ပညာခေတ်အလွန် ကိုယ်ကျင့်တရားခေတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, March 5, 2019

ပညာခေတ်အလွန် ကိုယ်ကျင့်တရားခေတ်


ဆာယာလှမြင့်
.
သူတော်မှ ငါကောင်းမယ်၊ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။ ဒီစကားတွေ ကြားရတာ နား ထောင်လို့ ကောင်းသလိုလိုပါပဲ။ ကျွန်တော် ဘဝင်မကျပါ။ အမှန်က သင်ကောင်းကောင်း မကောင်းကောင်း ကျွန်ုပ်က ပုံမှန်ပဲ ဆက်ဆက် ဆိုးလာရင်တော့ တာဝန်မယူနိုင်။ ပုထုစဉ်နယ် အတွင်းက ဒီလိုပဲ ပြောသင့်တယ်။ သဘာဝ လည်းကျတယ်။ သူတော်ကောင်း အစစ်တွေကတော့ ဟုတ်မှန်အကျိုးရှိတဲ့ စကားဆိုလက်ခံတယ်။ စိတ်မဆိုးတတ်။ အပြစ်ပြပြီး ကောင်း ကျိုးထင်မယ့်စကားကိုလည်း ပြောတတ်ကြတာ သူတို့အလုပ်ပဲ။
.
.
ဒါပေမဲ့ သူတော်ကောင်းတွေက သဘာဝ အရအရေအတွက် နည်းပါတယ်။ တွေ့ရဆုံရဖို့ ခက်ပါဘိ။ ကောင်းပြီ ဘယ်လိုပုဂ္ဂိုလ်မျိုးကို သူ တော်ကောင်းခေါ်မလဲ၊ ထင်သာမြင်သာအရ မြတ်စွာဘုရားအမှူးရှိတဲ့ အရိယာသံဃာတော် တွေပဲလို့ လူတိုင်းသိနိုင်လောက်ပါတယ်။ ထပ် ဆင့်ပြောမယ်ဆိုရင် ''တော်သလောက်ကျော် ကျော်သလောက်လည်းတော်တဲ့ လယ်တီဆရာ တော် ဘုရားကြီး၊ လူပိန်းတွေကို သစ္စာတရား တွေ နားလည်အောင်ဟောနိုင်၊ ကိုယ်တိုင်လည်း ကျင့်ကြံတော်မူပြီးဖြစ်တဲ့ မိုးကုတ်ဆရာတော် ဘုရာကြီး၊ မဟာစည်ဆရာတော်၊ မင်းကွန်းဆ ရာတော်ကြီးတို့နဲ့တကွ အလားတူ အရှင်မြတ် တွေကို ပြေးမြင်ကြည့်ပါ။ အရှင်မြတ်တို့ဟာသူ တော်ကောင်းကြီးများအဖြစ်၊ လောကလူ့ရွာ ကောင်းကျိုးတွေ စွမ်းဆောင်သွားခဲ့ကြတာ အ ထင်အရှားပါ။ ကမ္ဘာမှာလည်း မာသာထရီဇာ တို့လို၊ သူတော်စင်တွေ ရှိနေပါတယ်။ တွေးမိ တာကတော့ ကိုယ်ကျင့်တရားကောင်းနေရင်၊ တော်ဖို့မခက် တော်သူတိုင်းက ကောင်းမယ်လို့ တော့ မဆိုသာ။ မကောင်းတဲ့သူတွေ တော်လာ မှာစိုးရတယ်။
.
အရင်နားရှင်းထားရမယ့်ကိစ္စက သူတော် ကောင်းမှန်ရင် ဉာဏ်ပညာရှိပြီးသားလို့ သဘော ပေါက်ပါမယ်။ စာအုပ်ထဲမှာရှိတဲ့ပညာထက် အ ကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ခွဲ ခြားနိုင်တဲ့ပညာ၊ အရာရာကို သဘောအမှန်အ တိုင်းသိတဲ့ မဂ်ပညာ ဖိုလ်ပညာအထိ သွားရ မှာပါ။ အကျဉ်းအားဖြင့် သူတော်ကောင်းလက္ခ ဏာကို (၁) ကောင်းမွန်မှန်ကန်တာကို ကြံသူ (၂) ဟုတ်မှန်အကျိုးရှိ စကားကို ဆိုသူ (၃) ကောင်းမွန်မှန်ကန်တဲ့အလုပ်ကို လုပ်သူတဲ့။ ကံ (၃)ပါးကောင်းသူလို့ ဆိုပါစို့။ မစိုးရိမ် ဆရာ တော်ကြီးကတော့ အကုသိုလ်အမှုကလွဲလို့ ဘာ မှမကြောက်ပါဘူးလို့ ပြောဖူးတာ အမှတ်ရမိ တယ်။ ကောင်းခြင်းဆိုးခြင်းဟာ ကုသိုလ်အကု သိုလ်ရဲ့အလားတူ အခြားစကားလုံးတွေ ဖြစ်ပါ တယ်။
.
ကံ (၃)ပါးမှာ ကာယကံ၊ ဝစီကံကို မနော ကံက ဦးဆောင်နေပါတယ်။ ဗုဒ္ဓစာပေအရ စိတ် ကို ဆုံးမနိုင်ရင် နိဗ္ဗာန်ကို ရောက်နိုင်တယ်။ အ ကုသိုလ်အရာမှာ ကာယကံဖြင့် သူ့အသက် သတ်တယ်ဆိုပေမယ့် မနောကံက မရေမတွက် နိုင်အောင် သတ်နိုင်တယ်။ မနောကံသာ အ ရေးပါတယ်လို့ ဆိုတဲ့သဘော။ သူတစ်ပါးပစ္စည်း မတရားလိုချင်စိတ်၊ ဖျက်ဆီးချင်စိတ်၊ အယူမှား တဲ့စိတ်၊ ဒီစိတ်သုံးပါးမှာ ထပ်အရေးပါတဲ့ စိတ် က အယူမှားတဲ့ စိတ်ပဲ။ ကျန်တဲ့စိတ်က သီလ သမာဓိနဲ့ပယ် ခဏတော့ရတယ်။ မိစ္ဆာဒိဌိက တော့ ပညာနဲ့ ပယ်မှပဲရပါတယ်။
.
တစ်ခါတလေ လမ်းမပေါ် သွားရင်းနဲ့ကား တွေမြင်တိုင်း ဒီလောက်ပေါတဲ့ကားထဲမှာ ငါ့ ကားလည်း တစ်စီးမှ မပါ ပါလားလို့ ကားလိုချင် စိတ် ကျွန်တော့်မှာ ဖြစ်မိပါတယ်။ ကျွန်တော်က သူ များကားလိုချင်နေပေမယ့် ကရုဏာရှင်မကြီး မာသာထရီဇာကတော့ သူ့အတွက် ပုတ်ရဟန်း မင်းကြီးလှူတဲ့ မာစီးဒီးကားကြီးကို ဇိမ်ခံစီးမနေ ဘဲ ရောင်းလိုက်တယ်။ ငတ်မွတ်နေတဲ့ ကလေး တွေကို အာလူး၊ ဂျုံတွေ ဝယ်ပြီးချက်ကျွေးတယ်။ ကမ္ဘာ့လူဦးရေ သန်း ၇ဝဝဝ နီးပါးမှာ ဘယ် နှစ်သန်းက ထမင်း၊ အစားအစာ နပ်မှန်အောင် မစားကြရဘူးလဲ။ ကြားရတဲ့ ကိန်းဂဏန်းတွေ က ကြောက်စရာကောင်းလို့ အဲဒီကလေးတွေ ကို မာသာထရီဇာက ကူညီပံ့ပိုးခဲ့တယ်။ ကမ္ဘာ့ သတင်းများအရ သုံးစက္ကန့်မှာ ကလေးတစ် ယောက်နှုန်း သေဆိုပဲ။ ဒါကြောင့် ကမ္ဘာတစ် လွှားက ငတ်မွတ်နေတဲ့ ကလေးတွေ၊ ရောဂါ ထူနေတဲ့ကလေးတွေ အစာစားရဖို့ သူ့ကိုလှူ တဲ့ပစ္စည်းကို ရောင်းပစ်လိုက်တာ။ လူမိုက်တွေ က သူများပစ္စည်း မတရားယူချင် ဖျက်ဆီးချင် နေ အသိဉာဏ်ပိုင်ရှင် ပညာရှိ သူတော်ကောင်း များက မစင်ပုပ်လို ရွံရှာသတဲ့ လိုချင်တပ်မက် စိတ်ဆိုတာ ဝေး။
.
ခြုံပြောရရင် ကံ ၃ ပါးကောင်းသူ သူတော်ကောင်းပဲဆိုရင် အလွယ်နဲ့ပြီးပါတယ်။ ကံသုံး ပါးမှာလည်း ဝစီကံနဲ့ ပတ်သက်လို့ အင်္ဂုတ္ထိုပါ ဠိတော်မှာ မြတ်ဗုဒ္ဓက ''ရဟန်းတို့ သင်တို့ဟာ အသက်ကြီးနေပေမယ့် လူကြီးစိတ်မရှိဘဲ မ ပြောသင့်တာ ပြော၊ မမှန်တာ အကျိုးနဲ့ မစပ် တာ အဆုံးအမနဲ့ မစပ်တာတွေပြော မှတ် သားစရာ မရှိတဲ့ စကားတွေပြောနေရင် သင့်ကို ပညာရှိ သူတော်ကောင်းမဟုတ် လူကြီးလူမိုက် တွေလို့သာ မှတ်လော့''လို့ ဥရုဝေလ တော အုပ်မှာ ဟောကြားခဲ့ပါကြောင်း၊ ဆိုလိုတာက သီလကြီးမှ သမာဓိကြီးမှ လူကြီးပါတဲ့။ Grow Up ဖြစ်ရမယ်။ Grow Old အသက်ကြီးလို့ အိုလာတာမျိုး မဖြစ်သင့်။
.
ကမ္ဘာမှာ လူမျိုးဘာသာ အသီးသီးမှာ သူ တို့ဘာသာရေးအဆုံးအမအရ သူတစ်ပါးပစ္စည်း မတရား လိုချင်စိတ်၊ ဖျက်ဆီးချင်စိတ်တွေ (အဘိဇ္ဈ၊ ဗျာပါဒ)ဒီ မနောကံ နှစ်ခုကောင်းနိုင်ပါ တယ်။ ဒီနှစ်ခုကောင်းနေရုံနဲ့ မပြီးသေးဘူး ငါ ငါ့ဥစ္စာ အမှတ်အယူတွေ ရှိနေရင်၊ ကံ ကံ၏ အကျိုးကို မယုံဘူးဖြစ်နေရင် သံသရာအကျိုး က အပယ်တံခါးပွင့်နေ တယ်။ အမှန်သဘောက ကုသိုလ်ကံရှိမှ ကိုယ်ပိုင်ဥစ္စာ၊ ငါဆိုတာ မရှိ။ အရာအားလုံးအချိန်တန်ရင် ပြီးဆုံးသွားလို့ မ မြဲတဲ့သဘော၊ ငါရှိရင် မြဲရမှာပေါ့။ ငါမရှိတာကို သိဖို့ကလည်း သံသရာတစ်လျှောက် ကြိုးစား ပေဦးတော့။
.
ဒါကြောင့် တော်လည်းတော် စိတ်ထား လည်း ကောင်းမွန်တဲ့သူဆိုတာ ပစ္စုပ္ပန်သံသရာ ကျိုးနှစ်ဖြာကို နှစ်ဖက်မြင်ထားသူ၊ ဒုစရိုက် ရှောင်၊ ဒါနသီလ ဘာဝနာကုသိုလ်တရားကို ဆောင်ထားသူလို့ ဆိုရင်လည်း ရပါတယ်။ အကိတ္တိရသေ့ကြီးက သိကြားမင်းထံ ဆုတောင်းတယ်။ သူတော်ကောင်းတွေနဲ့ တွေ့ပါရစေ။ သူ တို့နဲ့ တရား သဘော ဆွေးနွေးပါရစေ။ ဆိုတော့ သိကြားမင်းက ဘာဖြစ်လို့လဲ မေးတယ်။သူ တော်ကောင်းဟာ သူတစ်ယောက်ထဲ ကောင်းနေတာ မဟုတ်၊ အများအပေါ်လည်း ကောင်း စိတ်ရှိလို့ပါတဲ့။ ဥပမာမေးရရင် ပိန္နဲသီးလိုပဲ အပြင်က ဆူးတွေ ဗလပွ၊ အကွင်းမှာ ချိုမြတဲ့ အစေ့အဆန်တွေအပြည့် ရှိနေတယ်ပေါ့။ ဒီတော့ စိတ်ပုတီးကို လည်မှာဆွဲ ကျောင်းကန်ဘုရားသွား ရုံနဲ့ သူတော်ကောင်းမဖြစ်သေးဘူး၊ အများ ကောင်းကျိုးလည်း ဆောင်ရွက်ရမယ်။
.
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်လက်ထက်မှာ အာဖရိကလူမည်းတွေကသူ့ကို ခေါင်းပေါင်းစ တလူလူနဲ့ အလံထူနေတာ ဘာလူမျိုး ပါလိမ့် မေးကြတယ်တဲ့။ သူတော်ကောင်းဆိုတာ ခေါင်းပေါင်းစတွေ ပေါင်းချင်ပေါင်းမယ်။ မပေါင်း ချင်မပေါင်းဘူး ကောင်းဆိုးနှစ်တန်ကိုတော့ ဝေခွဲတတ်ပါတယ်။ သီတဂူဆရာတော်က 'ကောင်း ဆိုးနှစ်ပါး သိတတ်ငြားမှတ်သားလူလိမ္မာ'တဲ့။ အိန္ဒိယက သူတော်စင်မာသာထရီဇာကလည်း ''သွားလေရာ မေတ္တာစေတနာ ဖြင့်ဝေပါ။ ပထမ သင့်အိမ်မှာ ဖြန့်ဝေပါ။ ဇနီး ခင်ပွန်းသားသမီး များအပေါ် မေတ္တာပွားပါ။ သင့်ထံရောက်လာသူ တိုင်းအပေါ်လည်း ပို၍ စိတ်ချမ်းမြေ့စွာ မေတ္တာ သက်ရောက်ပါ။ သင့်ရဲ့ နွေးထွေးသော နှုတ် ဆက်မှုမှာ အကြင်နာတရားတွေ ရှိနေပါစေ'' တဲ့။ ထိမိတဲ့ စကားသံတွေပါ။
.
သူတော်ကောင်းတွေရဲ့ စကားသံတွေဟာ ကိုယ်ကျင့်တရားနယ်ပယ်ထဲက ပြောနေတာဖြစ် ပါတယ်။ ပညာခေတ်မှာ ပညာတတ်ရုံနဲ့ မပြီး သေးပါ။ ကိုယ်ကျင့်တရားပါ ကောင်းမှ၊ ပညာ ခေတ်အလွန်အချိန်အခါ အခြေအနေအရ ကိုယ် ကျင့်တရားခေတ်ရောက်မှ လူ့အဖွဲ့အစည်းအ ကျိုးရှိမယ်။ အသုံးတည့်မယ့် အလုပ်ဖြစ်မယ်ဆို ရင် ကျွန်တော်တို့ လက်ခံကြရမှာပါပဲ။
.
အလျဉ်းသင့်လို့ အင်တာနက်မှာ တွေ့လိုက် ရတဲ့ ဗွီဒီယိုဖိုင်ထဲက တံငါသည်လေး တစ်ယောက်အကြောင်း ဖောက်သည်ချလိုက်ချင်ပါတယ်။ ထိုင်းနိုင်ငံပင်လယ်ကမ်းစပ် တစ်နေရာမှာ ပင်လယ်ရေလွှမ်းနေလို့ နွံတောကြီးဖြစ်နေတယ်။ နွံထဲမှာ ကမ္ဘာလှည့်ခရီးသည် အဖိုးအိုလင်မယား အကောင်းစားကင်မရာကြီးနဲ့ ရှုခင်းတွေရိုက်နေ ရင်း နှစ်ယောက်စလုံးနွံနစ်နေကြတယ်။ ကမ်းစပ်က တံငါသည် လူငယ်လေးအပြေးရောက် လာတယ်။ သူတို့ကို မချီပြီး နွံထဲက ဆယ်ယူတယ်။ မရပါ။ အဖိုးကြီး လင်မယားလည်း အတင်းရုန်းထတယ်။ ရုန်းလေနစ်လေပဲ။ ကယ်ဖို့  အင်မတန်ခက်နေတဲ့ အနေအထား သူလက် လျော့ပြီး ပြန်သွားမလား ဘာဆက်လုပ်မလဲ ဆက်ကြည့်လိုက်သောအခါ ။
.
ပထမသူတို့ရဲ့ ကင်မရာအကောင်းစားကြီး ဘေးလွတ်ရာရွှေ့တယ်။ ပြန်လာတယ်။ တကယ် တော့ အဲဒီကင်မရာကို သူအဝေးကို ယူသွား ပြီး ထွက်ပြေးလို့ရတယ်။ အဖိုးအဖွားတို့ ဘာမှ မတတ်နိုင်တဲ့ အခြေအနေပါ။ ဒါပေမဲ့ သူမယူ။ သူ့အလုပ်သူ ဆက်လုပ်တယ်။ ဒီနေရာမှာကျွန် တော်သာ အဲဒီလူငယ်လေးနေရာမှာ ဝင်ကြည့် ရင် အခွင့်ကောင်း ယူမိချင်ယူမိမယ်ထင်တယ်။ သူကတော့ အဖွားအိုလွယ်ထားတဲ့ အိတ်နဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ဘေးလွတ်ရာသွား ထားပြန်တယ်။ ပြန်လာတယ်။ ဒီအဖိုးအဖွားဟာ ဘယ်နိုင်ငံကလည်း၊ ဘာလူမျိုးလဲ၊ ကိုးကွယ်တဲ့ ဘာသာ သူမစဉ်းစား၊ လူတွေပဲဆိုတဲ့ အသိနဲ့ ကယ်နေတဲ့ အနေအထားမို့ မြင်ရသူတိုင်းရဲ့ရင် ကို တိုးဝှေ့ပြီ။
.
ဒီတစ်ခါ အံ့အားသင့်စရာတစ်ခု သူလုပ်ပြ လိုက်တယ်။ ရွှံ့နွံပေါ်မှောက်ချလိုက်ပါရော။ ဒုက္ခ ရောက်သူကိုကယ်ဖို့ သူ့ခန္ဓာကိုယ်ကိုကြမ်းပြင် သဖွယ်ထား၊ အဖိုးအဖွားက ကျောပေါ်ကိုတက် ပြီး နင်းတက်ခဲ့ပေါ့။ သူ့ရဲ့စေတနာ အရင်းခံထား တဲ့ အလုပ်ဖြစ်ခြင်းကြောင့် နောက်ဆုံးနွံနစ်တဲ့ ဘေးက လွတ်သွားပါတယ်။ သူ့မှာတော့ ရွှံ့အ လူးလူးနဲ့ မနည်းရုန်းထလိုက်ရတယ်။ သူက ကျေးဇူးတင်ပါတယ်လို့ လက်ပြနှုတ်ဆက်ပြီးသူ့ အလုပ်ရှိရာ ကမ်းစပ်လှေဆီကို သွားပါတော့ တယ်။ Anything goes ပဲ။ ဒီလိုကူညီပေးရတဲ့ အတွက် သူ့ကို ဘာပေးပါ ညာပေးပါ မတောင်း ဆို၊ ထမင်းတစ်နပ်ကျွေးပါလို့တောင် တစ်ခွန်းမ ဟဘူး။ လာဘ်မစားဘူး။ သာမန်တံငါသည်လေး ခေတ်ပညာမတတ် ငွေကြေးလည်း မချမ်းသာ၊ ဒါပေမဲ့ သူ့နှလုံးသားအိမ် သူ့ဝိဉာဉ် သူ့စိတ်သ ဘောထားတွေက အလွန်ပဲချမ်းသာနေပါတယ်။ သူ့ကို ဂုဏ်ပြုချင်လို့ ဒီဆောင်းပါးမှာ ထည့်ရေး လိုက်ရပါကြောင်း၊ ဒါက ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး။ တကယ့်အဖြစ်အပျက်ပါ။
.
ဒီဖြစ်စဉ်ကို ကြည့်ရင် လူတစ်ယောက်ရဲ့ သူ့စိတ်စေတနာအလှပန်းတွေကို တစ်ပွင့်စီ၊တစ် ပွင့်စီ ပန်ပြသွားတာ တွေ့လိုက်ရတယ်။ ဒါကြောင့်လည်း မဟာဂန္ဓာရုံဆရာတော်ကြီးကစိတ် ကောင်းရှိဖို့ ပထမပါလို့ စည်းကမ်းထားပြီး ပညာတတ်ဖို့ကို နောက်ဆုံးမှာထားခဲ့တယ်။ပစ္စုပ္ပန် ကိုကြည့်ပြီး အနာဂတ်အတွက် ကြိုပြောလိုက် တာများလား။ ပညာရှိသူတော်ကောင်းတို့ရဲ့ တွက်ကိန်းမှန်လိုက်တာ။ ခေတ်ပညာတွေတတ် ပြီး ကိုယ်ကျင့်တရားပျက်နေရင် လူ့အဖွဲ့အစည်း လည်း ပျက်ပဲ။ ပညာပြည့်ဝ နှလုံးလှချင်ရင် တော့ အရှင်းဆုံးက စာတတ်သူတိုင်း စာတတ် ကြဖို့ပဲ။ သစ်ခုတ်ဖို့အချိန် (၆)နာရီရမယ်ဆိုရင် (၄)နာရီလောက် ပုဆိန်သွေးရပါလိမ့်မယ်လို့ သမ္မတ လင်ကွန်းကြီးက ပြောသွားခဲ့တာ။ စာ ဖတ်ဖို့ အချိန်လိုတဲ့ သဘောပါ။ ဖုန်းချည်းပွတ် နေလို့ မရဘူး။
.
မန္တလေးမြို့ ၄၂ လမ်း ဘုရားကြီးဈေးမှာ အသက် ၉၄ နှစ်ရှိ အဖွား ဒေါ်ဖိတ် ကုန် စိမ်းရောင်းနေတာ မကြည့်ရက်နိုင်တဲ့ One to One ပရဟိတ လူငယ်အဖွဲ့ကအမေများနေ့ မှာ အမေ့ကို ငွေငါးသောင်း၊ ပါတိတ်တစ်ထည် ကန်တော့သွားတဲ့ သတင်းကြားပြန်တော့လည်း ဝမ်းသာရပြန်တယ်။ သူတို့လည်း နှလုံးသားကို အလှဆင်လိုက်တာပါပဲ။ လောကလူ့ရွာအကျိုး ပြုဖို့အတွက်ဆိုတာ လူဖြစ်ရခြင်းရဲ့ ရည်ရွယ် ချက်ထဲမှာ ပါပါတယ်။
.
ဒီလိုပါပဲ၊ ပြည်သူကို အကျိုးပြုမယ်ဆိုပြီး လွှတ်တော်မှာထိုင်၊ တစ်လဆယ်သိန်းရယူထား တဲ့ အမတ်မင်းများလည်း သင်တို့ကို မဲပေးလိုက် တဲ့ ပြည်သူတွေ၊ အပြင်မှာ တစ်လတစ်သိန်းရ ဖို့ မနည်း လုံးပမ်းနေရတဲ့ ဘဝများစွာကို ထောက်ရှုစာနာပေးဖို့ လိုပါလိမ့်မယ်။ ဖြစ် စေချင်သည်မှာ လှသော ချယ်ရီများ မွှေးပါစေ-မွှေးသော နှင်းဆီခက်များလည်း ဆူးမဖက် စေချင်ပါကြောင်း။
.

No comments:

Post a Comment