၁၂၅ နှစ် အိုသွားလဲ ပျိုထွားမြဲ မြို့တောင်ကြီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, September 13, 2019

၁၂၅ နှစ် အိုသွားလဲ ပျိုထွားမြဲ မြို့တောင်ကြီး


ဒေါက်တာအောင်ကျော်(သွား/ဆရာဝန်)
.
မှတ်ချက်တောင်း
၂၉/၈/၂၀၁၉ နေ့လယ်ခင်းပိုင်း၌ ကျွန် တော့်ဆောင်းပါး စာစီစစ်ရန် ကမ္ဘောဇတိုင်း သတင်းဂျာနယ်တိုက်သို့ ရောက်ခဲ့၏။ ရောက် မဆိုက်မှာ၊ သတင်းအယ်ဒီတာ ကိုစိုး၏ လက် ကိုင်ဖုန်းဖြင့် မေးမြန်းနေသံကို နားစွန်နားဖျား၊ နားမထောင် သတိမထားမိဘဲနှင့် တစ်စွန်းတစ် စ ကြားနေမိ၏။ တောင်ကြီး အနှစ် ၁၂၅ ပြည့် ပွဲလမ်းသဘင်နှင့် အခြား အစီအစဉ် ရှိ/မရှိ ဆိုရာ၌ လောလောဆယ် ဘာမှမရှိသေးပါ ကြောင်းကို အမှတ်မထင် သိလိုက်ရပြီ။ ဟုတ် ပေသားပဲ။ လာမည့် စက်တင်ဘာလ ၁၅ ရက် ဆိုလျှင် မြို့သက်တောင်မှ တစ်ရာ့အစိတ်ပြည့် တော့မည်။ နှစ်ပတ်ကျော်လေးသာ လိုတော့၏။ တကယ်တမ်း ကြိုတင်စဉ်းစားမိ၍ မြို့ဂုဏ်ပြု ပွဲလေးများ ကျင်းပဖို့ အတွေးပေါက်မိခဲ့က အ နည်းဆုံး တစ်လအလိုကပင် ကော်မတီတွေ ဆပ်ကော်မတီတွေဖွဲ့ကာ အကြီးအကျယ်လှုပ် ရှားသင့်နေပြီ။ ခုတော့  ။ အစိုးရအဖွဲ့မှာလည်း ဦးနှောက်စားစရာ ကိစ္စတွေ အရေးပေါ်တွေက သြဂုတ်လထဲမှာ မနည်းမနောကြီးဆိုတာ လူ တိုင်းအသိ။ ပွဲလမ်းသဘင်ဆိုတာ အခြေအနေ တည်ငြိမ်အေးချမ်းပါမှလေ။ မင်းတို့စကား မိုး ကြိုးသွားမို့ ရုတ်တရက် ထလုပ်လျှင်လည်း အောင်မြင်သွားတတ်မြဲ။ စိတ်စေတနာသည် သာလျှင် အဓိက။
.
"ဆရာက မြို့မိမြို့ဖတစ်ဦးဆိုတော့ ဒီပွဲ ကျင်းပသင့် မသင့်နဲ့ တောင်ကြီးရာပြည့်တုန်း ကအကြောင်းလေး ပြောပြပေးပါလား"ဟုဆို လာသူ ကိုစိုး(ကမ္ဘောဇတိုင်း)၏ မေတ္တာရပ်ခံ ချက်ကြောင့် "မြို့သက် တစ်ရာ့အစိတ်ဆိုတာ နည်းတဲ့ သက်တမ်း မဟုတ်ဘူးလေ။ ခုခေတ် လူငယ်ပိုင်းရဲ့ အသက်ထက် ရာကျော်ကြီး တောင် ပိုလွန်နေတာ။ ဂုဏ်တော့ပြုသင့်တာ ပေါ့။ သမိုင်းမှာလည်း မှတ်တမ်းကျန်ရစ်မှာ အ ဖိုးတန်တာပေ့ါ။ မြို့သူမြို့သားနဲ့ အနီးဝန်းကျင် ပြည်သူတွေကလည်း ပွဲကြိုက်ကြိုက်ဆိုတော့ ဆရာ့အဆိုကို ထောက်ခံကြလိမ့်မယ် သေချာ တယ်။ ၁၈၉၄ ခုနှစ် စက်တင်ဘာ ၁၅ ရက် စ နေနေ့မှာ စပြီး ရုံးလုပ်ငန်း အထွေထွေဖွင့်လှစ် နိုင်ဖို့ ဆွမ်းကပ်၊ ပရိတ်တနား နာခဲ့တာကြောင့် ဆာဂျော့စကော့ရဲ့ အထက်မြန်မာနိုင်ငံ ပြန် တမ်းဝင် စာအုပ်မှာ တရားဝင် ဖော်ပြထားပါ တယ်။ အခု လာမယ့်မြို့မွေးနေ့ စက်တင်ဘာ ၁၅ ရက်ဟာ အသက်တစ်ရာ့ အစိတ်ပြည့်ပြီ။ ၁၉၉၄ ခုနှစ်တုန်းက ရာပြည့်ခဲ့တာမှာ၊တောင် ကြီးရာပြည့် အကြိုမဂ္ဂဇင်းတစ်အုပ်နဲ့ တကယ့် ရာပြည့် အထူးထုတ်မဂ္ဂဇင်း တစ်အုပ် ဆိုပြီး တော့ တောင်ကြီးမြို့နယ် စာနယ်ဇင်းအဖွဲ့က နှစ်အုပ် ထုတ်ဖြစ်ခဲ့ကြတယ်။ စာပေဟော ပြောပွဲ မြို့တော်ခန်းမမှာ ကျင်းပတာကိုမှတ်မိ တယ်။ မြသုခရုပ်ရှင်ရုံ တောင်ဘက်၊ ပြန်ဆက် ရုံးဝင်းထဲမှာ ပြခန်းတွေ လူကြိတ်ကြိတ်တိုး လာကြည့်တာတွေ၊ မြို့တော်ဝန် လုပ်ခဲ့ဖူးတဲ့ အန်ကယ်ခန်းရဲ့ ပြောစကားကို အသံဖမ်းပြီး ပြန်လွှင့်ပြတာတွေ ရှိခဲ့ပါတယ်။"ဟူ၍ လျှပ် တစ်ပြက် ခေါင်းထဲ ဝင်းလက်လာတာတွေကို ပြောပြလိုက်ပါသည်။ ကျွန်တော်ကလည်း ရာ ပြည့်ပွဲမှ ဝင်မနွှဲလိုက်ရလျှင် တောင်ကြီးသား တစ်ယောက်အနေနှင့် တာဝန်မကျေမှာစိုးလို့ စာမူတွေ ရေးပေးခဲ့ပါ၏။ အကြိုမဂ္ဂဇင်း၌ တောင် ကြီးရောက်၊ တောင်တန်းသာသနာပြု ရေဆူ ဆရာတော် စာရေးဆရာ အရှင်ဦး ဥတ္တမသာရ အကြောင်း။ နောက် တစ်ရပ်အထူးထုတ်ကျ တော့ ငယ်ငယ်တုန်းက တောင်ကြီးစျေးနေ့ အ ကြောင်း ဆောင်းပါးများဟု ရေးတေးတေးပြန် မှတ်မိလာပါသည်။
.
သေချာလား
ရာပြည့်တုန်းက အုပ်ချုပ်နေတာ မဝတ ခေတ်ထင်ပါ၏။ ဦးဦးထွန်းမောင်က မြို့နယ် ကောင်စီဥက္ကဌ၊ ဦးစိုးအောင်က အတွင်းရေးမှူး ဟု မှတ်မိ၏။ ဦးစိုးအောင်၏ စာပေအထုံနှင့် စေတနာ မေတ္တာကြောင့် ရာပြည့်စာအုပ်တွေ ဖြစ်ပေါ်လာခဲ့ရခြင်း နားလည်ထား၏။ တစ်နှစ် ခန့် ကြိုတင်ပြီး စည်းဝေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြ ကြောင်းကို၊ ကောင်စီရုံးမှအပြန် ကျွန်တော့် ဆေးခန်း ဝင်နားကြသော ဆရာကြီးငွေဥဒေါင်း နှင့် ဓာတ်ပုံ ကိုသန်းဝေတို့၏ ပုံရိပ်များ ပြန်ပေါ် လာ၍ ခန့်မှန်းမိ၏။ ခြောက်လခန့်အတွင်းမှာ ရာပြည့်အကြို မဂ္ဂဇင်း ထွက်ပေါ်လာနိုင်ခြင်းက သက်သေခံနေ၏။ တကယ့်ရာပြည့်ပွဲကိုမူ ရာ ပြည့်နေ့၌ မကျင်းပဖြစ်ဘဲ တစ်လခန့် ရွှေ့ ဆိုင်း ရသည်ကို မိုးအလွန်များသော လရာသီ ပေမို့ဟု အကြောင်းပြ၏။ ရာပြည့်အထူးထုတ် မဂ္ဂဇင်းကြီးလည်း သားနားလှပထူထဲပုံမှာ အ ကြိုမဂ္ဂဇင်းထက် သာ၏။ သို့သော် ယင်းစာအုပ် လည်း နောက်ကျမှ ထွက်လာနိုင်ပြီး အကြို မဂ္ဂ ဇင်းလောက် ဝယ်အားဆွဲအား မလိုက်ခဲ့ပါ။ အ ကြိုမဂ္ဂဇင်း မျက်နှာဖုံးမှာ တောင်တန်းပေါ်မှ အ ထက်စီး ရိုက်ထားသော မြို့တစ်ပြင်တစ်ခွင် မြင်ကွင်းကျယ် ဓာတ်ပုံပါ။ အထူးထုတ်အဖုံး ကား ရှမ်းလုံမေချော ရှမ်းဝတ်စုံ တစ်ပိုင်းပုံကြီး၊ နေ့လွှတ်မီးပုံးပျံပုံငယ်များ စသည်တို့ ရောင်စုံ သစ်လွင်စိုပြည်လှ၏။
.
ထိုစဉ်တုန်းက အုပ်ချုပ်သူများ "သေချာရဲ့ လား၊ ဘာအထောက်အထားရှိလို့လဲ"ဟု စော ဒနာကြ၏။ အန်ကယ်ခန်း ညွှန်ကြား၍ ၊ အမှတ် ၁ အထက ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင် သိန်းအိမ်သို့ ကျွန်တော်အပြေးအလွှားသွားခဲ့ ၏။ ဆရာမကြီး၏ ဖခင်စာအုပ်၊ ရှေ့ပိုင်းအဖုံးနှင့် စာမျက်နှာ ၄၀ ခန့် မပါတော့သော Upper Barma and Shan State Gazetteer Vol 3, Part 2 ကို မေတ္တာရပ်ခံငှားရာ သေချာပြန်ပို့ ပေးပါမည်။ အာမခံတော့မှ ထုတ်ပေးရှာ၏။ ကော်ပီဆွဲပြီး အပ်ရကြောင်းမှတ်မိ၏။ တောင် ကြီးဇာတိသား မဟုတ်ကြဘဲ၊ အချို့လည်းနှစ် အတန်ငယ်ကြာနေဖြစ်သော ပဝတ္တိသားများ ပင်လျှင် တောင်ကြီးမြို့တည်စ အကြောင်းအ ရာ သမိုင်းနောက်ခံကို မသိရှိတတ်ကြပေ။ စိတ် ဝင်စားမှု မရှိ၊ လေ့လာမေးမြန်းဖတ်ရှု မှတ်သား မှု မရှိကြသည့် တောင်ကြီးမွေး တောင်ကြီးမှာ ကြီးပြင်းကာ တောင်ကြီးမှာဆက်တိုက် ဘဝ တစ်လျှောက်လုံး နေထိုင်လာခဲ့ကြသူများပင် လျှင် နကန်းတစ်လုံး မသိတတ်ကြပါ။
.


.
ကျွန်တော်သည် ၁၉၄၆ ခုနှစ် မေလ ၁၀ ရက်မွေးဖြစ်ရာ အသက် လေးငါးနှစ်အရွယ်မှ စ၍ ကောင်းစွာ မှတ်မိနေသည်များ ရှိ၏။ ခုလို အသက်ရလာချိန်၌ မေ့တန်သရွေ့ မေ့ကုန် သည်များလည်း ရှိ၏။ အစပြန်ဖော်ပေး၍ စီစီရီ ရီ ပြန်ပေါ်လာသည်များလည်း ရှိ၏။ အသက် လေးနှစ်အရွယ်သည် ၁၉၅၀ ပြည့်နှစ် ဖြစ်မည်။ မြို့လယ်ဂတ်ထဲ မီးထွန်းပွဲသည် တောင်ကြီး တန်းဆောင်တိုင် မီးပုံးပျံ လွှတ်တင်ပွဲ ဖြစ်လာ မည့် စစွာဦးပွဲဖြစ်ရာ ထိုစဉ်၌ မြို့သက် ၅၆ နှစ် ခန့် ရရှိနေပါပြီ။ ဆိုလိုရင်းမှာ မြို့သက်နှစ် ၅၀ ကျော် ဟိုဘက်ပိုင်းကို မမီခဲ့သော်ငြား နောက် ပိုင်း ၇၅ နှစ်စာလောက်တော့ ကောင်းကောင်း ကြီး သိမီသည့်ပြင် မိဘဘိုးဘွား လူကြီးသူမများ ပြောပြခဲ့ဖူး၍ မှတ်သားမိသည်များ အတော် အတန် ရှိခဲ့ပါ၏။ အတိတ်ကို ပြန်ဖော် ပြန်ခေါ် ကြည့်သောအခါ မှေးမှိန်နေကြသည့် ပုံရိပ်မွဲ တို့ ပြန်လည်ထင်ရှား ပြတ်သားလာကြကုန်ပါ တော့သည်။
.
စစ်ကြိုခေတ်
ပထမကမ္ဘာစစ်ကြီးသည် ၂၀ ရာစုနှစ် ဝင်စဦး ၁၉၁၃ လောက်မှာ စတင်ခဲ့၏။ မှတ် တမ်းက ၁၉၁၄-၁၈ ဆို၏။ ဗြိတိသျှနယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ပြီသော မြန်မာ နိုင်ငံအဖို့၊ စစ်ကြီးနှင့် ကြုံသော်လည်း စစ်မြေ ပြင်မကျ၊ လွတ်မြောက်ခဲ့၏။ စစ်တိုက်ကူရန် မြန်မာ့သားကောင်း ဇာနည်ဘွားတို့ ဗြိတိသျှ စစ်တပ်ထဲ ဝင်ပြီး ဥရောပ စစ်မျက်နှာပြင်သို့ လိုက်ပါခဲ့ဖူးကြ၍ စစ်ပြန်ကြီးများ၏ အတွေ့ အကြုံ အရေးသားများကို ဖတ်ရှုခဲ့ရဖူးပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ၁၉၄၀  ပြည့် ဝန်းကျင်၌ ဖြစ်လာပြီး၊ မြန်မာနိုင်ငံသို့ ၁၉၄၂ ခုနှစ်တွင် ဝင်ရောက်လာရာ စစ်ဘေးစစ်ဒဏ်ကို မရှုမလှ ခံခဲ့ကြရ၏။ ခေါင်းစီးငယ် စစ်ကြိုခေတ်သည် ကား ၁၉၄၂ ခုနှစ် ရှေ့ပိုင်းကာလဖြစ်၏။ တောင်ကြီးမြို့ကို မိုင်းသောက် စတက်မင်း ခံတပ် (Fort Stadman)မှ ပြောင်းရွှေ့လို၍ မြို့သစ်တည်ခဲ့ခြင်းဖြစ်၏။ ရှမ်းရှေ့မှ အပြန်၊ ယခု အထက ၂ အနီး ရေထွက်ကွင်းပြင်၌ စ တည်းချဖြစ်ရာမှ သဘောကျ နှစ်ခြိုက်ရွေးချယ် ခဲ့ကြောင်း သိရ၏။ ကာနယ်စတက်မင်းနှင့် အ တူ နိုင်ငံရေးအရာရှိ ဂျေဂျီစကော့ (Colonel Stadman; Politic officer J.G.Scott)တို့ တည်ခဲ့၍ မူလက စတက်မင်းမြို့ဟု အမည်ပေး ခဲ့ဖူး၏။ အခေါ်ရခက် လျှာလိပ်သော အင်္ဂလိပ် နာမည် မတွင်ဘဲ တောင်ကြီးဟု တွင်ခဲ့ခြင်းပါ။ ယခင်ရှိနှင့်ပြီးသော ရှမ်းရွာများနှင့် ပအိုဝ်းရွာ တို့ကို စုပေါင်း၍ မြို့နယ်နိမိတ်တွင်း ထည့်သွင်း မြို့တည်ခဲ့ရာ၌ ညောင်ရွှေ စော်ဘွားအပိုင် ညောင်ရွှေနယ်တွင်းမို့ စော်ဘွားထံမှ မြို့ကွက် မြေကို ခွင့်ပြုချက် တောင်းခံခဲ့ကြကြောင်း၊ ယ ခုမင်းလမ်းမှ မြို့ဦးရပ်သို့ ထောင်တက်သွား သော မီးပွိုင့်ရှိရာ မြင်းစီးရုပ်ထု၏ တောင်ဘက် ထောင့်တစ်နေရာသည် တောင်ကြီးမြို့နယ်နိ မိတ် အစမို့ ရှေးက မှတ်တိုင်စိုက်ထူးထားဖူး ကြောင်း၊ အမိန့်ထုတ်ပြန်ရ၍ Nofified Area ဟု သုံးစွဲခဲ့ကြကြောင်း ယင်းနေရာသည် ပြည် တော်သာခေတ် ဘေဘီအနီးပြေးဆွဲကား မှတ် တိုင်မပြုမီ မြင်းလှည်းတန်းဂိတ်ဖြစ်ကြောင်းတို့  ကို နောက်ပေါက်လူငယ်များအား ကျွန်တော် ပြောပြလေ့ရှိခဲ့၏။
.

မြို့မစျေးတောင်ဘက် နေရာကျယ်(ယခု ညစျေး)၌ မီးပုံးပျံ စတင်လွှတ်ခဲ့ဖူး၏။ ယခု city square အဆောက်အဦကြီး၏ လေးထောင့်ကျ ကျ လမ်းလေးဘက်အတွင်းရှိ မြေဧရိယာသည် ရှေးက ရေကန်ဖြစ်ခဲ့ဖူး၏။ လေးအိမ်ကုန်း ဘက်မှ မြေများကို နွားလှည်းများဖြင့် စျေး မြောက်ဘက်လမ်းအတိုင်း သယ်ယူကာ ကန် ဖို့ခဲ့ကြပြီး ပန်းခြံပြုလုပ်ခဲ့ဖူး၏။ ပန်းခြံအလယ် ဗဟို၌ မြို့၏ ပထမဆုံး လွတ်လပ်ရေးကျောက် တိုင်ရှိခဲ့ဖူး၏။ သိပ်အမြင့်ကြီး မဟုတ်။ ယင်းနေ ရာသည်လည်း ကျွန်တော်ကျောင်းမနေမီမှာ မီးပုံးပျံ လွှတ်ခဲ့ကြရာ၊ မိုးသိပ်မကုန်တတ်သေး ၍ ရေစပ်စပ် ရွှံ့ဗွက်ပေပေဖြင့် မီးပုံးပျံလွှတ်ပွဲ ငေးကြည့်ရ၏။ ကျောင်းနေပြီဖြစ်သော ၁၉၅၂ ခုနှစ်နောက်ပိုင်း၌ ယခုလက်ရှိ ပြည်နယ်အား ကစားကွင်း၊ တင်းနစ်ကုတ်များအနီး (ယခု လူ နေအထပ်မြင့် တိုက်တန်း) ဒုတိယ လွတ်လပ် ရေးကျောက်တိုင်တည်သည်ကို မှတ်မိသေး ၏။ ငြမ်းများဆင်လျက် အတော်မြင့်မြင့် တည် ဆောက်ခဲ့သည်ကို မျက်စိထဲ၌ မြင်ယောင်လာ ၏။ ယခု မြို့နယ်ကျန်းမာရေးရုံး ဝင်းကျယ် ကြီးသည် ရှေးကသားဖွားဆေးရုံရှိခဲ့ကာ၊ He-len of Burma စာအုပ်၌ ဆေးရုံမှ အောက် ဖက်သို့ လှမ်းမျှော်ကြည့်လျှင် ရေဖွေးဖွေး ရေ ကန်မြင်ရကြောင်း ဖွဲ့ထားခဲ့သည်ကား ယခု ဖော်ပြသည့် City Square နေရာ ရေကန် ဖြစ် ပါသည်။
.
စစ်ပြီးခေတ်
ဒုတိယကမ္ဘာစစ်ကြီးပြီး၍ စစ်ရှောင်ပြေး ကြသူတွေ တစိမ့်စိမ့် ပြန်ဝင်လာခဲ့ကြပြီ။ ပြာ ပုံဖြစ်ခဲ့ရသော မြို့အပျက်အစီးများသည် စိတ် ဓာတ်ကျစရာ မြင်ကွင်းဖြစ်၏။ မြို့ပြအုပ်ချုပ် ရေးမှာ ကက်စ်ဘီ CAS(B)ခေတ်ပါ။ မြို့လူထု စိတ်ဓာတ် တက်ကြွပျော်ရွှင်စေရန် မန္တလေး ပြည်တော်ဝင်ကဲ့သို့ တောင်ကြီးမြို့ဝင်ပွဲ အာ ဝါဒေးဆိုသော ပွဲလမ်းသဘင် ကျင်းပရန် စည်းဝေးဆုံးဖြတ်ကြ၏။ မိုးတွင်း လွန်မြောက် ပြီး မိုးလွတ်လောက်သည့် တန်ဆောင်တိုင် မြို့လုံးကျွတ် ကထိန်ပွဲနှင့် တွဲကျင်းပဖြစ်၏။ မြို့လယ်ကောင် ဆိုသည်မှာ မြို့မစျေးမှ ဆိုင် ကယ်မတ် (Circle Mart)အဆောက်အဦ (ယခု ဗိုလ်ချုပ်ပန်းခြံ မြောက်ဘက်အစပ်)ထိသာ ဆိုင်တွေ စတိုးတွေ ရုပ်ရှင်ရုံတွေနှင့် ဘဏ်တိုက်တို့ရှိရာ ကွက်ကွက်လေးမျှသာပါ။ ဂတ်တဲ(Guard House: Police Station)ရဲဌာနဝင်းနှင့် မြို့လယ်ဓမ္မာရုံသည် အဓိကပွဲ ခင်းဖြစ်၏။ ဝင်္ကပါ ပွဲကို ကျင်းပခဲ့ဖူး၏။ ရာဇ ဝတ် ဝန်ထောက်ဦးရွှေ အုံးမောင်၏ စီစဉ်မှုဟု မှတ်သားဖူး၏။ ကိုယ်တိုင်ဝင်နွှဲခဲ့ဖူး၏။
.
မြသုခတောင်ဘက် ကပ်လျက်ဝင်း၌ စဝ် နန်းတစ်ထီးလား၏ နှစ်ထပ်ဟော်နန်းကြီး ရှိခဲ့ဖူး၏။ ကျိုင်းတုံစော်ဘွား နှမတော်ဖြစ်ပြီး ကျိုင်းတောင်းမြို့စားစော်ဘွားနှင့် စုံဖက်လျက်၊ မြို့စားစော်ဘွား ကွယ်လွန်လျှင် အမျိုးသမီး စော်ဘွားမ ဖြစ်လာသူဟုဆိုကြ၏။ စစ်ကြို ခေတ်၌ မင်းစုံပွဲ(ဒါဘာပွဲ)ကို ယခုမြို့တော်ခန်းမ မြောက်ဘက်ကွင်းကြီး၌ကျင်းပစဉ်၊ ဆင်ပေါ်မှ ဆင်းရန် ဘုရင်ခံ ကိုယ်တိုင် လက်ဖဝါးခံပေးရာ တစ်ဆင့်ခြေနင်းပြီးမှ ဆင်းရပုံမှာ လူကြီးတွေ ပြောစမှတ်ကို ဖြစ်ကျန်ရစ်၏။ Lady first အ မျိုးသမီး ဦးစားပေးသော အင်္ဂလိပ်ယဉ်ကျေးမှု ပြယုဂ်တစ်ကွက်ပါ။ ကျိုင်းတုံဟော်နန်းကို မိုင်း ခွဲဖြိုခြင်းနှင့် မရှေးမနှောင်း၊ ရေနံချေးမည်းနက် မှိုင်းနေသည့် အတိုကောက် နန်းထီးလာခေါ် သော စော်ဘွားမ ၏ ဟော်နန်းသည်လည်း ဖြို ဖျက်ခြင်း ခံရပါ၏။ တစ်မြို့လုံး လာကြည့်ကြ၍ မင်း လမ်းမှာ ပွဲတစ်လုံးကို ဖြစ်လို့ပါ။ သမိုင်းကို ဖျောက်ဖျက်လိုသော အာဏာရှင်၏ လုပ်ရပ် သည် နာမည်အမည်းစက် ထင်ကျန်သည်က လွဲ၍ သမိုင်းကတော့ဖြင့် မပျောက်ပျက်နိုင်ပါ။ တစ်ချိန်မှာ ပြန်ပေါ်လာရစမြဲကို သံဝေဂယူမိပါ သည်။
.
တောင်ကြီးမြို့မှ ပျောက်ကွယ်သွားပြီဖြစ် သော ဆောင်းပါးကို ဆက်မရေးတော့ဘူးလား ဟု စာဖတ်ပရိသတ်များက မေးတတ်ကြ၏။ ရေးစရာတွေကား တစ်ပုံတစ်ပင်။ ပုန်းအင်းတွေ ရေထွက်တွေ ဒိုဘီကုန်းတွေ မီးသတ်ဝင်းတွေ ရုပ်ရှင်ရုံတွေ မာရှယ်တီတိုးဆု စသည်ဖြင့် များ လှစွာ၏။ တစ်မင်းနှင့် တစ်မင်း အကူးအပြောင်း စပ်ကူးမတ်ကူး ထူးခြားကာလမှာ လက်ပြောင်း လက်လွှဲပေးမဆုံး ယူမဆုံးကိစ္စကြောင်းတွေ ရှိ ခဲ့ရာမှာ ပျောက်ပျက်ကုန်သည်ကား အသချေင်္ နှင့် အနန္တ။ ပစ္စည်းသင်္ခရ၊ လူသင်္ခါရ၊ ဘယ်အရာ မှမမြဲဆိုသော ဘုရားဟော ဓမ္မသည်သာ အ မှန်ဆုံးအတည်မြဲဆုံး တရားများသာ။ ရာပြည့် တုန်းက တစ်ကိုယ်တော် ကြဲခဲ့သည်။ ကျွန် တော့်ကောင်းမှု အချို့မှာ စက်တင်ဘာ ၁၅ ရက်နေ့ဖွား ရာပြည့်မောင်ရာပြည့် မေကလေး များအတွက်တောင် ဆေးရုံ(အမျိုးသမီးနှင့် က လေးဆေးရုံ) မီးဖွားဆောင်၌ ဆုတွေ ပေးအပ် ခဲ့၏။ သူတို့လေးတွေတောင် အသက်အစိတ် ရှိလာကြပြီကော။ တကယ် ကျင်းပဖြစ်သော ရာပြည့်စာဟောပြောပွဲနေ့၌ ရွှေဆွဲပြားသေး သေးလေး မဲနှိုက်စေရာ ကာတွန်းမောင်ဝဏ္ဏမဲ ပေါက်ခဲ့ပါကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats