PNA ပြည်သူ့စစ် တပ်ဖွဲ့ဝင်မှ ကလေးငယ် ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အမှုအား ရဲတပ်ဖွဲ့မှ ဥပဒေကြောင်းအရ အရေးယူမည်ဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

PNA ပြည်သူ့စစ် တပ်ဖွဲ့ဝင်မှ ကလေးငယ် ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အမှုအား ရဲတပ်ဖွဲ့မှ ဥပဒေကြောင်းအရ အရေးယူမည်ဟု ဆို


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဧပြီလ ၁ ရက်နေ့က PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးခဲ့သည့်အမှုမှ ကျူးလွန်သူအား ရဲတပ်ဖွဲ့မှ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
အမှုဖွင့်ထားပါတယ်။ သူတို့ဖာသာသူတို့ ကာယကံရှင်ကို ပိုက်ဆံပေးတာကတစ်ပိုင်း၊ လူသေတာကို ဥပဒေအရ အရေးယူရမှာက တစ်ပိုင်းပါ။ တရားခံကိုလည်း ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ တရားစွဲဖို့ပဲ ကျန်ပါတော့တယ်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အရေးယူဆောင်ရွက်ထားပါတယ်။ တောင်ကြီးအချုပ်ကို ဒီနေ့ပို့လိုက်ပါတယ်” ဟု ဆီဆိုင်မြို့ရဲစခန်းမှူး ဒုရဲအုပ်ဇော်မင်းလွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ မဲဟဲကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် ကိုရင်ဝတ်မည့် ကလေး ၂ ဦးအား ဧပြီလ ၁ ရက်က PNA ပြည်သူ့စစ် တပ်ဖွဲ့ဝင် ခွန်ဖွားမှ သေနတ်ဖြင့် ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
"ကျွန်တော်တို့ သိသလောက်ကတော့ လျော်ကြေးသဘောမျိုး ပေးတာပေါ့။ ဒါက ကျေအေးလို့ရတဲ့အမှုလည်း မဟုတ်ဘူး။ သူတို့စာ အရေးအသားပဲ မှားတာလားပေါ့။ အဲဒီလိုပဲ ကျွန်တော်သဘောပေါက်ပါတယ်။  တရားခံကလည်း စခန်းမှာ ဖမ်းထားတယ်ဆိုတော့ အမှုကတော့ပိတ်လို့မရဘူး။ လျော်ကြေးပေးတယ်ဆိုလညိးုင်းတယ်ဖြစ်မှာစိုးတာမျိုးပေါ့ မနေ့က မီဒီယာအဖွဲ့တွေလာတော့ အဲဒီစာလေးထုတ်ပြတယ်။ ဒါကို ကောက်ချက်ချ လွဲတယ် ထင်တယ်။ ဒါက ရဲအရေးပိုင်တဲ့အမှုပါ" ဟု ဆီဆိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ဗွာထိုသွေးက ပြောသည်။
.
အဆိုပါကိစ္စနှင့်ပတ်သက်၍ PNO/PNA မှ ဗိုလ်မှူုး ဇော်ပျံက "ကျွန်တော်က ခရီးထွက်သွားလို့ ပြေလည်အောင်လုပ် ကြပါလို့ ပြောလိုက်ပါတယ်။ ဥပဒေကြောင်းအတိုင်းပဲ သွားရမှာပါ” ဟု ပြောသည်။
.
အဆိုပါ PNA စစ်သားသည် ရွာအတွင်း ပြဿနာဖြစ်ပွားပြီး ဘုန်းကြီးတားမြစ်နေသည့်ကြားမှ ကျောင်းပေါ်တက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူ ကလေးငယ်များမှာ  လုံးဖိုရွာနေ ခွန်ဖြူ၏သား ခွန်ကျော်သန်း ၈ နှစ်နှင့် ခွန်ဆွယ်၏သား ခွန်ကျော်လေး ၈ နှစ်တို့ဖြစ်ပြီး ပစ်မှုကျူးလွန်သူ ခွန်ဖွားအား တဘက်ကျေးရွာအုပ်စု PNA အဖွဲ့နှင့် ဆီဆိုင်မြို့မရဲစခန်းတို့မှ ပူးပေါင်း ဖမ်းဆီးပြီး ဆီဆိုင်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်စိုးးးမှ ငွေကျပ် သိန်း ၁၆၀ ဖြင့် ညှိနှိုင်းဖြေရှင်း ပေးခဲ့ပြီး ဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ နှစ်ဦးသဘောတူ ကျေအေးကြောင်း လက်မှတ်ရေးထိုးပေးခဲ့ သဖြင့် ရာထူးမှ နုတ်ထွက်ခွင့် တင်ပြထားကြောင်း သိရသည်။ 
.
PNA ပြည်သူ့စစ်အဖွဲ့သည် ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၈ ရက်တွင် ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်ခဲ့သည့် အဖွဲ့ဖြစ်ကာ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် ပြည်သူ့စစ်(ဌာနေ) အဖြစ် အသွင်ပြောင်း ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
 .

Journal Download

Photo of three cats