အသာစီးရလိုမှု၊ အမြတ်ရလိုမှု၊ အနိုင်ရလိုမှုများကို ရှေ့တန်းမတင်ရန် လိုကြောင်း NCAS-EAO ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ပြောကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, September 10, 2019

အသာစီးရလိုမှု၊ အမြတ်ရလိုမှု၊ အနိုင်ရလိုမှုများကို ရှေ့တန်းမတင်ရန် လိုကြောင်း NCAS-EAO ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ပြောကြား


မင်းဇော်မင်း
.
NCAs-EAO ညှိနှိုင်းအစည်းအဝေးကို ယနေ့ စက်တင်ဘာလ ၁၀ ရက်က ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်လျက်ရှိရာ အစည်းအဝေးတွင် အသာစီးလိုမှု၊ အမြတ်ရလိုမှု၊ အနိုင်ရလိုမှုများကို ရှေ့တန်းမတင်ရန် လိုအပ်ကြောင်း ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောဆိုခဲ့သည်။
.
.
“ဆွေးနွေးတဲ့နေရာမှာ တစ်ဘက်က တစ်ဘက်ကို အသာစီးရလိုမှု၊ အမြတ်ရလိုမှု၊ အနိုင်ရလိုမှုတွေကို ရှေ့တန်း မတင်ဘဲ ပြည်သူလူထုတစ်ရပ်လုံး ကောင်းကျိုးအတွက် NCA ပူးတွဲပိုင်ရှင်တွေ ဖြစ်ကြတဲ့ ကျွန်တော်တို့ဟာ လုပ်ဖော်ကိုင်ဖက်အဖြစ်ရော တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား အဖြစ်နဲ့ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကို ဝိုင်းဝန်းပူးတွဲနည်းလမ်းအဖြေရှာမှသာ အခက်အခဲပြဿနာတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
.
ယခုဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါသည့် အလှည့်အပြောင်း အချိုးအကွေ့တစ်ခု ဖြစ်သည့်အတွက် အားလုံးလက်ခံနိုင်သည့် မျှမျှတတအဖြဖြစ်သည့် ရလဒ်ကောင်းများ ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် ဆွေးနွေးဖက်များအနေဖြင့် တာဝန်ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
NCA စာချုပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုများနှင့် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည့်အလျောက် NCA တွင် ပြဌာန်းထားသည့်အတိုင်း မပျက်မကွက် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ ထင်ထားသကဲ့သို့ NCAs-EAO များသည် NCA ပြင်ပမှ ငြိ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေ ခြင်း မဟုတ်ကြောင်း၊ NCA နိဒါန်းတွင် အတိအလင်း ဖော်ပြထားသည့်အတိုင်း NCAs-EAO များသည် မယိုင်မလဲ ရပ်တည်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
အဆိုပါအစည်းအဝေးတွင် တရားဝင်ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး၊ ၂၀၂၀ နှစ်ဦးတွင် ၂၁ ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး၊ ၂၀၂၀ အလွန် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အဆင့်လိုက်ဆောင်ရွကမည့် အစီအမံများ ချမှတ်နိုင်ရေးတို့ကို ဦးတည်၍ အစိုးရမှ အဆိုပြု ထားသည့် ငြိမ်းချမ်းရှေ့ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ် ၄ ရပ်နှင့် NCAs-EAO များဘက်မှ ပြုစုထားသည့် NCA စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ပါ အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
အစည်းအဝေးသို့ NCAs –EAO ညှိနှိုင်းရေးအဖွဲ့မှ ဗိုလ်မှူးကြီးစိုင်းငင်း (Team Leder)၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာလျန်မုန်းဆာခေါင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ နိုင်အောင်မငေး၊ ဗိုလ်မှူးကြီးစောစိန်ဝင်း၊ ပဒိုစောအယ်ကလူးစေး၊ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှ ပဒိုစောဆဲဂေ၊ စိုင်းလျန်း၊ ဗိုလ်မှူးချုပ် စောတာမလာဘော၊ ဗိုလ်မှူးကြီးဆောင်းဟန်၊ ဗိုလ်မှူးကြီး ဗညားချမ်းနွန်တို့ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats