ဂနိုင်ကန်မြိုင်ခြေက ရေချိုးဆိပ်လေး လွမ်းစရာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, March 9, 2019

ဂနိုင်ကန်မြိုင်ခြေက ရေချိုးဆိပ်လေး လွမ်းစရာ


အောင်ဆန်းဝင်း
.
.
နွေဦးကရောက် နှင်းကပျောက်၊ ပေါက်လာ တဲ့နွေဦးနဲ့ လေရူးကနှောက်တယ်။ တောင်က ခတ်လိုက်၊ မြောက်ကဆော်လိုက်။ အရပ်လေး မျက်နှာ ရောသမရင် ရှိရှိသမျှ လမ်းမပေါ်ဖုံတ ထောင်းထောင်းနဲ့ ပြောင်းထောင်းတဲ့ရွာအတိုင်း။ ဆိုင်ကယ်လေးများစီးရင် တော်တော်လေးများ သိသာတယ်။ လေကာမှန်မပါတဲ့ ဦးထုပ်သာ ဆောင်းသွားကြည့်။ သဲပင်လယ်ဝေပြီး မျက်လုံး ထဲကန္တာရကိုဖြစ်လို့။ ဒါတောင် ဆယ့်နှစ်ရာသီ ပိတ်ရက်မရှိ သတိရတိုင်း လမ်းခင်းနေလို့သာ ပေါ့။ ပေယျာလကန်များထားရင် ဆာဟာရကြီး ပတ်စ်ပို့စ်ဗီဇာအလွတ် ဆိုက်ဆိုက်မြိုက်မြိုက် နိုင်ငံပြောင်းလာသလို ဖြစ်နေမယ်ထင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ ဖွံ့ဖြိုးအောင်လုပ်တုန်းဆိုတော့ ကျပ်မပြည့်တဲ့လမ်းတွေဖြစ်နေတာ သိပ်တော့ မထူးဆန်းလှပါဘူး။ (ဘယ်အချိန်ပြည့်မယ်ဆို တာလည်း မပြောတတ်ဘူး)။ ဆင်းရဲတဲ့ နိုင်ငံ လို့ ဆိုကြတယ်မဟုတ်လား။
.
နိုင်ငံဆင်းရဲတယ်၊ ဆင်းရဲတယ်လို့သာ အလွယ်တကူပြောနေကြတာ။ တကယ်တမ်း တွေးကြည့်ရင် နိုင်ငံအတွင်းနေ ပြည်သူတွေ ဆင်းရဲတာပဲဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံလောက် အထွေထွေသယံဇာတပေါတဲ့နိုင်ငံ ကမ္ဘာမှာ ရှိ မယ်လို့တောင်မထင်ဘူး။ ကျောက်သံပတ္တမြား ရွှေငွေအစရှိတဲ့ တွင်းထွက်ရတနာတွေပေါချင်း သောချင်းထွက်တယ်။ ပြည်သူတွေ ဆင်းရဲတယ်။ သဘာဝဓာတ်ငွေ့တွေ လှိုင် လှိုင်ထွက်လို့ နိုင်ငံတကာကို သူခိုးဈေးနဲ့ ရောင်းတယ်။ မြန်မာပြည်သူတွေ ဆီမီးခွက်နဲ့ ဆိုလာပြား သုံးကြရတယ်။ သစ်ပင်သစ်တော ပေါသလောက် မျက်နှာပြောင်တိုက် အပြောင် ရှင်းတဲ့လူများသလောက် ပြည်သူတွေနေတဲ့ အိမ်က နွေဦးလေရူးလေးတိုးရင် ပြိုကျမယ့်အ တိုင်း။ မီးလောင်ဗုံးလေးကပ်လိုက်၊ ကြေးနီ သတ္တုတွေထုတ်လိုက်၊ ဝါယာလေးတစ်ပင်လို တော့ ပေါက်ဖော်ပြည်ကို လှမ်းမှာလိုက်နဲ့။
.
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ဆီသို့တဲ့။ အဘတို့လက်ထက်က မြို့တိုင်း ရွာ တိုင်းထောင်တဲ့ ဆောင်ပုဒ်။ ဒီနေ့တိုးတက်မလို၊ မနက်ဖြန် မိုးပေါ်ရောက်တော့မလို၊ သူတို့ကိုယ် သူတို့ရှင်အဇ္ဇဂေါဏနဲ့ ဘိုးဘိုးအောင်ဝင်စား တဲ့ အလောင်းအလျာတွေလိုလိုနဲ့။ နောက်ဆုံး လူစုံတက်စုံအထုပ်ကြီးအထည်ကြီးတွေ ပိုက်ပြီး အိပ်တန်းတက်သွားတယ်။ အောက် ခြေပြည်သူဘဝက ခွက်မဆွဲရရုံတမယ်။ လေလှိုင်းပေါ်က စာကြောင်းလေး တစ်ကြောင်းဖတ် လိုက်ရတာ အတော်ကြီးအံ့အားသင့်ခဲ့ရတယ်။   ကမ္ဘာ့အဆင်းရဲဆုံး မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာ သုံးဘီလီယံ အထက်ချမ်းသာတဲ့လူအယောက် ငါးဆယ်ကျော်ရှိတယ်တဲ့။ မုဒိတာ တ ရားပွားများတဲ့ နိုင်ငံမှာ ကျောချတဲ့ဓားပြတွေ ကို ဘယ်လိုများ မုဒိတာပွားရပါ့။ မြန်မာပြည် ဆင်းရဲတယ်လို့ အလွယ်တကူပြောတာ သူရူး တွေ ဖြစ်နေပါဦးမယ်။
.
နိုင်ငံလုံးဆိုင်ရာ မြန်မာပြည် နွေဦးက ဘယ်သို့ရှိတယ် မပြောတတ်၊ ရှမ်းပြည်နယ်နွေ ဦး။ ရွှေမြို့တော် တောင်ကြီးရဲ့ နွေဦးက ယဉ် ယဉ်လေးနဲ့ရင့်တယ်။ ဝင်လာရုံရှိသေး လမ်းမပေါ် ရေသယ်၊ ရေရောင်းတဲ့ထော်လာဂျီတွေ ဗြုတ် စဗျင်းတောင်း ထကုန်တယ်။ အဝီစိတွင်းလက် ရိုက်တွင်းတွေ နေ့ချင်းညချင်း ခွက်ပျောက်ကုန် လို့တဲ့။ သဘာဝ ပတ်ဝန်းကျင်ကို တန်ဖိုးထားရ ကောင်းမှန်းမသိတဲ့ အကျိုးဆက်တွေ ဖြစ်မှာ ပေါ့။ တောမြင်ရင်ပြောင်အောင်ခုတ်၊ တောင်မြင် ရင် ပြိုင်အောင်ဖြို။ တချို့က ဆွေစဉ်မျိုးဆက်  စားပိုးနင့်အောင် မျိုကြ။ ကိုယ်ချင်းစာတရားကို ကိုယ်တွေအချင်းချင်း မျှစားတဲ့ တရားလို သ ဘောထားတယ်။ အပျက်အပျက်နဲ့ ပျက်စီးခြင်း ငါးပါး ဆွေစဉ်မျိုးဆက် စားနေရတာကအောက် ခြေပြည်သူ။ မြေအောက်ရေရှားလာပေမယ့် သစ် ပင်သစ်လုံးတင်တဲ့ ကားကြီးတွေ တောင်ကြီး မြို့ လမ်းမပေါ် ဖြတ်သွားဖြတ်လာလုပ်နေကြ တုန်း။
.
နေလေးခလို့ တဖြုတ်ဖြုတ်ကျသွားတဲ့ ဂနိုင်ရေကန်ကြီးကိုကြည့်ပြီး ဆရာဦးဇင်းက မိန့် တော်မူတယ်။ တို့တွေက ဖောင်စီးရင်း ရေငတ် တာလား။ ရွာနားမြက်ရွာနွား မစားရတာလား မပြောတတ်ပါဘူး။ ဦးဇင်းတို့ နုစဉ်တုန်းက ဒီ လို ညနေစောင်းအချိန်ဆို ရေကန်ထဲမှာ ရေ လာခပ်ကြတဲ့ လူတွေအပြည့်။ လူကြီးပိုင်းက ပခုံးဆိုင်းထမ်း ရှေ့တစ်ပုံးနောက်တစ်ပုံးနဲ့ ထမ်း ကြတယ်။ ငယ်ရွယ်သူတွေက အင်ဂျင်ဝိုင်ပုံး တစ်ဖက်တစ်လုံးနဲ့ ဆွဲကြ။ နွားနှစ်ကောင်ဆွဲတဲ့ ရေစီလှည်းတိုက်တဲ့လူတွေတောင် ရှိတယ်။ ဝါး ပြား၊ အောင်ချမ်းသာ၊ ဟံသာဦးလို နီးနီးနား နားရပ်ကွက်တွေအတွက် ဒီရေကန်ကြီးက မရှိ မဖြစ်ပေါ့။ သောက်ရေအတွက် အဆင်မပြေ တောင် သုံးရေချိုးရေအတွက် အတော်ကြီးအ ဆင်ပြေခဲ့ပါတယ်။ အခုတော့ ရေကန်ပိတ်လိုက် လို့ ရေခပ်သူ မရှိတာလား၊ ရေခပ်ချိန်မရှိအောင် အချိန်တွေ ရှားပါးသွားလား မပြောတတ်ပါဘူး တဲ့။
.
နှစ်ပေါင်းသုံးဆယ်စာလောက် အချိန် နောက်ပြန်ဆွဲပြီး ဆရာဦးဇင်းကမိန့်နေတာပါ။   ဟုတ်ပါတယ်။ အဲဒီအချိန်က အခုခေတ်လို သောက်သုံးရေကို စီးပွားဖြစ် လှိုင်လှိုင်ကြီး ရောင်းချလုပ်ကိုင်ခြင်း မရှိကြသေးပါဘူး။ ကိုယ့် အိမ်သုံးရေ၊ သောက်ရေအတွက် မိသားစုဝင် တွေ ကိုယ်တိုင် ရေတွင်းရေကန်တွေက ခပ် ယူကြတာ များပါတယ်။ သောက်ရေအတွက် ရပ်ကွက်ထဲ ရေတွင်းရှိတဲ့အိမ်ကနေ ရေတစ် ထမ်းငွေတစ်မတ်နဲ့ ခပ်ကြတယ်။ (တစ်မတ်ဆို တဲ့ငွေကြေးက ခုခေတ်ကလေးများအတွက် ဒဏ္ဍာရီထဲ ရောက်သွားပါပြီ)။ သုံးရေအတွက်  နီးစပ်ရာ ရေဘုံပိုင်၊ ရေကန်တွေက သယ်ကြ ခပ်ကြတယ်။ ကျောင်းကြီးစုရပ်ကွက်၊ တောင် ကျောင်းကြီး စာသင်တိုက်တောင်ဘက်မှာ ရှိတဲ့ ဂနိုင်ရေကန်ကြီးက ဝါးပြား၊ အောင်ချမ်းသာ၊ ဟံသာဦးရပ်ကွက်အတွင်း နေထိုင်တဲ့လူတွေ ခြေရာချင်း ထပ်အောင် ခပ်ခဲ့တဲ့ရေကန်ကြီးပေါ့။
.
ခေတ်ပြောင်းသွားတဲ့ ရေသည်ယောက်ျား အမျိုးကောင်းသားနဲ့ ရေသည်မင်းသမီးတွေအ ကြောင်း ပြောရင်း ပျက်စီးခြင်း ငါးပါးတိုင်သွားတဲ့ ရေချိုးဆိပ်လေးအကြောင်း ဆက်မိန့်တယ်။ ဂ နိုင်ကန်လမ်းမြောက်ဘက် ချိုင့်ဝှမ်းထဲ၊ တောင်ကျောင်းကြီး စာသင်တိုက်တောင်ဘက်မှာ ရှိခဲ့ ဖူးတဲ့ အများသုံးရေချိုးဆိပ်ပါ။ တောင်ကြီးမြို့ ရဲ့ ရှေးဟောင်းလက်ရာမှန်သမျှ ပထမဆုံးမြို့ တော်ဝန် ဦးခန်း လက်ထက်မှာဆောက်လုပ် တာများတာကြောင့် အဲဒီရေချိုးဆိပ်ဟာလည်း ဦးခန်း လက်ထက်က ဆောက်လုပ်ခဲ့တာဖြစ် လိမ့်မယ်လို့ ထင်ပါတယ်။ တစ်ချိန်က အနီးအ နား ရပ်ကွက်အတွင်းနေထိုင်တဲ့ ပြည်သူတွေ အတွက် အတော်ကြီးအသုံးဝင်တဲ့ ရေချိုးဆိပ် တစ်ခုလို့ ဆိုရမှာပေါ့။ နွေရာသီရေကျချိန်က လွဲရင် မိုးနဲ့ဆောင်းရာသီနှစ်ခုလုံးအသုံးပြုလို့ ရခဲ့ပါတယ်။ အသုံးတည့်တဲ့ ရေချိုးဆိပ်တစ်ခု လည်း ဖြစ်ပါတယ်။
.
အဲဒီအများပြည်သူသုံး ရှေးဟောင်းရေချိုး ဆိပ် ပျက်စီးခြင်း ငါးပါးတိုင်ရတဲ့ ပထမအ ကြောင်းရင်းက ရေချိုးဆိပ်ဘေး မှာရှိတဲ့ ရေစီး မြောင်းကို ပိတ်ပြီး ဘယ်လိုမှ အသုံးမကျတဲ့ ဆည်ပေါက်စ တစ်ခုဆောက်လုပ်ခြင်းက အစ ပြုတယ် ပြောရမလားပါပဲ။ အလျားပေ နှစ် ဆယ်လောက်နဲ့ အမြင့်ဆယ်ပေတောင် မရှိတဲ့ ဆည်ပေါက်စလေးပါ။ ရေဝပ်ဧရိယာအားဖြင့် ဂါလံနှစ်ထောင်လောက် ဆံ့တဲ့ ဆည်လေးတစ် ခု။ (စာရင်းတင်တဲ့အချိန်တော့ စိုက်ဧက နှစ် သောင်းစာလောက်ဖြစ်ချင်ဖြစ်မှာပေါ့လေ။)မိုး ရာသီရောက်တိုင်း အရပ်တကာက စွန့်ပစ်အမှိုက် ပေါင်းစုံ စီးတဲ့ရေဆိုးမြောင်းကို ဘယ်လိုစိတ် ကူးနဲ့ သောက်သုံးမရတဲ့ ဆည်ဆောက်တယ် တော့ မပြောတတ်ပါဘူး။ လူတွေအသုံးပြုလို့ ရဖို့နေနေသာသာ လမ်းကြုံလို့ ခွေးတောင်ရေ ဆင်းမသောက်တဲ့နေရာပါ။ မယောင်ရာဆီလူး တဲ့ ရွှေဥာဏ်တော်တွေက အံ့သြဖို့ကောင်းလှ ပါတယ်။
.
နယ်ခံဦးဇင်းခမျာ ရှေးဟောင်းနှောင်းဖြစ် တွေ မိန့်မယ့်သာမိန့်နေတာ ရေချိုးဆိပ်ရှိတယ်ဆို တဲ့နေရာရဲ့ လက်ရှိအခြေအနေက နောက်လူ တွေဆို ရှိလို့ရှိမှန်းတောင် သိမှာမဟုတ်ပါဘူး။   ဘုရားစူးမိုးကြိုးပစ် ရှိပါတယ် ကျိန်ပြောတောင် ဘုရားနဲ့ မိုးကြိုးကို အချောင်ဒုက္ခမပေးနဲ့လို့ အ ပြောခံရမယ့်အတိုင်း။ လမ်းကြုံရင် တောင်ကြီး မြို့၊ အနောက်မြို့ပတ်လမ်း၊ ဂနိုင်ကန်လမ်း မြောက်ဘက်နဲ့ တောင်ကျောင်းကြီး စာသင် တိုက် တောင်ဘက်က ရေချိုးဆိပ်လေးရှိခဲ့ဖူး တယ်ဆိုတဲ့ နေရာကို ဝင်ကြည့်ကြည့်ကြပါ။ ရှေးလူကြီးတွေ အမြော်အမြင်ရှိရှိလုပ်ထားတဲ့ ရေချိုးဆိပ်လေးက ဘယ်လိုမှ သုံးမရအောင် ပျက်စီးနေတာ စိတ်ပျက်ဖွယ် တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ မိုးတွင်းရေတက်ချိန် ရေလွှတ်ပေး တဲ့ ရေလွှာလျှောနဲ့ ကျားမနှစ်ဖက်ခွဲထားတဲ့ ရေချိုးဆိပ်နေရာကို တမင်သက်သက် မြေမြှုပ် ထားသလားတောင် ထင်ရပါတယ်။
.
ဆရာဦးဇင်းက ပြန်ကြွခါနီး ပိဿလေးပစ် သလို စကားတစ်ခွန်း မိန့်သွားပါတယ်။ မင်းက နယ်ခံလည်းဖြစ်၊ စာလည်းမတောက်တစ်ခေါက် ရေးနေတော့ ဒီရေချိုးဆိပ်လေး ပြန်ဖြစ်မြောက် အောင် ဆောင်းပါးတစ်ပုဒ်လောက် ရေးပါလား တဲ့။ နွေနဲ့မိုးက ကိစ္စမရှိဘူး။ ဆောင်းတွင်းဆို ငွေကြေးချင့်ချိန်သုံးရတဲ့လူတွေ ရေချိုးရတာ အတော် အဆင်မပြေဘူးလို့ မိန့်ပါတယ်။ ဟုတ် တော့လည်းဟုတ်ပါတယ်။ နေ့စဉ်မိုးလင်းက မိုး ချုပ်အလုပ်ဆင်းရတဲ့ လူတွေအတွက် ဆောင်း တွင်းညသိပ်ရေကို မနက်ပိုင်း ချိုးဖို့ဆိုတာ ရေ ခဲရေကို လောင်းရတဲ့အတိုင်းပါ။ ရေနွေးရတဲ့ ရေချိုးခန်းပြေးတော့ လူတစ်ယောက် ငွေတစ် ထောင်နှုန်းနဲ့ ထမင်းစားဖို့တောင် ကျွဲပခုံးထ အောင် လုပ်ရတဲ့လူတွေအတွက် ဘယ်လိုမှ အဆင်မပြေပါဘူး။ ရေတွင်းရေကန်ထဲက ရေ ကျတော့ မနက်ပိုင်း အသုံးပြုလိုသူတွေအတွက် အဆင်ပြေတယ် ပြောရမှာပေါ့။
.
ခက်တာက လက်ရှိ ဂနိုင်ကန်ရေချိုးဆိပ် လေးရဲ့ အနေအထား။ ပြန်အသုံးပြုလို့ရအောင် လုပ်မယ်ဆိုရင်တောင် အကြီးစား ပြင်ဆင်မှု လုပ်ရမယ့် အခြေအနေမျိုးပါ။ အစိုးရပိုင်းက စိတ်ဝင်တစ်စားရှိလို့ ပြန်လည်ပြုပြင်မယ်ဆိုရင် တောင် အနီးဝန်းကျင်နေထိုင်သူများလည်း အင်တိုက်အားတိုက်ပါဝင်မှ အကောင်အထည် ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အမှန်တ ကယ် လုပ်ဆောင်ဖြစ်မယ်ဆိုရင် ရေချိုးဆိပ်ကို အသုံးပြုခဲ့ဖူးတဲ့ ပတ်ဝန်းကျင်နေထိုင်သူများ အတွက် အဆင်ပြေမယ်လို့ ထင်မြင်မိပါတယ်။ ပြုပြင်ဆောင်ရွက်မယ်ဆိုရင် တောင်ကြီးမြို့ပေါ် မှာ ရှိခဲ့ဖူးတဲ့ ရှေးဟောင်းနေရာတစ်ခုကို မြင် တွေ့နိုင်မှာဖြစ်ပြီး နောက်လူတွေ လက်ချက် ကြောင့် ပျက်စီးခြင်းငါးပါးတိုင်သွားတဲ့ ရေချိုး ဆိပ်ဟောင်းကို ဒီအတိုင်းထားရင်လည်း သမိုင်း ထဲမှာတော့ ပြောစမှတ်ကျန်နေမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။    
.

No comments:

Post a Comment