နယ်စပ်တစ်လျှောက်တွင် တရုတ်မှ လေကြောင်းရန် ကာကွယ်မှု ဥသြဆွဲပါက အထိတ်တလန့် မဖြစ်ရန် အကြောင်းကြားထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, September 16, 2019

နယ်စပ်တစ်လျှောက်တွင် တရုတ်မှ လေကြောင်းရန် ကာကွယ်မှု ဥသြဆွဲပါက အထိတ်တလန့် မဖြစ်ရန် အကြောင်းကြားထား

မင်းဇော်မင်း 
.
တရုတ်နိုင်ငံမှ လေကြောင်းရန် ကာကွယ်မှု ဥသြဆွဲသံ ကြားပါက ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်း၌ အထိတ်တလန့် မဖြစ်ကြရန်အတွက် အများပြည်သူနှင့် တပ်မတော် စစ်ကြောင်းများသို့ အကြောင်းကြားထားကြောင်း သိရသည်။
.
တရုတ်နိုင်ငံဘက်မှ လာမည့် စက်တင်ဘာလ ၁၈ ရက်တွင် လေကြောင်းရန် ကာကွယ်ရေး ပုံမှန်ဥသြဆွဲမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ပြည်သူ့အစိုးရ၊ ပြည်ပရေးရာဌာနမှ အကြောင်းကြားလာသဖြင့် မူဆယ်၊ နမ့်ခမ်းနှင့် နယ်စပ် တစ်လျှောက်ရှိ အများပြည်သူနှင့် တပ်မတော်စစ်ကြောင်းများသို့ အဆိုပါ ဥသြသံ ကြားပါက အထိတ်တလန့် မဖြစ်ကြစေရန် အသိပေး အကြောင်းကြားစာများ ထပ်ဆင့် ပေးပို့ထားကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။
.
“ တရုတ်နိုင်ငံဘက်က အကြောင်းကြားလာတာကို အများပြည်သူနဲ့ ဒေသတွင်း တပ်မတော်စစ်ကြောင်းတွေ သိစေဖို့ မြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် ဆက်လက် ဖြန့်ဝေ အသိပေး အကြောင်းကြားတာပါ။” ဟု လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တရုတ်နိုင်ငံဘက်မှ ပေးပို့သည့်စာတွင် လေကြောင်းရန် ကာကွယ်ရေး ပုံမှန် ဥသြဆွဲသံသည် တရုတ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး တည်ဆောက်မှု အပိုင်းတွင် အရေးကြီးသော အစိတ်အပိုင်းအဖြစ် ပါဝင်နေပြီး တရုတ်နိုင်ငံသားများ၏ နိုင်ငံတော် ကာကွယ်ရေး အသိပညာပေး ကဏ္ဍတစ်ရပ် အဖြစ် ပါဝင်နေသဖြင့် ယင်းဥသြဆွဲသံပေးချိန်အား နည်းလည်ပေးနိုင်ပါရန်နှင့် သတ်မှတ်ချက် အရ ဥသြသံ သတိပေးချက် ၄ မျိုး ရှိကြောင်း ပါရှိကာ လာမည့် စက်တင်ဘာလ ၁၈ ရက်တွင် ဥသြသံ ကြားပါက အထိတ်တလန့် မဖြစ်စေရေး ကြိုတင် အသိပေး အကြောင်း ကြားထားကြောင်း သိရသည်။
.

အဆိုပါ လေကြောင်းရန် ကာကွယ်ရေး သတိပေး ဥသြဆွဲသံ ၄ မျိုးတွင် ကြိုတင်သတိပေးသံ၌ ဥသြဆွဲသံ ၃၆ စက္ကန့် ကြာပြီး ၂၄ စက္ကန့် ရပ်နားကာ အပြန်အလှန် ၃ ကြိမ်ဖြင့် ၃ မိနစ် ပတ်လည် ဖြစ်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု သတိပေးသံ၌ သြဥဆွဲသံ ၆ စက္ကန့် ကြာပြီး ၆ စက္ကန့်ရပ်ကာ အပြန်အလှန် ၁၅ ကြိမ်ဖြင့် ၃ မိနစ် ပတ်လည် ဖြစ်ကြောင်း၊ သတိပေးသံ ရုပ်သိမ်းခြင်း၌ ၃ မိနစ်တိုင်း ဥသြဆွဲခြင်း၊ သဘာဝဘေးအန္တရာယ် သတိပေးသံ၌ ဥသြဆွဲသံ ၁၅ စက္ကန့် ကြာပြီး ၁၅ စက္ကန့် ရပ်နား၍ အပြန်အလှန် ၆ ကြိမ်ဖြင့် ၃ မိနစ်တာ ပတ်လည် ဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။
.
“ နမ့်ခမ်း၊ မန်ဟီးရိုး နယ်စပ် တစ်လျှောက် တရုတ်တပ်တွေ အင်အားပြည့် ချထားတာ သိရတယ်၊ အင်အားပြတဲ့ အနေနဲ့ ခုလို လုပ်မှာလားတော့ မသိဘူး၊ ကျနော်တို့ ငယ်ငယ်က သူတို့ဖက်မှာ အလုပ် ဆင်းတာနဲ့ ပွဲလမ်းသဘင်လောက်ပဲ ဥသြဆွဲတာ ကြားရတာ၊ ခုလို ဥသြဆွဲမှာ မျိုးတော့ တစ်ခါမှ မဖြစ်ဖူးသေးဘူး၊ ဒါဟာ ပထမဆုံးအကြိမ်ပဲ၊ နယ်စပ် ထိစပ်နေတဲ့ နေရာမှာ နေတဲ့ ဒေသခံတွေကတော့ တရုတ်တပ်တွေ စစ်အင်အား ပြနေတယ်လို့ ပြောနေကြတယ်။” ဟု မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။
.
လက်တလော အခြေအနေတွင် စက်တင်ဘာလ ၁၀ ရက်ခန့်က စ၍ မူဆယ်ခရိုင်အတွင်း မြန်မာ- တရုတ် နယ်စပ်ချင်း ထိစပ်နေသည့် နေရာများ၌ တရုတ်စစ်သားများ လှုပ်ရှားသွားလာမှုများ ရှိနေကြောင်းနှင့် ယခု လေကြောင်းရန် ဥသြဆွဲသံ ပြုလုပ်ပါက နယ်စပ်တစ်လျှောက် တရုတ်စစ်လေယာဉ်များ ပျံသန်းမှု ရှိနိုင်ကာ စစ်ရေးအင်အား ပြပွဲများ ရှိလာနိုင်ကြောင်း၊ ပြီးခဲ့သည့် မြောက်ပိုင်းဖြစ်စဉ်များ ကာလအတွင်း ကြယ်ခေါင်ဘက်၌ တရုတ်စစ်လေယာဉ် ပျံသန်းမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats