အောင်ပန်းရှိ သမိုင်းဝင် ဗိုလ်မှူးကြီး ဗထူး ကျောက်တိုင်နှင့် မြို့တည်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် နာရီစင်တို့အား လမ်းဧရိယာ မလွတ်သဖြင့် ပြောင်းရွှေ့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, March 28, 2019

အောင်ပန်းရှိ သမိုင်းဝင် ဗိုလ်မှူးကြီး ဗထူး ကျောက်တိုင်နှင့် မြို့တည်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် နာရီစင်တို့အား လမ်းဧရိယာ မလွတ်သဖြင့် ပြောင်းရွှေ့


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ ၁၉၄၅ ခုနှစ်က တည်ဆောက်ခဲ့သည့် ဗိုလ်မှူးကြီး ဗထူး အမှတ်တရ ကျောက်တိုင်နှင့် ၂၀၁၃ ခုနှစ် မြို့တည်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ် တည်ဆောက်ထားသည့် နာရီစင်တိုအား တိုးချဲ့ဖောက်လုပ်သည့် လမ်းဧရိယာဖြင့် မလွတ်ခြင်းကြောင့် ဖြိုချ ပြောင်းရွှေကာ အသစ် တည်ဆောက်လျက်ရှိကြောင်း ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းထံမှ သိရသည်။
.
လမ်းဧရိယာ မလွတ်တော့ မြို့လူထုနဲ့ အစည်းအဝေး အကြိမ်ကြိမ် ပြုလုပ်ပြီး ကော်မတီဖွဲ့ကာ အားလုံး သဘောတူညီချက်အရ ပြောင်းရွှေ့ခြင်း ဖြစ်ပါတယ်၊ တာဝန်ယူထားတဲ့ ကုမ္ပဏီက မြို့လူထု သဘောဆန္ဒအတိုင်း တစ်ပတ်အတွင်း တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမ္ဘောဇတိုင်းသိုပြောသည်။
.

အဆိုပါ အထိမ်းအမှတ်ကျောက်တိုင်နှင့် နာရီစင်များကို လမ်းဧရိယာ တစ်ဖက်လျင် ပေ ၄၀ စီ တိုးချဲ့စဉ် မလွတ်ခြင်းကြောင့် လည်းကောင်း၊ လမ်းဘေးတွင် သမိုင်းဝင် အထောက်အထားများကို ထားရှိရန် မသင့်လျော်ခြင်းကြောင့် လည်းကောင်း ပြောင်းရွှေ့ရခြင်း ဖြစ်ပြီး High Land ကုမ္ပဏီမှ ကျောက်တိုင်နှင့် နာရီစင်တို့အား တာဝန်ယူ၍ ပြန်လည် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
အခု ဖျက်ချတာက နောက်ပိုင်း ပြန်ပြင်တည်ဆောက်ထားတဲ့ သုံးမျက်နှာ ကျောက်တိုင်ပါ၊ အပေါ်ပိုင်း ဖြိုလိုက်တော့ အရင် ကနဦး တည်ဆောက်ထားတဲ့ ၄ မျက်နှာ ကျောက်တိုင်နဲ့ မော်ကွန်းစာသားတွေ ပေါ်လာတယ်၊ မြို့လူထုက အောက်ဆုံးမှာ အုတ်ဂူနဲ့အထိမ်းအမှတ် တစ်ခုခုတွေ့ဖို့ မှန်းဆထားပေမယ့် မတွေ့ရပါဘူး။ ဂ၀ံကျောက်တွေက မြေသားဖြစ်နေပြီတဲ့ လေးထာင့်ပုံစံတော့ တွေရတယ်၊ မူလတွေ့ရှိချက်တွေကို ပြန်လည် တည်ဆောက်ချိန်မှာ ပြန်လည် ထည့်သွင်းအသုံးပြုဖို ကုမ္ပဏီက ပူးပေါင်း ဆောင်ရွက်နေပါတယ်ကလောမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အမ်ဗီကာက ပြောသည်။
.
အောင်ပန်း မြို့တည်နှစ် ၁၀၀ ပြည့် နာရီစင်ရှိ နာရီအား စည်ပင်သာယာရေးဌာနမှ ဖြုတ်သိမ်းခဲ့ပြီး မြို့ကော်မတီမှ အတည်ပြု သတ်မှတ်ပေးသည့် ကမ္ဘောဇဘဏ် လမ်းဆုံနေရာတွင် မူလအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်းကိုလည်း ၄င်းက ဆိုသည်။
.
အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်ရှိ အသက်(၇၆)နှစ်အရွယ် ဦးဝင်းအောင်ဆိုသူက ၄င်းအနေဖြင့် ဗိုလ်မှူးကြီး ဗထူး ကျောက်တိုင်အဟောင်းကို သိမီလိုက်သူဖြစ်ကာ မော်ကွန်းစာသားများအပြင် ကဒေါင်းပုံ ဖောင်းကြွပုံ ပါရှိသည်ကို မှတ်မိနေသေးကြောင်း၊ ၄င်း၏ မိဘများထံမှ အဆိုပါ ကျောက်တိုင်အား ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လာရောက်ခဲူ့းသည်ဟု ပြောကြားခဲူ့းကြောင်း၊ ယခင် ၀န်ကြီးချုပ် ဦးနု တောင်ကြီးခရီးစဉ် လာရောက်စဉ်ကလည်း လာရောက် ဂါရ၀ပြုသည်ကိုတော့ အသက်(၁၈)နှစ် ရှိပြီ ဖြစ်မှတ်မိနေကြောင်း၊ မူလ ကျောက်တိုင်မှာ ၄ မျက်နှာ ရှိပြီး ၁၉၇၄ ခုနှစ်၊ မတ်လ ၂၅/၂၆ ရက်ခန့်က မြို့ကို အုပ်ချုပ်သူ ဦးသိန်းလှိုင် ဆိုသူက သုံးမျက်နှာအဖြစ် အပေါ်မှ ထပ်မံ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး စာရေးဆရာ မောင်ခက်ပန်က မြန်မာပြည်၏ ရုပ်အဆိုးဆုံး ကျောက်တိုင်ဟု ဆောင်းပါးများတွင် ထည့်သွင်းရေးသားသုံးဘက်ချွန်တံစဉ်းပုံဟု ဖော်ပြခဲ့သည်ကို မှတ်မိကြောင်း ပြောပြသည်။
.

ကျောက်တိုင်၏ မူလကမ္ဗည်းကျေက်စာသားတွင် ဗမာ နိုင်ငံတော်၊ ရှမ်းပြည်တောင်ပိုင်း ဖက်ဆစ်ဂျပန် တော်လှန် တိုက်ခိုက်ရေးတွင် ဦးစီးခဲ့၍ ၁၃၀၇ ခုနှစ်၊ နယုန်လဆုတ် (၈) ရက်၊ ည ၈ နာရီ ၁၀ မိနစ် အချိန် တယ်လူးစခန်းတွင် ကျဆုံးရှာသော ဗိုလ်မှူးကြီး ကာနယ် ဗိုလ်ဗထူးနှင့် အထက်ဗမာပြည် တိုက်ပွဲများတွင် ကျဆုံးသော သူရဲကောင်း ရဲဘော် နှစ်ဆယ့်ခြောက်ယောက်ဟု ဖော်ပြထားသည်။
.
အဆိုပါ သမိုင်းဝင် ဗုလ်မှူးကြီး ဗထူး ကျောက်တိုင်အား အောင်ပန်းမြို့(၄)ရပ်ကွက်မှ ၁၉၆၂ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် မင်္ဂလာကန်ရှိ ဗိုလ်မှူးကြီး ဗထူး ပန်းခြံသို့ ပြောင်းရွှေ့သွားမည် ဖြစ်ပြီး ယင်းပန်းခြံအတွင်း ဗိုလ်မှူးကြီး ဗထူး ကြေးရုပ်တုကိုလည်း ကမ္ဘောဇဘဏ်မိသားစု မတည်အလှူငွေ ကျပ်သိန်း ၃၀ နှင့် စေတနာရှင်များစုပေါင်း ထည့်ဝင်လှူဒါန်းမှုဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်က တည်ဆောက်ထားခဲ့ကြောင်း သိရသည်။
.

ယင်းကဲ့သို့ သမိုင်းဝင် အထင်ကရ ကျောက်တိုင်နှင့် နာရီစင်အား ဖြိုချ ပြောင်းရွှေ့မှုများနှင့် ပတ်သက်၍ လူမှုကွန်ရက်၌ ဝေဖန်ရေးသားမှုများ ရှိနေကြောင်းလည်း သိရသည်။
 

No comments:

Post a Comment