မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် အထူးခြားဆုံးအဖြစ် အင်းလေးကန်အတွင်း ရေပေါ်သင်္ကြန် ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, April 2, 2019

မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် အထူးခြားဆုံးအဖြစ် အင်းလေးကန်အတွင်း ရေပေါ်သင်္ကြန် ကျင်းပမည်


မင်းဇော်မင်း
.
မြန်မာနိုင်ငံ၏ ပထမဆုံး၊ အထူး ခြားဆုံးနှင့် အစည်ကားဆုံး အဖြစ် အင်းလေးရေပေါ် သင်္ကြန်ပွဲတော် (Innlay Floating Thingyan Festival 2019) ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသ၊ နန်းပန်ကျေး ရွာရှိ Innlay Culture Heritagetrust Complex
 ရေပေါ် အဆောက် အအုံတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်
.
''ဒီနှစ်အတွက် ပြည်ထောင်စု ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ရဲ့လမ်းညွှန်မှုအရ ရေပေါ်သင်္ကြန်ပွဲတော်ကို ပထမဆုံး အကြိမ် လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်''ဟု အဆိုပါပွဲအား ကမကထ စီစဉ်သည့် အဖွဲ့ဖြစ်သော Miss Innlay Organization and Innlay Culture Heritagetrust Complex မှ အထွေထွေမန်နေဂျာ ဦးစိုင်းစိုးထွန်း  က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံ၏ ခရီးသွားလာမှု မြှင့်တင်နိုင်ရန်နှင့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ချစ်ခင် ရင်းနှီးမှု တိုးပွားလာပြီး ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ အင်းလေးရေပေါ် သင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် အထူး ခြားဆုံး၊ အစည်ကားဆုံး ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
.

(Photo - Inlay Miss Organization)

ထို့အပြင် အင်းလေးကန်ဒေသ အ ခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး မြှင့်တင်မှုအတွက် အထောက်အပံ့ ဖြစ်စေရန်၊ သင်္ကြန်ကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဒေသခံများနှင့် ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံ၏ ပထမ ဦးဆုံး ရေပေါ်သင်္ကြန်ကို အတူတကွ ပျော်ရွှင်ကြည်နူးစွာဆင်နွှဲပြီး မြန်မာ့နှစ်သစ်ကူးကို ကြိုဆိုနိုင်ကြရန်၊ အင်းလေးရိုးရာ ရေပေါ် သင်္ကြန်ဓလေ့ စရိုက်များကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရန်၊ ဒေသခံတိုင်းရင်းသား အချင်းချင်း ချစ်ခင် ရင်းနှီးစွာ ပါဝင်ဆင်နွှဲနိုင်မည့် ပွဲတော်ကြီးတစ်ခု ပေါ်ပေါက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း င်းက ဆက်လက် ပြောကြားခဲ့သည်။
.
''ပြည်နယ်အစိုးရက လမ်းညွှန်တာ ဖြစ်လို့ လုံခြုံရေးပိုင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အပိုင်း၊ စတာတွေမှာ ပြည့်စုံ လုံလောက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အသက်ကယ်လှေတွေလည်း အဆင်သင့်ထားရှိမှဖြစ်သလို တတ်စွမ်းသမျှ အန္တရာယ် မဖြစ်အောင် စီစဉ်လျက် ရှိပါတယ်''ဟု ဦးစိုင်းစိုးထွန်းက ပြောသည်။
.
အဆိုပါ ပွဲတော်အင်းလေးကန် ရေပြင်ပေါ်တွင် လှေသဗ္ဗာန်များ၊ ဖောင်များဖြင့် အတာရေစင် ပက်ဖျန်းခြင်း အပြင် အမျိုးသမီး အဆိုတော်များ ဖြစ်သည့် တင်ဇာမော်၊ ချမ်းချမ်း၊ အိုင်းရင်းဇင်မာမြင့်၊ စိမ်းမို့မို့၊ ပိုးမီနှင့် အခြားအမျိုးသမီး အဆိုရှင်များမှ တစ်ရက်လျှင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၇ နာရီအထိ တစ်ကြိမ် ဖျော်ဖြေသွားမည်ဖြစ်ပြီး၊ အခြားသော အတာယိမ်းအကအလှများ၊ အင်းလေးဒေသ ကိုယ်စားပြု Master & Miss Innlay 2019 ရွေးချယ်ပွဲ များကို ပြုလုပ်မည်ဖြစ်ကာ နှစ်ဆန်း တစ်ရက်နေ့တွင် သံဃာတော် အပါး ၁ဝဝဝ အား နှစ်ဦး ရေပေါ်ဆွမ်း လောင်းလှူကာ နှစ်ဦးရေပေါ် ဓမ္မသဘင်ကို ခမ်းနားစွာကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
.
 (Photo - Inlay Miss Organization)



အင်းလေးကန်ဒေသသည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အများဆုံး လာရောက်ရာ မြန်မာ နိုင်ငံ၏ ခရီးသွားရပ်ဝန်း ဒေသတစ်ခု ဖြစ်ပြီး နှစ်စဉ် ပြည်ပခရီးသွား ဦးရေ ၃ သန်းခန့် လာရောက် လည်ပတ်လေ့ရှိရာ သင်္ကြန်ကာလသည် ခရီးသွားဦးရေ အထူးများပြားလေ့ ရှိသည့် ကာလတစ်ခု ဖြစ်သည်။
.
အင်းသားတိုင်းရင်းသားတို့သည် ရေပေါ်တွင် အိမ်ဆောက်နေသည့် ဓလေ့ရှိသလို ရေပေါ်တွင် သင်္ကြန် ပွဲတော် ဆင်နွှဲခြင်း၊ အင်သားရိုးရာ နှစ်ကျိပ်ရှစ်ဆူ ဆွမ်းလောင်းခြင်း၊ ရေပေါ်နှစ်သစ်ဆွမ်းဦး လောင်းလှူခြင်း အစရှိသည့် ဓလေ့စရိုက် များစွာ ရှိကြောင်း သိရသည်။
.
အဆိုပါ ရေပေါ်သင်္ကြန်ပွဲတော်ကို ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၁၃ ရက်၊ ညနေ ၃ နာရီမှ ဧပြီလ ၁၇ ရက်၊ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး YTV Free to airရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွင့်ပေးသွားရန် ရှိကြောင်း သိရှိရသည်။
.

No comments:

Post a Comment