အင်းလေးဖောင်တော်ဦး ပွဲတော် ချိန်ခါမီ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, September 27, 2019

အင်းလေးဖောင်တော်ဦး ပွဲတော် ချိန်ခါမီ

ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
နိဒါန်း
လာမည့် (၂၈/၉/၂ဝ၁၉) စနေနေ့သည် မြန်မာနှစ် ၁၃၈၁ ခု၊ တော်သလင်း လပြည့် ကျော် ၁၅ ရက်၊ ရက်စုံကွယ် လကွယ်နေ့ဖြစ် သည်။ ညောင်ရွှေမြို့နယ် အင်းလေးကန် နန်း ဟူးရွာ ထာဝရသီတင်းသုံးရာ ကျောင်းတော်ကြီး ပေါ်မှ ကျောင်းအောက် ယာယီစံမြန်းကျောင်း တော်သို့ ဖောင်တော်ဦးရုပ်ပွားတော် ၄ ဆူတို့ ကြွဆင်းအပူဇော်ခံတော်မူခြင်းသည် ရှေးရိုးအ စဉ်အလာ ဖြစ်ခဲ့၏။ ယင်းညဉ့် ၁၂ နာရီချိန်တွင် ဘုရားစည်တော်ကို ကျောင်းတော်ရင်ပြင်သို့ ချ ၍ သီတင်းကျွတ်လဆန်း တစ်ရက်နေ့ နံနက် ၄ နာရီနှင့် ၅ နာရီအတွင်း ပထမပိုင်း အစီစဉ် ပြုလုပ်ကျင်းပကြရသည်။
.
ဒုတိယပိုင်း အစီအစဉ်ကို နံနက် ၆ နာရီ မှ ၇ နာရီအတွင်း ဆောင်ရွက်ကြပါသည်။ ပ ရိသတ်များ ၉ ပါးသီလ ခံယူဆောက်တည်ကြ ပြီး သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ပေးတော်မူကြ၏။ ဓမ္မစကြာအဖွဲ့များက နတ်လမ်းဝဲယာမှ ဒေသနာတော်များကို ရွတ်ဆို ပူဇော်နေစဉ် ပရိသတ်များက ငြိမ်သက်စွာလက် အုပ်ချီမိုး ရှိခိုးပူဇော်ကြ၏။ စည်တော်ကြီးအဖွဲ့ က သာယာငြိမ့်ညောင်းစွာ တီးခတ်ပူဇော်စဉ် န ဂါး၊ ဂဠုန်၊ နတ်ဗြဟ္မာတို့က ထီးဖြူမိုးခြင်း၊ဆန် ပန်းပေါက်ပေါက်များ မြှောက်ကြဲပူဇော်ကြကုန် ၏။ ၆ း ၃ဝ နာရီတွင် ဘုရားစည်တော်နှင့် ဘု ရားငွေပန်းအိုး ညောင်ရေအိုးများတို့က ရှေ့ ဆောင်၍ ဘုရားများကို ကျောင်းတော်အောက်သို့ ပင့်ဆောင်ပြီး ကျောင်းတော်အောက် ဘုရား ဖောင်တော်ဆိပ်ရှေ့ စံကျောင်းတော်တွင် မိနစ် ၃ဝ ရပ်နား စံပယ်တော်မူစဉ် ဆွမ်းတော်ပန်း တော် ရေချမ်းတော် ရွှေသင်္ကန်းများ ဆက်ကပ် ကြ၏။ ၇ နာရီမှ စတင်၍ ဖောင်တော်ရှေ့မှ ဆွဲလှေများ တန်းစီပြီး အင်းတိမ်ရွာသို့ ဦးတည် ပင့်ဆောင်ကြပါသည်။
.
ညောင်ရွှေ
အင်းလေး ဖောင်တော်ဦးဘုရား ဗုဒ္ဓုပ္ပတ် ကို ပြောမည်၊ ရေးသားမည်ဆိုပါလျှင် ညောင် ရွှေမြို့အကြောင်းက ပါလာမြဲဖြစ်၏။ ကျွန် တော်တို့ ငယ်ဘဝတုန်းက သီတင်းကျွတ်လဆန်း ရက်ဦး၊ ညောင်ရွှေဘုရားပွဲ ဟု နှုတ်ကျိုးနေ ကြ၏။ အင်းလေး ဖောင်တော်ဦး ဘုရားပွဲဖြစ် ကြောင်း အားလုံးက သိနားလည်ထားပြီးသား ဖြစ်၏။ ''ညောင်ရွှေပွဲကို ပွဲကို တစ်ကျပ်ခွဲ တစ်ကျပ်ခွဲ''ဆိုသော ဘုရားဖူးသွားကြမည့် ပါ စင်ဂျာကို ခေါ်နေကြသော ကားစပယ်ရာတို့၏ လူခေါ်သံများ ညံနေတတ် မြဲလည်း ဖြစ်၏။ တောင်ကြီးမြို့၏၊ မြို့မစျေး တောင်ဘက်၊ ယခု လမ်းကျယ်လမ်း Broad-way Avenue ဟု ခေါ်သည့် လမ်းထောင့်နေရာသည် ညောင်ရွှေ ကားဂိတ် ဖြစ်သည်။ ပွဲပအချိန်ဆို တစ်ယောက် တစ်ကျပ်နှုန်းပါ။ ပွဲတွင်းကာလ ငွေငါးမူး (ပြား ငါးဆယ်)ကားခ တက်သွားခြင်းပါ။ ညပိုင်း ရောက်က ''ပွဲကို ပွဲကို နှစ်ကျပ် နှစ်ကျပ်''ပို စျေးတက်သွားမြဲ ဖြစ်၏။ တောင်ကြီးနှင့် ညောင် ရွှေ ၁၉ မိုင် ခရီးသည် အိမ်ဦးနှင့် ကြမ်းပြင်ပ မာ၊ မောင်းချိန်တစ်နာရီခန့်ဖြင့် ရောက်ပြီ။ ထိုစဉ်တုန်းက ဂျစ်ကားများ ဖြစ်ပါသည်။
.


.
ညောင်ရွှေမြို့တည် သမိုင်းကို မစတင်မီက ပင်လျှင် ဝန်းကျင်၌ ရှေးမြို့ဟောင်းကြီးများ ရှိ ခဲ့ဖူး၏။ ရှမ်းပြည်နယ် တစ်ဝန်းလုံး၌ ရှေးအကျ ဆုံး မြို့ဟောင်းမှာ၊ ရှမ်းအရှေ့ရှိ ကျိုင်းတုံမြို့ ဟောင်းဟု ဆို၏။ ဒုတိယ လိုက်သည်ကတော့ မြန်မာလို ကောသမ္ဘီခေါ်၍ ရှမ်းလို ကော့ဆမ်ပီ ခေါ်သော မောင်နှမ ၂ ဦးတို့ ၃ နှစ်တစ်ကြိမ် တစ်လှည့်စီ အုပ်ချုပ်ခွင့်ရမြို့ဖြစ်၏။ ယခုညောင် ရွှေမြို့၏ မြောက်ဘက် ပေါရိသတ်ဘုရားနှင့် ၄ မိုင် အကွာတွင် မြို့ရိုးဟောင်းများ ကျန်ရှိနေ သေး၏။ ဇမ္ဗူဒီပ ဥဆောင်ကျမ်း၌ A.D ၇၆ဝ မှာ တည် သည်ဆို၏။ ပုဂံနော်ရထာမင်းလက် ထက် (A.D ၁ဝ၄၄-၁ဝရ၇)က ၂ဝဝ-ပြုမြို့ ဖြစ်ခဲ့ကြောင်း ဦးတိုးလှ၏ မြို့ညောင်ရွှေ အ တိတ်သမိုင်း၌ ဖော်ပြ၏။
.
နော်ရထာမင်း၏ မြေး၊ အလောင်းစည်သူ လက်ထက် A.D ၁၁၁၃ ၌ တရုတ်တို့ တိုက်၍ ကော့ဆမ်ပီပျက်ကြောင်းကို ဦးငြိမ်း၏ ညောင် ရွှေရာဇဝင်ချုပ် စာတမ်းတွင် ဆို၏။ နရသီဟ ပတော့မင်း လက်ထက် A.D ၁၂၈၆ တွင် တ ရုတ်တို့ နှောင့်ယှက်၍ ပျက်ကြောင်း ဦးရွှေအုံး ၏ ''ဦးတင်ဧ သို့မဟုတ် ပင်လုံဗိသုကာတစ် ဦး''၌ ဆိုပြန်၏။ အဆိုနှစ်ရပ်ကွဲ၍ နှစ်ပေါင်း ၁၇၃ ကွာဟနေ၏။ ကော့ဆမ်ပီပျက်သော်၊ ဒု တိယမြို့ဟောင်း ရမ္မာဝတီကို မိုင်းသောက်နှင့် သလဲဦးကြား ပေပင်အင်းရွာ အနောက်ဘက်၌ တည်ခဲ့လေ၏။ ယင်း၏ အနောက်မြောက် ဟဲ ဟိုးသီခေါင်နယ်မှ တောင်ပြို၍ ဟဲဟိုးပုန်းအင်း ရေများ အရှေ့ရပ်ရှိ ညောင်ရွှေအင်းသို့ စီးဝင် ရေမြှုပ်မှုကြောင့် ရမ္မာဝတီမြို့ ပျက်၏။ အိမ် တော်ရာကို ရေအောက်၌ အပျက်အစီးများဖြင့် သိနိုင်သေး၏။ ယင်း မြို့ပျက်နေရာ ရေပေါ်၌ နတ်စင်ထားရှိဆဲ ဖြစ်သည်။
.

တတိယမြို့ဟောင်းမှာ မိုင်းသောက်မြို့ ဟောင်း ဖြစ်၏။ ယခု မိုင်းသောက်၏ အရှေ့ မြောက် မန်ကျည်းစဉ် ပန်းဖယ်၌ တည်စဉ်လူ တစ်ဦးလျှင် မြေတစ်ထောင်ကျ ကျုံးတူးပေးရ၍ ရှမ်းလိုတစ်တောင်ပြည် မိုင်းဆောက် Mongh Sawk ဟု ခေါ်တွင်၏။ မြို့အရွယ် သေးငယ်လှ သည်။ ညောင်ရွှေ၏ အရှေ့တောင်၊ ခြောက်မိုင် ခန့်အကွာ၊ မြို့တံတိုင်း နှစ်ထပ်ရှိ၏။ အပြင်နှင့် အတွင်း တံတိုင်းကြား ပေတစ်ရာ့ငါးဆယ်ခန့် ကွာခြားသည်။ ရှမ်းလိုမိုင်းယောင်ဟွေ၊ Mongh Yaung Hwe မည်သော ညောင်ရွှေမြို့ကို မိုင်း သောက်စော်ဘွား ဆက်၊ ဆီဆိုင်ဖက AD ၁၃၅၉ တွင် မြို့တည်၏။ တောင်နှင့် မြောက် သွယ်တန်းနေသော အရှေ့ဆင်တောင်တန်းနှင့် အနောက် ဖောင်တော်ပေါက် သပြေညိုတောင် တန်းကြားရှိ ကုန်းမြေရှည်မျောမျော၌ တည်ထား ၍ မိုင်းယောင်းဟွေ အမည်ပေးခြင်းဖြစ်၏။ AD ၁၅၅၇ တွင် ဘုရင့်နောင်မင်းတြားက ရှမ်းကိုး ပြည်ထောင်ဟု သတ်မှတ်ရာ၌ ညောင်ရွှေ ၃၉ မြို့ဟု နံပါတ် တစ်၌ ဖော်ပြခံရ၍ ကမ္ဘောဇတိုင်း ၃၉ လုံးမိုင်း၊ ညောင်ရွှေပြည်ကြီးဟု အစဉ်အဆက်ခေါ်ဝေါ် ရေးသားမှတ်တမ်းတင်ခဲ့ကြသည်။
.
အဲင်းဆားလူမျိုး
''အင်းသားဆိုတာ ဗမာလား ရှမ်းလား'' ဟူ၍ မကြာခဏ အမေးခံရဖူးပါ၏။ ရန်ကုန်ဆေး ကျောင်း တက်စဉ်မှာ ပထမဦးဆုံး အမေးခံရ ခြင်းကို မှတ်မိနေပါသေးသည်။ ''ကိုအောင် ကျော့်စကား ပြောသံက တစ်မျိုးပဲ''ဟု အညာ သား သူငယ်ချင်းက ခင်မင်ရင်းနှီးလာသောအ ခါ ဝေဖန်ပြောဆိုပါ၏။ ''စကားဝဲနေတာကို ဆို လိုတာလား သူငယ်ချင်း''ဟု ပြန်မေးလိုက်တော့ ''ဟုတ်တယ်ဗျ၊ နားထောင်လို့တော့ ကောင်းပါ တယ်။ တချို့စကားတွေက အဆန်း။ ပြီးတော့ ချက်ချင်း သဘောမပေါက်မိလိုက်ဖူး''ဟူ၍ တုံ့ ပြန်ပါ၏။ ''အဲင်းဆားသံ ဝဲနေလို့ပါဗျာ''ဟု ကျွန်တော် ဝန်ခံလိုက်၏။ ဗမာလား ရှမ်းလား ဆိုသည့် အမေးကိုကား အတော်ဖြေရကျပ်၏။ ''မဟုတ်ပါ။ အင်းဆားဆိုတာ အင်းလေးကန်ထဲ မှာနေတဲ့ လူမျိုးတစ်မျိုးပါ။ ဗမာစကားကိုပဲ ပြောတာမှာ ရှေးအသုံးအနှုန်း။ ပေါရဏ ဝေါ ဟာရတွေရောနှောနေလို့ပါဗျာ''ဟု ပြန်ဖြေရှင်း ပြရ၏။ တောင်ပေါ်က ချင်းလူမျိုးကို တောင်ပေါ် ဗမာဟုဆိုသော ပြောစဉ်စကား၊ မြေပြန့်၌ နေ ထိုင်သော ဗမာလူမျိုးကို မြေပြန့်ချင်းဟု ဆိုပြန် သော ပြောစဉ်စကားမျိုးတို့ကို ပခုက္ကူဘက်မှ သူငယ်ချင်းများထံမှ ကြားဖူးပါ၏။ လူမျိုးစုငယ် တို့ အတူတကွ နေထိုင်ခဲ့ကြသော နှစ်ပရိစ္ဆေ ဒ ရာထောင်ချီကြာညောင်းလာသောအခါ တစ် သွေးတစ်သားတည်း ဖြစ်သွားကြရသည်မှာ လည်း ဓမ္မတာသဘော ဖြစ်၏။ မိမိလူမျိုး၏ စ ကား၊ ဘာသာအယူ၊ ဓလေ့ထုံးစံ ယဉ်ကျေးမှု များကို ထိန်းသိမ်းထားနိုင်လျှင် ရာစုနှစ်တော် တော်ကြာကြာ ခိုင်မြဲတည်ရှိနေပါလိမ့်မည်။ မ ထိန်းသိမ်း မစောင့်ရှောက်ထားနိုင်ဘဲ သွေးနှော မှုများသည်ထက် များလာပါက မြန်မြန်ကြီး ဝါး မျိုခံရပြီး ပျောက်လွင့်နိုင်၊ သို့မဟုတ် တိမ်ကော သွားပေတော့မည်။ ပုဂံရာဇဝင်တွင် ပျူစောထီး သူရဲကောင်းမှ စတင်ခဲ့သော်လည်း မင်းခြောက် ဆက်အလွန်၌ ပျူမင်းဆက်တို့ ကွယ်၍ နှောင်း ခေတ်တွင် ပျူလူမျိုးတို့ တိမ်ကောပျောက်လွင့် ခဲ့ကြပြီ။ မြစေတီ ကျောက်စာ၌ ပျူ၊ မွန်၊ ပါဠိ နှင့် မြန်မာ၊ လေးမျက်နှာ၌ ဘာသာလေးမျိုးဖြင့် ကျောက်စာထိုးခဲ့သော်လည်း မျက်မှောက်ခေတ်် ၌ ပျူလူမျိုး မရှိတော့၊ ပျူစကား မကျန်ရစ် တော့၊ ပျူစာကိုလည်း မဖတ်တတ်တော့၊ ပျူ ယဉ်ကျေးမှု လုံးဝ ကွယ်ပသွားခဲ့ရပြီ။
.
အဲင်းဆားလူမျိုး ဆင်းသက်လာပုံ သမိုင်း ကြောင်းကို ကောက်ကြောင်းလိုက်ကြည့်သော အခါ၊ ယခု အပြောများကာ ရေးသားမှတ်တမ်း တင်နေကြသည်ကား AD ၁၃၅၉ ခုနှစ်၊ စော်ဘွားဆီဆိုင်ဖ လက်ထက်၊ ပုဂံပြည် နရပတိစည်သူမင်း တိုင်းခန်းလှည့်လည်စဉ်က ပါလာခဲ့ သော ဖောင်တော်သား ဝန်ထမ်းများအနက် ထားဝယ်သား ငထောင်ငနောင်တို့ နေရစ်ကြ ကြောင်း၊ နေရင်းဒေသနှင့် ဆင်ဆင်တူသော အင်းလေးထဲ၌ ရွာတည်နေထိုင်ရန် ခွင့်ပန်ရာ စော်ဘွားခွင့်ပြုချက်ဖြင့် ထားဝယ် ပြန်သွားပြီး ၃၆ အိမ်ထောင်စုများကို ခေါ်ဆောင်လာခဲ့ကြောင်း တို့ ဖြစ်ပါသည်။ ယင်းထက် ပိုမိုစောသော တင်ပြချက်မှာ ဒေါက်တာသန်းထွန်း၏ ခေတ် ဟောင်း မြန်မာရာဇဝင်စာအုပ်၌ တွေ့ရ၏။ AD ၉ ရာစု နောက်ပိုင်း မြန်မာနိုင်ငံသို့ ဝင်ရောက် လာသော တိဘက်မြန်မာမျိုးကွဲ အာသမ်မြန်မာ လူမျိုးစိတ် အစု ၆ အနက် မြန်မာအုပ်စု၌ ပါ ဝင်ဖွယ်ရာရှိသည်ဟု အင်းသားလူမျိုးတို့ ဇာစ် မြစ်ကို ညွှန်းဆိုထား၏။ ပူအိုက်ခြောက်သွေ့ သော အလယ်ပိုင်းမြေပြန့်သို့ ဆင်းကြရာ၌ အ တူလိုက်ပါမသွားကြဘဲ အင်းလေးကန်ဘက်သို့ ထွက်ခွာလာကြရာမှ နောင်သောအခါ အင်းသား လူမျိုးဖြစ်လာသည်ဟု ကောက်ချက်ဆွဲ ဖော်ပြ ထား၏။ ထို့ကြောင့် ယင်းအဆိုနှစ်ရပ်တို့မှာ နှစ်ပေါင်း ငါးရာခန့် ကွာဟလျက်၊ သမိုင်းသုတေ သီ ဒေါက်တာသန်းထွန်း၏ ယူဆချက်က နှစ် ငါးရာ ပိုစောနေပါသည်။
.
ရှေးက သျှမ်းဟု ရေးသား၍ ယခု ရှမ်းဟု ကျွန်တော်တို့ ခေါ်နေရေးနေကြသော်လည်း သူ တို့ကိုယ်တိုင်ကမူ တိုင်း Tai  ဟုသာ ခေါ်ကြ၏။ မူလနေထိုင်ရာ ဒေသမှာ အာရှတိုက်၏ အနောက်အလယ်ပိုင်းဒေသ ဖြစ်ပြီး မွန်ဂိုတို့တိုက် ခိုက်၍ အုပ်စုများ ကွဲပြားရှောင်ပြေးကြရတော့ ၏။ ပထမအုပ်စုသည် မြစ်နီမြစ်မဲမှ ဗီယက်နမ် မြောက်ပိုင်းသို့၊ ဒုတိယတစ်စုသည် မဲခေါင်မြစ် မှ လောနှင့် ထိုင်းသို့၊ တတိယအုပ်စုမှာ သံလွင် မြစ်မှ မြန်မာနိုင်ငံသို့ စတုတ္ထတစ်စုမှာ အိန္ဒိယ အာသံနယ်သို့ အသီးသီး ဝင်ရောက်ကြကြောင်း၊ မြန်မာနိုင်ငံတွင်းသို့ AD တစ်ရာစု ကတည်းက ပင် ပြောင်းရွှေ့ဝင်ရောက်ခဲ့ကြကြောင်း တို့ကို ဦးစိုင်းအောင်ထွန်း၏ Reflection on Shan Historiography  ၌ ဖော်ပြထားသည်။ ထို့ ကြောင့် ညောင်ရွှေနယ်တွင်း၌ ရှမ်းလူမျိုးတို့ သည် အစောဆုံး ဝင်ရောက်ကြလျက် မြို့ရွာ တည်ထောင်ခဲ့ကြပြီးဟု ယူရန်အခြေခိုင်နှိုင်ပါ၏။ ဗြိတိသျှအုပ်စိုးသည့် ခေတ် J.G Scott ၏ အ ထက်မြန်မာနိုင်ငံ ပြန်ထမ်းအတွဲ ၃ အပိုင်း ၂ ၌ ငွေခွန်မှူး အုပ်ချုပ်သော အင်း ၄ ရွာတို့အ မည်များမှာ ၁။ ဝမ့်လုံ ယခုရွာကြီးဗန်းပုံ။ ၂။ နမ့်ပန် ယခု နန်းပန်။ ၃။ နောင်တောင်း ယခု နောင်တော။ ၄။ ဟိုင်းယ ယခု ဟဲယာရွာမတို့ ကို ကြည့်လျှင် အားလုံးရှမ်းတည်သော ရှမ်းအ မည်ရှိ ရွာများ ဖြစ်နေ၏။ ယနေ့ထိ ရှမ်းစကား ပြောနေဆဲ ရွာပေါင်း ၄ဝ ကျော် ရှိနေပါသေး သည်။ ကျွန်တော့်အင်းစစ်စစ် သူငယ်ချင်းတစ် ဦးဆိုလျှင် တရုတ်နှင့် တူလွန်းသဖြင့် ရန်ကုန် မှ မိတ်ဆွေက မော်စီတုံးဟု နာမည်ပြောင်ကို ချစ်စနိုး ပေးထား၏။ လက်ရှိ တရုတ်ပြည်မဒေ သမှ ရှမ်းနွယ်တို့ ဆင်းသက်လာခြင်း သာဓက ပါ။ ရှမ်းလည်း ဗမာ၊ ဗမာလည်း ရှမ်းဆိုသော ချိုပြုံး၏ သီချင်းတစ်ပုဒ်၊ ကချင်ပြည်နယ် မြစ် ကြီးနားမြို့၊ တန်ဖဲရွာအလွန်က ဆွမ်ပရာဘွမ် ရွာလေးအကြောင်းကို အမှတ်ရစေပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats