မူဆယ် နယ်စပ်တွင် ဖရဲသီးစျေးကျသဖြင့် အရောင်းအဝယ် ရပ်ဆိုင်းနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, September 13, 2019

မူဆယ် နယ်စပ်တွင် ဖရဲသီးစျေးကျသဖြင့် အရောင်းအဝယ် ရပ်ဆိုင်းနေ


စိုင်းသိင်္ခသူ
.
 ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် နှစ်နိုင်ငံ တရားဝင်သဘောတူ ရောင်းဝယ် ခွင့်ရ သီးနှံဖြစ်သော ဖရဲသီးစျေး ကျဆင်းနေသဖြင့် ဖရဲသီး တင်ပို့မှု ရပ်ဆိုင်းလျက် ရှိကြောင်း မူဆယ် အခြေစိုက် ခွာညိုပွဲရုံမှ သိရသည်။
.
.
“စျေးက တအား ကျနေတယ်။ အရင် ဖရဲ တစ်တန် ပေါက်စျေးက ၁၅၀၀ ယွမ်ကနေ အခုဆိုရင် ၉၀၀၊ ၇၀၀၊ ၆၀၀ အထိ တဖြည်းဖြည်း ကျ လာတယ်။ စျေးသာ ရှိပြီး ဝယ် သူ မရှိတဲ့ အနေအထားပါ။ တရုတ် ပြည်တွင်း ဖရဲပေါ်ချိန်နဲ့လည်း တိုက်နေတာကြောင့် ဖရဲအရောင်းအဝယ် ရပ်သွားပါ တယ်” ဟု ခွာညိုပွဲရုံ ပိုင် ရှင် ဦးစိုင်းခင်မောင်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ယခုရက်ပိုင်းအတွင်း တစ်ရက် လျှင် ဖရဲကား တစ်စီးစ နှစ်စီးစ ဝင်ရောက်နေသော်လည်း ၂၁၁ အ မျိုးအစား ဖရဲများမှ အစ စျေးမရ သဖြင့် ဖရဲအဝင် ရပ်ဆိုင်းသွားပြီး ကုန်သွယ်ရေး လမ်းကြောင်း မလုံခြုံမှုနှင့် တရုတ်ငွေစျေး မတည်ငြိမ် မှုများကြောင့်လည်း ဖရဲစျေးကွက် ရပ်ဆိုင်းနေရခြင်းဖြစ်သည်ဟု ၎င်းမှ ဆက်လက် ပြောဆိုခဲ့သည်။
.
မူဆယ်မြို့ရှိ သစ်သီးဝလံ ကုန် စည်ဒိုင် ဦးစိုင်းမြင့်ဗိုကမူ “တစ်ရက် ကို ၁၀ စီးလောက် ဝင်နေတာက မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ မြို့တွေ က ဝယ်စားကြတာပါ။ တရုတ် ပြည် တွင်း မြို့တွေကတော့ မဝယ်ပါဘူး။ ရာသီချိန် စတဲ့ အောက်တိုဘာလ ဆိုရင်တော့ ပြန်ပြီး ဦးမော့လာမယ် လို့ ထင်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးဝလံ တင်ပို့ရာတွင် ဖရဲသီးမှာ အဓိက ကုန်စည်ဖြစ်သဖြင့် ယခုအခါ စျေးကျနေသော်လည်း လာမည့် ဖရဲရာသီတွင် ပုံမှန်စျေးအ တိုင်း ပြန်ဖြစ်မည်ဟု ယူဆရပြီး လက်ရှိ အချိန်တွင် ဖရဲစိုက် တောင် သူများနှင့် ကုန်သည်များ အနေဖြင့် စျေးကွက်ကို စုံစမ်းပြီးမှ တင်ပို့ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
.
လတ်တလော ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကုန်သွယ်မှုလမ်း ကြောင်း မလုံခြုံမှုအပေါ် မူတည်ကာ ယခင်က ကားတင်ခ တစ်စီးလျှင် ၆ သိန်းကျပ်ခန့်သာ ရှိရာမှ ယခုအခါ ၁၀ သိန်းကျပ်ခန့်ထိ ကားခ မြင့် တက်လာခြင်းကြောင့်လည်း စျေး ကွက် ထိခိုက်စေခြင်း ဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats