲ့ အပူချိန်စံချိန်တင်တာ လည်း ဒီနွေမှာခံစားရတဲ့အပြင် သြဂုတ်လအ တွင်း မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုနဲ့အတူ မြေပြိုမှုပါ ထပ်ဖြစ်ပွားပါတယ်။ အဆိုးဆုံးက မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မလတ်တောင်မြေပြိုရာမှ လူ ၆၉ ဦး မြေပိသေ ဆုံးခဲ့ရတာ ဝမ်းနည်းစရာပါ။
.
နိုင်ငံတကာကလည်း  ကျွန်မတို့နည်းတူသ ဘာဝဘေးဒဏ် ခံစားနေရတယ်လို့မပြောစေ ချင်ပါ။ သစ်တောသစ်ပင် ပြုန်းတီးမှုနည်းတဲ့ နိုင်ငံက သဘာဝဘေးဒဏ် ထိခိုက်ပျက်စီးမှု နည်းပါး ပါတယ်။ ကျွန်မတို့နိုင်ငံက တစ်နိုင်ငံ လုံးကို လျှပ်စစ်ဓာတ်အားမလွှမ်းခြုံနိုင်သေး တော့ ကျေးလက်မှာနေ့စဉ်ထမင်းဟင်းချက် ပြုတ်ဖို့ ထင်းခုတ်အသုံးပြုနေရပါတယ်။ အခု တော့လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက မြို့ပေါ် ရောကျေးလက်အထိပါ လျှပ်စစ်ဓာတ်အားရရှိ ရေးဦးတည်ကြိုးပမ်းနေပါပြီ။ တစ်ပြည်လုံးအ တွက် ဓာတ်အား ၁၄၅၄၂ မဂ္ဂါဝပ်လိုအပ်ပြီး ၂၀၃၀ မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းမှာဖြစ် ပါတယ်။
.
နောက်တစ်ချက်က သစ်တောကို ခုတ် ထွင်ပြီး အခြားအပင်များ စိုက်ပျိုးကြပါတယ်။ သို့မဟုတ် အခြားနည်းလမ်းကို အသုံးပြုကြလို့ သစ်ဝါးပြုန်းတီးရပါတယ်။ ကျွန်မတို့နိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးဆုံးခံရတဲ့ နိုင်ငံအဖြစ်ကမ္ဘာ့စာရင်းဝင်ထဲပါပါတယ်။
.
သစ်တောထိန်းသိမ်းတဲ့ ဘူတန်နိုင်ငံအ ကြောင်းပြောပါရစေ။ ဘူတန်နိုင်ငံဟာ အိန္ဒိယ နဲ့ နီပေါနို်င်ငံတို့နဲ့ အိမ်နီးချင်းပါ။ မြို့တော်က သင်ဖူမြို့ဖြစ်ပြီး၊ ဘုရင်ကနမ်ဂျယ်ဝန်ပါ။ ဝန် ကြီးချုပ်က လိုတေးဖြစ်ပါတယ်။ သူတို့နိုင်ငံက သစ်တောဖုံးလွမ်းမှုက ၇၂ ရာခိုင်နှုန်းရှိပါတယ်   ဘယ်လိုကြောင်းနဲ့မှ သစ်တောဖုံးလွှမ်းမှုကို ၆၀ ရာခိုင်နှုန်းထက်မလျှော့စေရဘူးတဲ့၊ ဒါကို အရေးကြီးတဲ့အခန်းကဏ္ဍအဖြစ် နိုင်ငံရဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ သစ်တောဖုံးလွှမ်းမှု ကို ၆၀ ရာခိုင်နှုန်းထက်မလျှော့ရဘူးလို့ သတ် မှတ်ထားပါသတဲ့၊ ကျွန်မတို့က ဘယ်လောက် ရာခိုင်နှုန်းသတ်မှတ်ကြမလဲ။
.
ကျွန်မတို့ နိုင်ငံက သစ်တောပြုန်းတီးတဲ့ ကိစ္စ၊ ဂေဟစနစ်ပျက်စီးတဲ့ကိစ္စ၊ ကာဗွန်ထုတ် လုပ်မှုကိစ္စတွေနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အ စည်းဝေး ၁၁ ရက်မြောက်နေ့မှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဆိုတင်သွင်းတာကို ကိုယ်စားလှယ်အများက ဝိုင်းဝန်းဆွေးနွေးကြ ပြီး ယင်းအဆိုကို အတည်ပြုခဲ့ပါတယ်။
.
ကျွန်မတို့နိုင်ငံက ပရဟိတလုပ်ငန်းထွန်း ကားတဲ့နိုင်ငံပါ။ နှောင်ကြိုးမဲ့စေတနာအလှူရှင် များကလည်း လေဘေး၊ရေဘေးဒုက္ခသည်များ ကို အချိန်နဲ့တစ်ပြေးညီ ကယ်ဆယ်ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များကလည်း တစ် နေ့တာ နေ့တွက်စရိတ်ငွေကျပ် ၂၂၅ သိန်းလှူ ဒါန်းပါတယ်။ ဂုဏ်ယူစရာပါ။ ပေးတယ်၊ လှူ တယ်ဆိုတာ ဆင်းရဲတာ၊ ချမ်းသာတာနဲ့ မ ဆိုင်ပါ။ မြင့်မြတ်နှလုံးသားရှိသူတိုင်း ပေးလှူ ဖို့ ဝန်မလေးကြပါ။
.
ထူးခြားတဲ့သတင်းတစ်ခုက စစ်ကိုင်းတိုင်း ဒေသကြီး အပူပိုင်း စိမ်းလန်းစိုပြည်ရေး ဦးစီး ဌာနနဲ့ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တို့ ပူးပေါင်းပြီး သစ်စေ့ ၂၁၆ တင်းကို ပေ ၃၀၀ အမြင့်ကရဟတ်ယာဉ်ပေါ်ကနေ ကျောက်ကာ တောင်နဲ့ ကျောက်မြင်းတောင်ပေါ်ကို ကြဲချပါ သတဲ့၊ ဒေသထွက် မျိုးရင်းသစ်စေ့များဖြစ်တဲ့ ရှား၊ ဒဟတ်၊ မန်ကျည်း၊ တမာ၊ မဲဇလီစေ့များ ကို ၃ ၊ ၄ လလောက်တည်းက စုဆောင်းထား ပါတယ်။ သစ်စေ့အတိုင်းပဲ ကြဲချရင် လေထဲ လွင့်ပြီး လိုအပ်နေရာမရောက်မှာစိုးလို့ ထိုင်း နိုင်ငံက Seed Ball Method ကို အသုံးပြုပါ တယ်။ မြေဆွေးရယ်၊ နွားချေးရယ်၊ သစ်စေ့ ၃ စေ့ထည့်ပြီး လုံးထားပါတယ်။ သစ်ပင်မစိုက် နိုင်သေးတဲ့နေရာမှာ မိုးအမီ အပင်ပေါက် အောင် စီမံဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကြဲ ချပြီးတဲ့ သစ်စေ့လုံးများရဲ့အခြေအနေကို ဒီလကုန်မြေပြင်ကွင်းဆင်းကြည့်မယ်လို့ သိရပါ တယ်။ မကွေးတိုင်းဒေသကြီးမှာလည်း ဝေ ဟင်ပေါ်ကနေ သစ်စေ့လုံးတွေကို ရဟတ် ယာဉ်နဲ့ ကြဲချတာရုပ်မြင်သံကြားကရှုစားရပါ တယ်။
.
ဒီမိုးရာသီမှာ ထောင်သောင်းသိန်းမက သော သစ်မျိုးပင်များကို အစုအဖွဲ့လိုက်နိုင်ငံ တစ်ဝန်းလုံး စိုက်ပျိုးခဲ့ကြပြီးပြီ၊ စိုက်ပြီးတဲ့အ ပင်များရှင်သန်အောင်ပြုစုဖို့လည်း လိုအပ်နေပါတယ်။ အခုပဲ စရအောင်ပါ။

No comments:

Post a Comment

Journal Download

Photo of three cats