တောင်ကြီးမြို့၌ မြေပြိုမှု ဖြစ်ပွားကာ နေအိမ်အချို့ ပျက်ဆီးခဲ့ရပြီး လူ ၄၀ ကျော် ပြောင်းရွှေ့နေထိုင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, September 9, 2019

တောင်ကြီးမြို့၌ မြေပြိုမှု ဖြစ်ပွားကာ နေအိမ်အချို့ ပျက်ဆီးခဲ့ရပြီး လူ ၄၀ ကျော် ပြောင်းရွှေ့နေထိုင်

စုလှိုင်
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့မ ရပ်ကွက်အတွင်း၌ စက်တင်ဘာလ ၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုန်တော်ကြီးကျောင်း အတွင်းမှ မြေသားများ လူနေအိမ် အချို့ပေါ်သို့ ပြိုကျခဲ့သဖြင့် ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ကာ လူ ၄၀ ကျော် အရေးပေါ် ပြောင်းရွှေ့နေထိုင် ခဲ့ရကြောင်း သိရသည်။
.

တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ နယ်မြေ (၃)၊ အနောက်မြို့ပတ်လမ်းရှိ ကုန်းသာပရိတ္တိ စာသင်တိုက် အောက်ခြေ အနိမ့် ပိုင်းမှ အလျား ၁၅၀ ပေခန့်ရှိ မြေသားများမှာ လူနေအိမ် ၃ လုံးပေါ်သို့ ပြိုဆင်းခဲ့ခြင်း ဖြစ်ပြီး၊ ယင်းကဲ့သို့ ပြိုကျမှုကြောင့် နေအိမ်များ၏ အောင်ခြေပိုင်းတွင် အနည်းငယ် ပျက်စီးခဲ့သော်လည်း အခြား ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေး လုပ်နေသော တပ်ဖွဲ့ဝင်များထံမှ သိရသည်။
.
ယင်းကဲ့သို့ မြေပြိုမှု ဖြစ်ပွားရာ နေရာ၌ ဒေသခံ ပြည်သူများ၊ တပ်မတော်သားများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များမှ ကူညီ ကယ်ဆယ်မှုများ ပြုလုပ်ကာ ဆက်လက်၍ အန္တရာယ် မဖြစ်စေရေးအတွက် ယာယီ မြေထိန်းညှိခြင်း ၊ မိုးကာဖျင်များဖြင့် ဖုံးအုပ်ခြင်းများ၊ အခြား လိုအပ်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
.

ထို့အပြင် မြေပြိုမှု ဖြစ်ပွားရာ နေရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လာရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး အနီး ဝန်းကျင်မှ နေအိမ်များ ဆက်လက်၍ အန္တရယ် ရှိလာနိုင်သဖြင့် ပြောင်းရွှေ့ နေထိုင်ရန် လမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။
.
အဆိုပါ မြေပြိုမှု ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့၊ မြို့မရပ်ကွက် အုပ်ချူပ်ရေးမူးရုံးတွင် အရေးပေါ် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၉ စုနှင့် လူဦးရေ ၅၄ ဦးအား ပြောင်းရွှေ့ နေထိုင်စေလျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats