.
“ ထိုင်းဘုရင်မင်းမြတ် သက်ရှည် ကျန်းမာပါစေ ” ၊ “ထိုင်း-မြန်မာ
နှစ်နိုင်ငံ ယုံကြည် ကိုးကွယ်သော ထေရဝါဒဗုဒ္ဓသာသနာ ကမ္ဘာတည်သရွေ့ တည်စေသော် ”၊ “ထိုင်း-မြန်မာ
နှစ်နိုင်ငံ ယဉ်ကျေးမှု အဓွန့် ရှည်စေသော် ”၊ “ထိုင်း-မြန်မာ နှစ်နိုင်ငံ ပြည်သူများ
ထာဝရ ချစ်ကြည် လက်တွဲမြဲစေသော်” စသည်ဖြင့် ၈၈၈၈ ဆရာတော်နှင့် ရဟန်းရှင်လူ ပြည်သူများက
ယနေ့ (စက်တင်ဘာလ ၆ ရက်)တွင် တောင်ကြီးမြို့၌ ဆုတောင်း မေတ္တာ ပို့သခြင်းများ ပြုလုပ်ခဲ့ခြင်း
ဖြစ်သည်။
.
“ ထိုင်း ဘုရင်မင်းမြတ်နဲ့ အတူ ထိုင်းနိုင်ငံ သံဃရာဇာ
ဆရာတော်ကြီးများ၊ ထိုင်းအစိုးရ၊ ထိုင်းနိုင်ငံသား အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေလို့
ဆုတောင်းမေတ္တာ ပို့သပါတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ
ဖြစ်သလို နှစ်နိုင်ငံ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်ကြတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတွေ
ဖြစ်ပါတယ်။ ခိုထောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်အမိန့် ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား
၂ ဦး လွတ်မြောက်ဖို့ အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံ မိန့်ကြားလိုပါတယ်။” ဟု တောင်ကြီးမြို့၊
အောင်မြေဘုံစံ သာမဏေကျော်ကျောင်းတိုက်မှ ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒက ကမ္ဘောဇတိုင်းသို့
မိန့်ကြားသည်။
.
ထို့အပြင် မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့
၂ ဦး အသက်နှင့် ဘဝ ချမ်းသာရရှိနိုင်ရေး အတွက် မြန်မာနိုင်ငံအစိုးရ၊ မြန်မာ့တပ်မတော်တို့က
ကြိုးစားဆောင်ရွက်နေသည့်အတွက် အထူး ဝမ်းသာကျေနပ်မိကြောင်းနှင့် ထိုင်းဘုရင်မင်းမြတ်သည်
ထေရဝါဒ ဗုဒ္ဓဘာသာကို ယုံကြည် ကိုးကွယ်သည့် ဘုရင်တစ်ပါး ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်
အမြင့်ဆုံးဖြစ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများမှ ထိုင်းနိုင်ငံ သံဃရာဇာ
ဆရာတော်ကြီးများနှင့် ထိုင်းဘုရင်မင်းမြတ်အား လျှောက်ထား မေတ္တာရပ်ခံ၍ မြန်မာလူငယ်
၂ ဦး၏ အသက်နှင့် ဘဝကို အလှူခံပါက လွတ်ငြိမ်း ချမ်းသာခွင့် ဧကန်မုချ ပေးသနားမည်ဟု ယုံကြည်ကြောင်းကိုလည်း
ဆရာတော်က ဆက်လက် မိန့်ကြားသည်။
.
အဆိုပါ သေဒဏ်ကျခံ မြန်မာနိုင်ငံသား ၂ ဦးအား ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသံရုံးမှ တာဝန်ရှိသူများက သြဂုတ်လ ၂၉ ရက်တွင် လည်းကောင်း၊ တပ်မတော်(ကြည်း/ရေ/လေ)
ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးမှ စက်တင်ဘာလ ၃ ရက်တွင်လည်းကောင်း
သွားရောက် တွေ့ဆုံ၍ အားပေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့ ၂ ဦး ပြစ်ဒဏ် သက်သာခွင့်
ရရှိရေးအတွက် မြန်မာအစိုးရ အနေဖြင့် ထိုင်းဘုရင်ထံ အယူခံ ဝင်နိုင်ရေး ဆောင်ရွက်နေကာ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှလည်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် အမှုနှင့်
ပတ်သက်၍ ကူညီဆောင်ရွက်ပေးရန်အတွက် ပန်ကြားထားကြောင်း သိရသည်။
.
ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း
(လိပ်ကျွန်း) တွင် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား ခရီးသွား ၂ ဦး အသတ်ခံရမှုနှင့်
ပတ်သက်၍ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး ဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့
၂ ဦးအား ကော့စမွီခရိုင် တရားရုံးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် သေဒဏ်ချမှတ်ခဲ့ခြင်း
ဖြစ်ပြီး ထိုင်းရှေ့နေများနှင့် ပူးပေါင်းကာ ထိုင်းအယူခံ တရားရုံးတွင် ၂ ကြိမ်တိုင်တိုင်
အယူခံ ဝင်ခဲ့ပြီးနောက် အယူခံလွှာကို ဩဂုတ်လ ၂၉ ရက်က နွန်ထဘူရီခရိုင် တရားရုံးမှ ပယ်ချကာ
သေဒဏ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment