ရှမ်းပြည်နယ်တောင်ပိုင်း ဒေသထွက် ကြက်သွန်ဖြူဈေးနှုန်း ကျဆင်းနေမှုကြောင့် တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, April 6, 2019

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသထွက် ကြက်သွန်ဖြူဈေးနှုန်း ကျဆင်းနေမှုကြောင့် တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေ


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသထွက် ကြက်သွန်ဖြူများသည်  ယခု နှစ်တွင် အထွက်နှုန်းကောင်းသော်လည်း ကြက်သွန်ဖြူဈေး စံချိန်တင် ကျဆင်းမှုကို ကြုံတွေ့နေရပြီး စိုက် ပျိုးသူတောင်သူများ အခက်အခဲများ ဖြင့် ရင်ဆိုင်နေရကြောင်း ကြက်သွန် ဖြူစိုက်တောင်သူများထံမှ သိရသည်။
.

.
ဈေးနှုန်းက တော်တော်လေးကို ကျဆင်းနေတာပါ။ ကျွန်တော် ကြက် သွန်စိုက်လာတာ ၁၀ နှစ်ကျော်ပါပြီ။ အခုလောက်ထိ ဈေးကွက်ပျက်တာ မကြုံဖူးသေးဘူး။ တောင်သူတွေ တော်တော်လေးကို ဒုက်္ခရောက်တဲ့အခြေအနေ မှာရှိတယ်။ ကြက်သွန်ဖြူ တစ်မျိုးတည်း စိုက်ထားတဲ့ တောင်သူတွေဆိုရင် ဘယ်လိုထမင်းစားကြမလဲ။ ကလေးတွေကို ဘယ်လို ကျောင်းထား ရမလဲဆိုတာ တွေးတောင်မတွေးရဲဘူးဟု ဆီဆိုင်မြို့ရှိ ကြက်သွန်ဖြူစိုက် တောင်သူ ခွန်မျိုးဟိန်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်ကြက်သွန်ဖြူဈေးကွက်တွင် ကြက်သွန်ဖြူ (မျိုးခြား) တစ်ပိဿာ ၃၀ ကျပ်၊ ကြက်သွန်ဖြူ မွှာထူး (၄) တစ်ပိဿာ ၄၀၀ ကျပ်၊ မွှာထူး (၃) တစ်ပိဿာ ၂၀၀ ကျပ်၊ မွှာထူး(၂) တစ်ပိဿာ ၁၀၀ ကျပ်၊ မွှာထူး(၁) တစ်ပိဿာ ၈၀ ကျပ် ခန့်သာ ဈေးရရှိသဖြင့် ကြက်သွန်ဖြူ စိုက်တောင်သူများ အခက်အခဲ ကြီးမားစွာရင်ဆိုင်နေရပြီး ကြက်သွန်ဖြူ ရောင်းရသည့်ငွေသည် သယ်ယူစရိတ်ပင် ရရှိခြင်းမရှိကြောင်း တောင်သူများထံမှသိရသည်။
.
တချို့ကြက်သွန်ဖြူပွဲရုံတွေက အ၀ယ်ရပ်ထားကြရတယ်။ ကြက်သွန်ဖြူစိုက် တောင်သူတွေ အားလုံး နလံ မထူနိုင်အောင် ဖြစ်နေကြပြီ။ အထိနာနေကြပြီ။ နောက်နှစ်စိုက်ဖို့အတွက် အရင်းတောင် ပြန်မရတဲ့ အခြေအနေ ရောက်နေပြီ။ လုပ်အားခ၊ ငှားရမ်းခ၊ သယ်ပို့ခတွေအစစအရာရာ အရှုံးကြီး ရှုံးနေကြရတယ်။ ကိုယ့်ဒေသထွက် ကုန်ကဈေးမရ။ သူများပစ္စည်းကိုကျတော့ ဈေးကြီး ပေးဝယ်ကြရတယ်။ ဒါကြောင့်တရုတ် နယ်စပ် ကြူကုတ်၊ မူဆယ်တို့ဘက် ကတစ်ဆင့် တန်ပေါင်းထောင်ချီ ၀င်လာနေတဲ့ တရုတ်ကြက်သွန်ဖြူ တွေကို အ၀င်ပိတ်ပေးကြပါလို့ တာဝန်ရှိသူတွေကိုပြောချင်ပါတယ်ဟု ပင်းတယမြို့နယ်၊ တံတားကြီးကျေးရွာမှ ကြက်သွန်ဖြူစိုက်တောင်သူ ကိုစန်းလင်းအောင်ကလည်း ၎င်းင်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံသည်ကမာ့ တတိယမြောက်အများဆုံး ကြက်သွန်ဖြူ စိုက်ပျိုးသည့်နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ကြက်သွန်ဖြူ စိုက်ဧက ၇ သိန်းခန့်ရှိကာ ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြောင်းနှင့် ၁ ဧက အထွက်နှုန်းသည် ပျမ်းမျှအားဖြင့် ပိဿာချိန် ၁၈၀၀ ထွက်ရှိကာ ရှမ်း ပြည်နယ်တွင် တစ်နှစ်လျှင် ခန့်မှန်းချေ ကြက်သွန်ဖြူတန်ချိန် ၂၀၀၀၀ ခန့်ထွက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats