ပြည်သူ့စစ်များအား တပ်မတော်မှ ကွပ်ကဲနေသော်လည်း အရပ်ဘက်အဖွဲ့အစည်းသာဖြစ် ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, September 15, 2019

ပြည်သူ့စစ်များအား တပ်မတော်မှ ကွပ်ကဲနေသော်လည်း အရပ်ဘက်အဖွဲ့အစည်းသာဖြစ် ဟုဆို


မင်းဇော်မင်း
.
ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးမှ ကွပ်ကဲနေသည့် ပြည်သူ့စစ်များသည် တပ်မတော်သား များမဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းများသာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောဆိုခဲ့သည်။
.
 
.
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို စက်တင် ဘာလ ၁၁ ရက်က နေပြည်တော်တွင် ကျင်းပရာ ယင်းအစည်းအဝေးတွင် ပေါင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းမေးမြန်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ကျေးရွာပြည်သူ့စစ်များကို မည်သည့်အတွက်ကြောင့် ထားရှိပြီး ပြည်သူ့စစ်များ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းက တာဝန်ခံသည်ကို သိရှိလိုကြောင်း ေးခွန်းမေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြည်သူ့စစ်များ၏ စည်းကမ်းချက်တွင် ပြည်သူလူထုနှင့် အတူ ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်ရမည်ဟု ပြဌာန်းထားသည်ကို တွေ့ရှိရကြောင်း၊ သို့သော် လက် ရှိတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ၊ သစ်မှောင်ခိုခိုးထုတ်ှုများကို မြင်တွေ့နေရကြောင်း၊ ပြည်သူများနှင့်အတူ နီး ကပ်စွာနေထိုင်ရမည့် ပြည်သူ့စစ်အဖွဲ့ကို လက်နက်၊ အာဏာ၊ လုပ်ပိုင်ခွင့်များ ပေးထားပါက အချိန်မရွေး လူမှုရေး ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အာဏာအလွဲသုံးစားမှုများ ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း လွှတ်တော် တွင် မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။
.
အဆိုပါမေးခွန်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့စစ် များသည် တပ်မတော်သားအဖွဲ့အစည်းမဟုတ်ကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းသာဖြစ်ကြောင်း၊ ပြည်သူ့စစ် အဖွဲ့များကို တပ်မတော်(ကြည်း/ရေ/လေ) တပ်ရင်းတပ်ဖွဲ့များက ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ လက်နက်တပ်ဆင် ရေးနှင့် တာဝန်ခွဲဝေသတ်မှတ်ပေးရေးအတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များက ၎င်းတို့နယ်မြေအလိုက် ဖွဲ့စည်းထားသော ပြည်သ့့စစ်အဖွဲ့များအား ကြီးကြပ်ကွပ်ကဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးက ကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
စစ်ရေးလိုအပ်ချက်ရှိသည့်နေရာများတွင် လုံခြုံရေးကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရပ်ဘက် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှု အန္တရာယ်ကို ချေမှုန်းနိုင်ရေးအတွက် ရေတိုရည်မှန်းချက်အရ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေရှည်တွင် ပြည်သူတစ်ရပ် လုံးက နိုင်ငံတော်အား ကာကွယ်စောင့်ရှောက်သည့် ပြည်သူ့စစ်မဟာဗျူဟာ၏ အစိတ်အပိုင်းအဖြစ် ပါဝင် ဆောင်ရွက်နိုင်မည့် ပြည်သူ့စစ်ဌာနေအဖွဲ့များအဖြစ် ဖွဲ့စည်းထားရှိခြင်းဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
ယင်းဖြေကြားချက်အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ထပ်ဆင့်မေးခွန်းအဖြစ် “ပြည်သူ့စစ်ကို မငြိမ်းချမ်းတဲ့ဒေသတွေမှာ ဖွဲ့စည်းထားတယ်လို့ သိရတယ်။ ပြည်သူ့စစ်အဖွဲ့တွေမှာ ဥပဒေရော ရှိသလား။ ပြည်သူ့စစ်ရဲ့တရားဥပဒေမဲ့ လုပ်ရပ်တွေကို ဘယ်လို အရေးယူဆောင်ရွက်မှုတွေ ရှိနိုင်သလဲ။ တရား စီရင်ရေးကို ဘယ်အဖွဲ့က အရေးယူဆောင်ရွက်မလဲ ဆိုတာကိုလည်း သိရှိလိုပါတယ်” ဟု မေးမြန်းခဲ့သည်။
.
အဆိုပါထပ်ဆင့် မေးခွန်းကို ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့စစ်ဗမဟာဗျူဟာအကောင်အထည်ဖော်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဆိုထားကြောင်း၊ နိုင်ငံ၏ကာကွယ်ရေးမူဝါဒအရ ဆက်လက်ဖွဲ့စည်းထားရှိခြင်း ဖြစ်ကြောင်း၊ ကာကွယ်ရေးမူဝါဒမပြောင်းမလဲမချင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
.
ပေါင်မြို့နယ်တွင် ပြည်သူ့စစ်ရှိသော ကျေးရွာ ၄၅ ရွာရှိပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၁၁၂၆ ဦင်္းရှိကာ လက်နက် အရေအတွက် ၂၄၆ လက်နှင့် ကျည်ဆံ ၇၅၁၃ တောင့်ရှိကြောင်း၊ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က ပြည်သူ့စစ်နှင့် ကျေးရွာလူထုတို့ ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း၊ အမှန်တစ်ကယ် ကျေးရွာ လုံခြုံရေးနှင့် အေးချမ်းသာယာရေးကို တာဝန်ယူထားရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ပိုင်ခွင့်သာဖြစ်သည်ဟု ယူဆကြောင်း၊ အာဏာကို သုံးစွဲပြီး ပြည်သူကို ခြိမ်းခြောက်သည့် စကားများပါ သုံးစွဲသည့်အတွက် ပြည်သူများမှ စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်နေရ ကြောင်း ဒေါ်မိကွန်ချမ်းက လွှတ်တော်တွင် ပြောဆိုခဲ့သည်။
.
ဒေါ်မိကွန်ချမ်း၏ မေးခွန်းမေးမြန်းမှုအရ တစ်နိုင်ငံလုံး ပြည်သူ့စစ်အဖွဲ့ပေါင်း ၆၀၅၀ ဖွဲ့ရှိပြီး တစ်ဖွဲ့လျှင် ၂၀ ဦးမှ ၆၀ ဦးအထိ ဖွဲ့စည်းရန်ခွင့်ပြုထားကြောင်း သိရသည်။
.
မြန်မာနယ်စပ်တစ်လျှောက် ပြည်သူ့စစ်အဖွဲ့များ၏ သစ်ခိုးထုတ်မှုများ၊ မူးယစ်ဆေးကိစ္စရပ်များ၊ လောင်းကစားရုံ ကိစ္စရပ်များ၊ သတ္တုခိုးထုတ်မှုများ၊ ပြည်သူများအပေါ် လမ်းကြေးတောင်း၊ အနိုင်ကျင့် ရိုက်နှက်မှုများ စသည့် ဖြစ်ရပ်များစွာ ရှိနေကြောင်း စစ်ရေးလေ့လာသူများနှင့် သက်ဆိုင်ရာဒေသခံများထံက သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats