ခရီးသည်တင် ယာဉ်များ ယာဉ်စီးခ ပိုမို တောင်းခံပါက ယာဉ်လိုင်း ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, April 2, 2019

ခရီးသည်တင် ယာဉ်များ ယာဉ်စီးခ ပိုမို တောင်းခံပါက ယာဉ်လိုင်း ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု ဆို


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်အတွင်း အခြေပြု ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ အနေဖြင့် နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်စီးခ ပိုမိုကောက်ခံခြင်း မပြုရန် အပါအဝင် လိုက်နာရမည့် အချက် ၅ ချက်ကို ထုတ်ပြန်ညွှန်ကြားပေးသွားမည်ဖြစ်ကာ လိုက်နာမှု မရှိပါက ယာဉ်လိုင်း ပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
.
''အဓိက ကတော့ ယာဉ်စီးခ သတ်မှတ်ချက်ထက် ပိုတောင်းတာရယ်၊ မူလ ဝယ်ယူထားတဲ့ ခုံနံပါတ် နဲ့ စီးနင်းရတဲ့ ခုံနံပါတ် လွဲမှားနေတာ၊ ခရီးသည်ကို သတ်မှတ်တဲ့နေရာအထိ ရောက်အောင် ပို့မပေးတာ၊ ခရီးစဉ်ကို အချိန်နဲ့ တစ်ပြေးညီ မထွက်ခွာတာ။ ကားလက်မှတ်တွေကို ဝယ်ယူတဲ့အခါမှာ ကြော်ငြာထားတဲ့ နေ့ရက်တွေမှာ အမှန်တကယ် ဝယ်ယူ မရတာ စတဲ့ကိစ္စတွေ ဖြစ်ပေါ်ခဲ့ရင် ကျွန်တော်တို့ စားသူံးသူရေးရာ ဦးစီးဌာနကို တိုင်ကြားလို့ ရပါတယ်။ အရေးယူဆောင်ရွက် ဖြေရှင်းပေး သွားမှာပါ''ဟု ရှမ်းပြည်နယ်စားသုံး သူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ဧပြီလ ပထမပတ်အတွင်း မော်တော်ယာဉ် လုပ်ငန်းရှင်များ၊ မော်တော်ယာဉ်လိုင်း ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ပြီး နေရပ် ပြန်သူများနှင့် ခရီးသွား များပြားသည့် သင်္ကြန်ပိတ်ရက် ကာလတွင် အထက်ပါ ကိစ္စရပ်များ မဖြစ်ပွားစေရေးအတွက် ညွှန် ကြားချက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး လိုက်နာမှု မရှိပါက အနိမ့်ဆုံး ပြစ်ဒဏ်အဖြစ် ခေါ်ယူ သတိပေးခြင်းမှ ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် သင်္ကြန်ပွဲတော် ကာလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အဝေးပြေး မော်တော်ယာဉ် လိုင်းတစ်ခုအား စည်းကမ်း လိုက်နာမှု မရှိသဖြင့် ယာဉ်လိုင်း ရက်သတ္တပတ် တစ်ပတ် ပိတ်သိမ်းအရေးယူ ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။
.

ရှမ်းပြည်နယ်အတွင်းမှ ခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များအား ချိုးဖေက်ပါက စားသုံးသူရေးရာဦးစီးဌာနများသို့  လူမှုကွန်ရက် Facebook Message မှ လည်းကောင်း၊ တယ်လီဖုန်းဖြင့် လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပြီး တိုင်ကြားစာ လက်ခံ ရရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် ကွင်းဆင်း စစ်ဆေး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယခုနှစ်၊ မတ်လ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၉) ဖြင့် အသစ်ပြဌာန်း လိုက်သည့် စားသုံးသူအကာ အကွယ်ပေးရေး ဥပဒေအရ ယာဉ်လိုင်းများအနေဖြင့် အထက်ပါ ပြစ်မှုများကို ကျူးလွန်ပါက ငွေဒဏ် အပြင် ထောင်ဒဏ်ပါ ချမှတ်နိုင် ကြောင်း သိရသည်။
.
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ စားသုံးသူ အခွင့်အရေး အပြည့်အဝ ရရှိစေရေး အတွက် တိုင်ကြားစာ လက်ခံ ဖြေရှင်း ရေးဌာန (CICC) များကို တိုင်း ဒေသကြီးနှင့် ပြည်နယ် အသီးသီး တွင် ဖွင့်လှစ်ထားပြီး လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats