တစ်ရက်လျော့ တန်ဆောင်တိုင်နဲ့ တောင်ကြီးသားတို့ အမြင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, September 11, 2019

တစ်ရက်လျော့ တန်ဆောင်တိုင်နဲ့ တောင်ကြီးသားတို့ အမြင်


စိုင်းရာဇာ
.
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သည် မြန်မာပြည်သာမက ကမ္ဘာကသိသော ပွဲတော် တစ်ခုဖြစ်ပါသည်။ ယခုနှစ် တောင်ကြီးတန် ဆောင်တိုင်ပွဲတော်တွင် ပွဲတော်ရက် တစ် ရက်လျှော့ ကျင်းပမည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများ၊ မီးပုံးပျံ ပညာရှင်များမှ ဝေဖန် ပြောဆိုမှုများ ရှိနေပြီး ပွဲတော် တစ်ရက် ပြန် လည်တိုး၍ မူလအတိုင်း ၁၀ ရက် ကျင်းပပေး ရန် တောင်းဆိုမှုများလည်း ရှိနေသည်။
.
ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် က ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည့် တောင်ကြီးတန် ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ယင်းကဲ့သို့ ပွဲကာ လ တစ်ရက် လျှော့ ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အတွက် မီးပုံးပျံ ပြိုင်ပွဲဝင် အ ဖွဲ့များနှင့် မီးပုံးပျံပညာရှင်များမှ ပွဲတော်ကို ပုံမှန်အတိုင်း ကျင်းပနိုင်ရေး တောင်းဆိုနေ ခြင်းဖြစ်သည်။
.
ယခင်က တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၇ ရက်မှ လပြည့်ကျော် ၁ ရက် အထိ ၁၀ ရက်ကြာ ကျင်းပခဲ့သော်လည်း ယခုအခါ လဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်အထိ စုစုပေါင်း ၉ ရက်သာ ကျင်းပမည်ဖြစ်သဖြင့် ဒေသခံများမှ ဝေဖန်နေခြင်းလည်း ဖြစ်သည်။
.
ရှမ်းပြည်နယ် ဒေသအတွင်း ၉ ဂ ဏန်းကို စိုးရွံ့ထိတ်လန့်မှုများ ရှိနေပြီး ခရီး သွားလျှင်ပင် မော်တော်ယာဉ် တစ်စီးပေါ်၌ ယာဉ်မောင်းအပါအဝင် ခရီးသည် ၉ ဦး ပါ ရှိပါက ခရီးအဟန့်အတားဖြစ်ပေါ်တတ်ခြင်း များကြောင့် ကျောက်ခဲတစ်လုံးကို ခရီးသည် အဖြစ် တင်ဆောင်၍ မောင်းနှင်သည့် အယူ အဆ များလည်း ရှိနေသည်။
.
ရှမ်းပြည်နယ် အနေဖြင့် ကိုးမြို့ရှင် စောင့်ရှောက်သည်ဟူသော အယူအဆများ ရှိနေသည့်အတွက် ၉ ဂဏန်းကို ရှောင်ကြဉ် မှုများ ရှိနေကြသော်လည်း ယခုနှစ် တန် ဆောင်တိုင်ပွဲတော်တွင် ၉ ရက်ကြာ ပြုလုပ် မည်ဖြစ် သည့်အတွက် ဝေဖန်မှုများ ရှိနေကြ သည်။
.
“ရှမ်းပြည်နယ်မှာ ၉ ဂဏန်းကို ရှောင်တာ အကောင်းဆုံးပါပဲ။ ရှမ်း ၉ မြို့ ရှိတယ်။ ၉ ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြပါတယ်။ ပွဲလုပ်မယ်ဆိုရင် ၃၊ ၅၊ ၇၊ ၁၀ စတဲ့ရက်တွေပဲ လုပ်တာများတယ်။ ၉ ဂဏန်းနဲ့ ပတ်သက်လာ ရင် ဘာလုပ်လုပ် နည်းနည်းတော့ အဆင်မ ပြေမှုတွေ ကြုံတွေ့ရတာရှိပါတယ်” ဟု တောင် ကြီးဒေသခံ မြို့မိမြို့ဖ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ တန်ဆောင်တိုင်ပွဲတော် ၉ ရက်သာ ကျင်းပခွင့် ပြုခြင်းနှင့် ပတ်သက်၍ ပြိုင်ပွဲဝင် မီးပုံးပျံ အရေအတွက် များပြားသဖြင့် ပြိုင်ပွဲဝင်ချိန် မလုံလောက်နိုင်ခြင်း၊ ရာသီဥတု အခက်အခဲနှင့် အခြားသော အခက်အခဲများ ကြောင့် မီးပုံးပျံပြိုင်ပွဲဝင် အဖွဲ့များ အတွက် အခက်အခဲ ရှိလာနိုင်ပြီး အချိန်၊ လုပ်အား၊ ငွေအား ဆုံးရှုံးလာနိုင်ခြင်း၊ ပွဲတော်အား မှီ ခို၍ စီးပွားရေး လုပ်ကိုင်စားသောက်ရသော အခြေခံလူတန်းစားပြည်သူများ အတွက် အခက်အခဲ ဖြစ်ပေါ်နိုင်ခြင်း၊ ပြည်နယ်၏ ခ ရီးသွား လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများ ထိ ခိုက်လာနိုင်ခြင်းများ ရှိလာနိုင်ကြောင်း ဒေသ ခံများမှ ဝေဖန်ပြောဆိုလျက်ရှိသည်။
.
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် မီးပုံးပျံပြိုင်ပွဲသာ အဓိက ပရိသတ် ဆွဲဆောင် ရာ ဖြစ်ပြီး ယခုကဲ့သို့ မီးပုံးပျံ လွှတ်တင်ရက် တစ်ရက်လျှော့ချလိုက်ခြင်းအား ဖြင့်ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ခြင်း၏ အနှစ်သာရကို ထိ ခိုက်စေ နိုင်သည့်အတွက် ပွဲတော်ကို ပုံမှန် အတိုင်း ၁၀ ရက် ကြာ ကျင်းပပေးရန် မီး ပုံးပျံ ပညာရှင်များ၊ မီးပုံးပျံပြိုင်ပွဲဝင် အဖွဲ့များနှင့် ဒေသခံများမှ စက်တင်ဘာလ ၆ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြ တောင်းဆို ထားကြောင်း သိရသည်။
.

.
“အဓိက ကတော့ ပြိုင်ပွဲဝင်မီးပုံးပျံအဖွဲ့ တွေအတွက်ပါ။ တစ်ရက်လျှော့လိုက်ရင် ဒီနှစ် က မီးပုံးပျံလုပ်တဲ့ အဖွဲ့ တွေလည်း များတယ်။ ပွဲ ကျင်းပသူတွေအတွက် တစ်ရက်က ပြ ဿနာမရှိပေမဲ့ မီးပုံးပျံအဖွဲ့တွေကျတော့ တစ်ရက်မှာ မီးပုံးပျံ အများကြီးလွှတ်တဲ့အခါ အစောပိုင်းလွှတ်တဲ့သူတွေက ပြဿနာမ ရှိပေမဲ့ နောက်ပိုင်းလွှတ်တဲ့ သူတွေက ရာသီ ဥတုအခြေအနေကို မှန်းလို့မရတော့ အဆင် မပြေဘူး။ အကယ်၍ ရာသီဥတုကြောင့် မ လွှတ်ဖြစ်ဘဲ ကျန်ခဲ့တဲ့ မီးအဖွဲ့တွေရှိရင် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ ကုန်ကျစ ရိတ်တွေက ပိုကုန်မယ်။ ဒါ့အပြင် ဒီနှစ် မှာယမ်းတွေကလည်း အဆမတန် စျေးတက် သွားတာ ရှိတယ်။ အခုလို ပွဲတော် တစ် ရက် လျော့သွားတာကတော့ စိတ်မကောင်း ဖြစ်ရပါတယ်” ဟု မီးပုံးပျံပညာရှင် စိုင်းအောင် မျိုးက ၎င်း၏ အမြင်ကို ပြောသည်။
.
တောင်ကြီးတန်ဆောင်တိုင် ပွဲတော် ကျင်းပရေးဦးစီးကော်မတီ အနေဖြင့်လည်း တစ်ရက်စာအတွက် လုံခြုံရေးမှအစ အ ထွေထွေကုန်ကျစရိတ်များ ကြီးမြင့်လာမည် ဖြစ်ရာ ပွဲတော်တစ်ရက်လျှော့၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
.

“ ရှမ်းပြည်နယ်ရဲ့ ကမ္ဘာကျော်တဲ့ ပွဲ တော်ကြီး တစ်ခု ဖြစ်ပါတယ်။ ပွဲတော်တစ်ခု လုံး ဘေးကင်းလုံခြုံဖို့၊ သန့်ရှင်းသပ်ရပ် ဖို့၊ စည်းကမ်းတကျနဲ့ ကျင်းပနိုင်ဖို့ ရည် ရွယ်ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေး လုပ်တယ်။ ပွဲ ကျင်းပမယ့်ရက်ကို သတ်မှတ်ပေး လိုက် ပါတယ်။ တန်ဆောင်တိိုင် ပွဲတော်ရက်ကို တော့ ဒီနှစ်မှာ ၈ ညနဲ့ ၉ ရက် သတ်မှတ် ပေးထားတယ်။ အဓိက ကတော့ ရှမ်း မြောက်မှာ တိုက်ခိုက်မှုတွေ ဖြစ်နေတယ်။ ဒါ ကြောင့်က တစ်ပိုင်းအနေနဲ့ လုံခြုံရေးအရပေါ့။ နောက်တစ်ခုကတော့ ပွဲတော်တွက် တစ်ရက် ဆိုရင်တစ်ရက် ကုန်ကျစရိတ်က သက် သာ သွားမယ်” ဟု တောင်ကြီးမြို့တော် တန် ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော် မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုး ထွန်းက ပြောသည်။
.
ပွဲတော် တစ်ရက် လျှော့ချလိုက်ပါက ပွဲ တော်အတွင်း လာရောက် ရောင်းချသော ပျံကျစျေးသည်များအတွက် တစ်ရက်စာ ဝင်ငွေ လျော့နည်း သွားမည်ဖြစ်ပြီး အစိုးရ အဖွဲ့အနေဖြင့်လည်း ပွဲဈေးတန်း လေလံတင် ရောင်းချရာတွင် လေလံစျေး လျော့နည်း ရ ရှိနိုင်မည် ဖြစ်သည်။
.
၂၀၁၇ ခုနှစ်က တန်ဆောင်တိုင်ပွဲတော် စျေးဆိုင်ခန်း လေလံခေါ်ယူမှုနှင့် ပတ် သက်၍ ပွင့်လင်းမြင်သာမှု မရှိသည့် အပေါ် ဝေဖန်ပြောဆိုမှုများ ရှိခဲ့ပြီး ယခင်နှစ် (၂၀၁၈ ခုနှစ်) ကတင်ဒါအမျိုး အစားများအား အ စိုးရအဖွဲ့မှ သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့် အသီးသီး ရောင်းချခဲ့ကြောင်း သိရသည်။ သို့ရာတွင် မော်တော်ယာဉ် ရပ် နားခ လေလံ ရရှိသူများမှ သတ်မှတ် စည်း ကမ်းချက်များအား လိုက်နာမှု မရှိဘဲ ယာဉ် ရပ်နားခ အဆမတန် ကောက်ခံခြင်းများ ရှိခဲ့ကြောင်း သိရသည်။
.
ထို့အတူ ပြီးခဲ့သည့်နှစ် တန်ဆောင်တိုင် ပွဲတော်ကာလများ အတွင်းက ဆိုင်ခန်းများ နှင့်လည်း ပတ်သက်၍ သတ်မှတ်ထားသော မြေနေရာ အကျယ်အဝန်း၌သာ ရောင်းချရန် ထိန်းချုပ်မှု အားနည်းသဖြင့် ဆိုင်ခန်းရှင်များမှ လမ်းမြေပေါ်သို့ ခင်းကျင်းမှုများ ရှိခဲ့ခြင်းကြောင့် ပွဲလာပြည်သူများအနေဖြင့် သွားလာရေး အ ခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
.
အလားတူ တောင်ကြီးတန်ဆောင် တိုင်ပွဲတော်တွင် နှစ်စဉ်နှစ်တိုင်း ယာဉ် ဝင်ခွင့်လက်မှတ် VVIP၊ VIP၊ ရိုးရိုးယာဉ် ဝင် ခွင့် လက်မှတ် စသည်ဖြင့် အမျိုးအစားများ ခွဲခြားထုတ်ပေးခြင်းနှင့် VIP ပွဲ ကြည့်စင်နေ ရာများ ကျယ်ဝန်းစွာ ရယူထားမှုများနှင့် ပတ် သက်၍လည်း ဒေသခံများမှ နှစ်စဉ် ဝေဖန် ပြောဆိုလျက်ရှိသည်။
.
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် ပွဲ တော်တွင် ပွဲလာဧည့်ပရိသတ်များနှင့် ဖွင့်ပွဲ/ပိတ်ပွဲ ကပြဖျော်ဖြေသော တိုင်းရင်းသားရိုးရာ အကအဖွဲ့များ အဆင်ပြေစေရေးအတွက် VIP ပွဲကြည့်ဆောင်ရှေ့တွင် ကတ္တရာလမ်း တိုးချဲ့ခင်းကျင်းရန် စီစဉ်ဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။
.
တန်ဆောင်မုန်းလတွင် တာဝတိံသာ နတ်ပြည်မှ ပြန်လည်ကြွချီလာသည့် မြတ် စွာဘုရားအား ရည်မှန်း၍ မီးပုံးပျံလွှတ်တင် ပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။ ရှမ်းပြည် နယ်၏ မြို့တော် တောင်ကြီးမြို့တွင် ဒုတိ ယကမ္ဘာစစ် မဖြစ်ပွားမီ တစ်နှစ်ခန့်အလိုမှ စ တင်၍ မီးပုံးပျံလွှတ်တင်ခြင်း အလေ့အထ စ တင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရ သည်။
.
တောင်ကြီးမြို့တွင် မြန်မာသက္ကရာဇ် ၁၃ဝ၃ ခုနှစ်၊ တန်ဆောင်မုန်းလကွယ် က မြို့မရပ်ကွက်ရှိ ကုန်းသာဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးစီး၍ ပိတ်စများဖြင့် ပြုလုပ်ထားသော မီးပုံးပျံကြီး တွင် ပ့ံသကူများ ချိတ်ဆွဲ၍စတင် လွှတ်တင်ခဲ့ သောကြောင့် မီးပုံးပျံအစ ကုန်းသာက ဟူ၍ ဆိုရိုးစကားများလည်း ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ယခင်က မြို့မစျေးအရှေ့ဘက်ရှိ လက်ရှိ City Square နေရာရှိ ကွင်းပြင်၊ ဗိုလ်ချုပ် အောင်ဆန်းပန်းခြံ၊ ပြည်နယ် ဘောလုံးကွင်း၊ ကရင်မရေထွက်၊ စူဠာမုနိ ဘုရားကုန်းတော် အောက်ခြေရှိ ၂၁၂ ဆက်သွယ်ရေး တပ် ရင်းပိုင်ကွင်းတို့၌ ကျင်းပ ပြုလုပ်ခဲ့ဖူးပြီး ၂၀၀၇ ခုနှစ်မှ စတင်၍ လက်ရှိ အဝေရာ ကုန်း သာယာမီးပုံးပျံကွင်းသို့ ပြောင်းရွှေ့ကျင်းပ ခဲ့ရာ လက်ရှိကွင်းတွင် မီးပုံးပျံပြိုင်ပွဲ ကျင်းပ လာသည်မှာ ၁၂ နှစ်ရှိခဲ့ပြီဖြစ်သည်။
.
တောင်ကြီးတန်ဆောင်တိုင် ပွဲတော် မီး ပုံးပျံပြိုင်ပွဲတွင် ထူးခြားချက်မှာ ညလွှတ် နှင့် နေ့လွှတ်မီးပုံးပျံဟူ၍ ၂ မျိုး၂ စားခွဲခြား ထားပြီး ပရိသတ်များ စိတ်ဝင်စားသော ညလွှတ်မီးပုံး ပျံတွင် ညမီးကြီးနှင့် စိန်နားပန်ဟူ၍ မီးပုံးပျံ အ မျိုးအစား ၂ ခုရှိကြောင်း သိရသည်။
.
ယင်းညလွှတ်မီးပုံးပျံများတွင် စိန်နားပန် မီးပုံးတစ်လုံး၏ တန်ဖိုးမှာ ငွေကျပ် ၁၅ သိန်း ခန့်ကုန်ကျပြီး ညမီးကြီးမီးပုံးပျံများမှာ အ သုံးပြုသည့် ယမ်းအမျိုးအစားနှင့် အချိုးအ ဆအပေါ်မူတည်၍ ငွေကျပ် သိန်း ၃၀ မှ ၄၀ ခန့်အထိ ကုန်ကျကြောင်း သိရသည်။ နေ့ လွှတ်အရုပ်မီးပုံးပျံများမှာ အရွယ်အစားနှင့် အုပ်စုအပေါ် မူတည်၍ ငွေကျပ်တစ်သိန်း ဝန်းကျင်မှ ၁၀ သိန်းကျပ်ခန့်အထိ ကုန်ကျ ကြောင်း သိရသည်။
.
ယခုနှစ် ကျင်းပမည့် တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် စိန်နားပန် မီးပုံး ပျံမှာ ခေါင်းအချင်း ၁၈ ပေထက်မငယ်ရ၊ ပေ ၂ဝ ထက်မကျော်ရ ဟုသတ်မှတ်ထားပြီး ညမီးကြီးမီးပုံးပျံမှာ ခေါင်းအချင်း ၂၃ ပေ ထက်မငယ်ရ၊ ၂၅ ပေ ထက် မကျော်ရ၊ ယမ်းပိဿာချိန် ၄ဝ ထက်မကျော် ရဟူ၍ သတ်မှတ်ထားသည်။
.
ထို့အပြင် တောင်ကြီးမြို့တော် တန် ဆောင်တိုင်ပွဲတော်တွင် မြို့လုံးကျွတ် မဟာ ဘုံကထိန်ပွဲတော်၊ မီးပဒေသာလှည့်လည် ပူဇော်ပြိုင်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ အ လွတ်တမ်းဓါတ်ပုံပြိုင်ပွဲ၊ တေးသီချင်းပြိုင်ပွဲ၊ စာပေပြိုင်ပွဲနှင့် စျေးပွဲတော်များဖြင့် ယခင်နှစ် ထက်ပို၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရှိရသည်။
.
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော် တစ်ခုဖြစ်သော တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အား တစ်ရက်လျှော့၍ ကျင်းပမည့် ကိစ္စနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် တောင် ကြီးသူ/တောင်ကြီးသား ဒေသခံ ပြည် သူလူထု အကြား နားလည်မှုများ တည်ဆောက် နိုင် ပါစေကြောင်း မျှော်လင့်မိပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats