အမုန်းစကားများကို ကျော်လွှား ပယ်ဖျောက် နိုင်ပါစေကြောင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, September 18, 2019

အမုန်းစကားများကို ကျော်လွှား ပယ်ဖျောက် နိုင်ပါစေကြောင်း

ကမ္ဘောဇတိုင်း
.

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမုန်းစကားများကို ကျော်လွှားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုဆောင်ရွက်ရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
.
မြန်မာနိုင်ငံတွင် ဒီဂျစ်တယ် အွန်လိုင်း နည်းပညာ စတင်ခေတ်စားလာသည့် အချိန်မှ စတင်၍ Hate Speech ခေါ် အမုန်းစကားများကို စတင်မြင်တွေ့လာရသည်။ စစ်အာဏာရှင်ခေတ်အဆက်ဆက် စာပေကင်ပေတိုင်ခေတ်တွင် စာပေစိစစ်ရေး စည်းမျဉ်းစည်းကမ်းများအောက်၌ စာအုပ်စာပေ ထုတ်ဝေရာတွင် တင်းကြပ်လွန်းသည့် စည်းကမ်းများ ကြားမှ ခက်ခက်ခဲခဲ ထုတ်ဝေခဲ့ကြရသည်ဖြစ်ရာ စာပေလွတ်လပ်ခွင့် လုံးဝဥဿုံ ဆိတ်သုဉ်းခဲ့ရသည်။ အွန်လိုင်း ခေတ်ဆန်းလာချိန်တွင် တည်းဖြတ်သူမရှိ၊ စိစစ်သူမရှိ၊ မှင်နီတားမည့်သူမရှိသည့်အတွက် အွန်လိုင်းစာမျက်နှာ များပေါ်တွင် မိမိ ထင်မြင်ယူဆချက်၊ ခံယူချက်များကို လွတ်လပ်စွာ ရေးသားလာခဲ့ကြသည်။ ထိုအချိန်တွင် အကျိုး ဆက်ကား အကွပ်မရှိသည့် စာပေတောင်းကဲ့သို့ ပရမ်းပတာ ဖြစ်ခဲ့ရပြီး တစ်ဘက်နှင့်တစ်ဘက် အားပြိုင်မှုများမှ တစ်ဆင့် အမုန်းစကား ဖြန့်ဝေမှုများ ပေါ်ပေါက်လာခဲ့ရသည်။
.
တစ်ဖန် ပထမအကြိမ် ရွေးကောက်ခံအစိုးရ အာဏာရပြီးနောက် စာပေလွတ်လပ်ခွင့် အထိုက်အလျောက် ခွင့်ပြုခဲ့သည့် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ယင်းကဲ့သို့ ဝါဒအားပြိုင်မှုများ၊ အမုန်းစကား ဖြန့်ဝေမှုများကို သတင်းစာ၊ ဂျာနယ်နှင့် စာအုပ်စာစောင်များတွင် ပေါ်ပေါ်ထင်ထင် မြင်တွေ့လာရသည်။
.
ထို့အပြင် မိုဘိုင်းလ်ဖုန်းများကို တောရောမြို့ပါမကျန် လူတိုင်း ကိုင်ဆောင် အသုံးပြုလာနိုင်သည့်ခေတ်တွင် အမုန်းစကား ဖြန့်ဝေမှုများက ပိုသိသာထင်ရှားလာခဲ့သည်။ ယနေ့ခေတ်တွင် Facebook ကို လူတိုင်းနီးပါး စွဲစွဲလန်းလန်း သုံးစွဲနေကြသည်ဖြစ်ရာ ဝါဒဖြန့်ရန်၊ အမုန်းစကားဖြန့်ဝေရန်အတွက် Facebook မှာ အလွယ်ကူဆုံး နေရာ တစ်ခု ဖြစ်နေသည်။
.
ယနေ့ခေတ်တွင် ယင်းလူမှုကွန်ရက်များကြောင့်ပင် တစ်ဦးနှင့်တစ်ဦး တစ်ဘက်နှင့်တစ်ဘက် အမုန်းပွားကာ အပြန်အလှန်တရားစွဲဆိုခြင်းများလည်း အများအပြားရှိနေသည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ ခေတ်သစ် လူနေထိုင်မှု စနစ်အရ လူမှုကွန်ရက်များသည် လူသားများ၏ ဘဝအစိတ်အပိုင်း အတွင်းသို့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာနေပြီး လူမှုကွန်ရက်ကြောင့် အဝေးမှ မိသားစုများ၊ မိတ်ဆွေ၊ အပေါင်းအသင်းများ ဆုံစည်းရသကဲ့သို့ အနီးဆုံးရှိ မိသားစုဝင်များနှင့်လည်း နီးလျှက်နှင့် ဝေးကွာ နေရသည်များလည်း များစွာ ရှိလာနေသည်။
.
လူမှုကွန်ရက်ကို ဖျော်ဖြေရေးအတွက်သော်လည်းကောင်း၊ အသိပညာဗဟုသုတများ ရှာမှီးရေးအတွက်သော် လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့် အဆက်အသွယ် ပြုလုပ်နိုင်ရေးအတွက်သော်လည်းကောင်း၊ မိမိ ထင်မြင်ယူဆချက်များကို ကလောင်လက်သွေးသည့်သဘောဖြင့် ရေးသားလက်တည့်စမ်းလိုသည့် ရည်ရွယ်ချက် ဖြင့်သော်လည်း နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနေကြသည်။
.
နှစ်ပေါင်းများစွာ သတင်းအမှောင်ခေတ်ကို ဖြတ်သန်းခဲ့သည့် မြန်မာြပည်သူများအဖို့ လူမှုကွန်ရက်ပေါ်တွင်  မိမိတို့၏ ထင်မြင်ယူဆချက်များကို လွတ်လွတ်လပ်လပ် ရေးသားတင်ပြကြသည်။ ယင်းသို့ တင်ပြရာ၌ လူမျိုးစွဲ၊ အယူဝါဒစွဲ၊ ဘာသာစွဲများကြောင့် တစ်ဖက်သတ်ဆန်သည့် ရေးသားတင်ပြမှုများကို မြင်တွေ့ လာနေရသည်။ ယင်းအစွဲများမှပင် အမုန်းစကားများ အခြေတည်လာရခြင်းလည်း ဖြစ်သည်။
.
ဤနေရာတွင် လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်နှင့် အမုန်းစကားကို ခွဲခြားသိမြင်ရန် လိုအပ်လာမည် ဖြစ်ပါသည်။ ၂ဝဝ၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၈)၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၅၄ (ဃ) တွင် တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြား ဘာသာ၊ သာသနာကို လည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဟု ပြဌာန်းထားပါသည်။
.
ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြဿနာပဋိပက္ခများကို အရင်းစစ်ပါက လူမှုကွန်ရက်စာမျက်နှာ ပေါ်မှ အမုန်းစကားများပေါ်တွင် အခြေတည်သည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်တစ်ဝှမ်း ထာဝရငြိမ်းချမ်းရေး၊  ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတို့အတွက် နိုင်ငံတော်သမ္မတကြီး ပြောကြားသည့်အတိုင်း အမုန်းစကားများကို ကျော်လွှားပယ်ဖျောက် နိုင်ပါစေကြောင်း။ ။
.

No comments:

Post a Comment

Journal Download

Photo of three cats