တောင်ကြီးတန်ဆောင်တိုင် စျေးမကြီးစေဖို့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, September 11, 2019

တောင်ကြီးတန်ဆောင်တိုင် စျေးမကြီးစေဖို့


ကမ္ဘောဇတိုင်း
.

၂၀၁၉ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၄ ရက်မှ ၁၂ ရက်ထိ ၉ ရက်ကြာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ ပွဲတော်ကာလသို့ ရောက်ရှိရန် အချိန်အားဖြင့် ၁ လခွဲကျော်ခန့် သာ လိုအပ်တော့သည် ဖြစ်ရာ ပြိုင်ပွဲဝင် အစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးပုံးပျံပြိုင်ပွဲဝင်အဖွဲ့များ အပါ အဝင် အခြား ပွဲတော်နှင့် ဆက်စပ်ပတ်သက်နေသူများမှ အသီးသီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်တွင် ပွဲရက် တစ်ရက် လျော့နည်း ကျင်းပမည်ဖြစ်သဖြင့် ဒေသခံများ၊ မီးပုံးပျံ ပညာရှင်များမှ ကန့်ကွက်မှုများလည်း ရှိနေကြသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် မီးပုံးပျံပြိုင်ပွဲကြောင့် ကမ္ဘာတွင် ထင်ရှားကျော်ကြားသလို ပြည် တွင်း/ပြည်ပခရီးသွားဧည့်သည်များ တောင်ကြီးမြို့သို့ အများဆုံး လာရောက်ရာ ကာလလည်း ဖြစ်သည်။ ယင်းကဲ့သို့ စည်ကားသည်နှင့်အမျှ တောင်ကြီးမြို့ပေါ်တွင် သူဌေးသူကြွယ် လုပ်ငန်းရှင်များ အပါအဝင် ဆင်းရဲသား အခြေခံ လူတန်းစားများလည်း စီးပွားရေးအတွက် လုပ်ကိုင်ဆောင်ရွက်၍ အကောင်းဆုံးအချိန်လည်း ဖြစ်သည်။
.
နှစ်စဉ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စျေးဆိုင်ခန်း၊ ယာဉ်ရပ်နားခ ကောက်ခံရေး၊ မိလ္လာ စသည်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ လုပ်ကိုင်လိုသော လုပ်ငန်းရှင်များအား လေလံပေး၍ လုပ်ကိုင်စေလျက်ရှိပါသည်။ ထိုသို့ လုပ်ကိုင်ရာတွင် လေလံရောင်းချမှုနှင့် ပတ်သက်၍ ကန့်ကွက်မှု ကြုံတွေ့ရခြင်း များလည်း ရှိခဲ့ဖူးသည်။  ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ စျေးဆိုင်ခန်းနှင့် အထွေထွေ လေလံများကို ငွေကျပ် ၃၄၃၆ ဒသမ ၃ သိန်းဖြင့် ရောင်းချခဲ့က ၂၀၁၇ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၂၈၀၀ ကျော်ဖြင့် ရောင်းချခဲ့ရာ တစ်နှစ်ထက် တစ်နှစ် လေလံစျေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ လေလံစျေး တိုးမြင့်ရရှိသည့်အတွက် ပွဲတော်ကျင်းပရေးကော်မတီအနေဖြင့် ပွဲတော်အတွက် ပိုမို စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်မည် ဖြစ်သော်လည်း အခြားတစ်ဘက်တွင် ပွဲလာပရိသတ်များအတွက် ကုန် စျေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံစားရမည် ဖြစ်သည်။
.
ပွဲတော်ကန်ထရိုက်လေလံ ရရှိသူအနေဖြင့်လည်း ၎င်း၏ ရင်းနှီးထားသည့် ငွေကြေးများ ပြန်လည် ရရှိစေရန် အတွက် ဆောင်ရွက်သွားမည်သာ ဖြစ်သည်။ စျေးဆိုင်ခန်းခများ မြင့်တက်လာမည့်နည်းတူ စားသောက်ကုန်စျေးနှုန်း များကလည်း မြင့်တက်လာတော့မည် ဖြစ်ပေသည်။
.
တန်ဆောင်တိုင်ပွဲတော်သို့ လည်ပတ်ကြသည့် ဒေသခံများအနေဖြင့် စားသောက်ပြီးမှသာ  ပွဲအတွင်းသို့ သွားရောက်လေ့ရှိသည်။ မိမိတို့ စားသောက်လိုသည့် အစားအသောက်များကိုလည်း မြို့တွင်းရှိ စတိုးဆိုင်များမှ ဝယ်ယူ၍ သယ်ဆောင်သွားကြသည်။ အကြောင်းမှာ ပွဲစျေးတန်းတွင် ရောင်းချသည့် စားသောက်ကုန်များမှာ စျေး ကြီးမြင့်ခြင်းကြောင့်ပင် ဖြစ်သည်။ ဒေသခံများအတွက် အကြောင်းသိ ဖြစ်၍ ကြိုတင်ပြင်ဆင်နိုင်သော်လည်း အခြား ဒေသများမှ လာရောက် လည်ပတ်ကြသူများအတွက်မူ စျေးကြီးပေး၍ စားသောက်ရုံမှအပ အခြား ရွေးချယ်စရာ မရှိချေ။
.
ထို့အပြင် ပွဲတော်ကာလအတွင်း တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှာလည်း ဧည့် သည်များ ပြည့်ကျပ်နေသည့်အတွက် အခန်းခစျေးနှုန်း ပိိုုတောင်းခံခြင်းများ ရှိနေသလို မြို့တွင်း ပြေးဆွဲနေသည့် လိုင်းကားများမှာလည်း ကားခ ပိုမိုတိုးမြှင့်ကောက်ခံမှုများ ရှိနေသည်။ သို့ဖြစ်လေရာ တောင်ကြီးတန်ဆောင်တိုင် သည် စျေးကြီးသည့် တန်ဆောင်တိုင်ဟုပင် ပြောရမလို ဖြစ်နေပါသည်။
.
ပြီးခဲ့သည့်နှစ် တန်ဆောင်တိုင်ပွဲတော်ကာလများအတွင်းက ယာဉ်ရပ်နားခ ကောက်ခံမှုနှင့် ပတ်သက်၍ သတ်မှတ်စျေးနှုန်းထက် ပိုမိုကောက်ခံခြင်း မပြုရန် ညွှန်ကြားထားမှုများ ရှိသော်လည်း အဆမတန် ကောက်ခံမှုများ ရှိနေသော်လည်း ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်းမျိုးကို မတွေ့ရှိခဲ့ရချေ။ ယင်းနေရာတွင် တိုင်ကြားမှု ပြုလုပ်မှသာ အရေးယူမည်ဆိုသည့် ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းများကိုလည်း ပြုပြင်သင့်နေ ပြီ ဖြစ်သည်ဟု ယူဆမိပါသည်။
.
တစ်နှစ်ထက်တစ်နှစ် အထွေထွေကုန်စျေးနှုန်းများ မြင့်တက်လာနေချိန်တွင် ယခုနှစ် တောင်ကြီးတန်ဆောင် တိုင်ပွဲတော်သည်လည်း ယခင်နှစ်များထက် ပို၍ပို၍ စျေးကြီးလာမည်မှာ အသေအချာဟုပင် ဆိုနိုင်ပေသည်။ ပွဲတော် အကြိုကာလ ဖြစ်သည့်အလျောက် ပွဲတော်ဖြစ်မြောက်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ရိုးရာပွဲကို အကြောင်းပြု၍ စားသောက်ကုန် စျေးနှုန်းများ အဆမတန် မြှင့်တင်ခြင်း မပြုလုပ်နိုင်စေရန်နှင့် အခြား သော ဆိုင်ခန်းခ၊ ယာဉ်ရပ်နားခ၊ ဟိုတယ်/တည်းခိုခန်းခ စသည်ဖြင့် ပွဲတော်နှင့် ပတ်သက်သည့် ပြည်သူများ မ ဖြစ်မနေ ပတ်သက်နေရသည့် အရာများ စျေးကြီးမြင့်မှု မရှိစေရေးကိုလည်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီအနေဖြင့် စီစဉ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။ ။
.

No comments:

Post a Comment

Journal Download

Photo of three cats