တောင်ကြီးတွင် ကျပ်တစ်ထောင်တန် ထီလက်မှတ်များ ရောင်းအားကျဆင်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ကျပ်တစ်ထောင်တန် ထီလက်မှတ်များ ရောင်းအားကျဆင်းနေ



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ကျပ်တစ်ထောင်တန် ထီလက်မှတ်များ ရောင်းအားကျဆင်း နေပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီလက ထီကိုယ်စားလှယ်များ အရှုံးပေါ်ခဲ့ရကြောင်း တောင်ကြီးမြို့ရှိ ထီလက်မှတ် အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။
.

.
တစ်ထောင်တန်ထီကတော့ ၅၀၀ တန်လောက် မထိုးနိုင်ကြဘူး။ စိတ်ဝင်စားမှု မရှိကြဘူး။ ရောင်းအား ကတော့ တော်တော်လေးကိုယိမ်းယိုင်တဲ့ဘက်မှာ ရှိတယ်။ ၅၀၀ တန်ထီ ၁၀ စောင် ထိုးနိုင်တဲ့လူက တစ်ထောင် တန်ထီ ၅ စောင်လောက်ပဲ ထိုးနိုင်တော့တယ်။ အစိုးရက ထုတ်ပြန်မယ့် ထီဆုစာရင်းကို စောင့်ကြည့်နေတာလား မသိဘူး။ ဒါပေမဲ့ ၅၀၀ တန်ထီနဲ့ယှဉ်ရင်တော့ တစ်ထောင်တန်ထီက ထီပေါက်ဖို့အခွင့်အရေးပိုများတယ်။ အရင်လက ကိုယ်စားလှယ်အားလုံး အရှုံး ပေါ်တယ်။ အဲဒါကြောင့် ဒီလမှာ ကျွန်တော်အပါအဝင် ထီကိုယ်စားလှယ် အားလုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ လျှော့ယူကြတယ်။ အခုလိုအခြေအနေကို အစိုးရအနေနဲ့ ပြန်ကြည့်ပေးစေချင်ပါတယ်'' ဟု တောင်ကြီးမြို့နေ အောင်ဘာလေထီလက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုချစ်စန်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ ကျပ်တစ်ထောင်တန်ထီလက်မှတ်များကို အစိုးရ မှသတ်မှတ်ပေးထားသည့်ဈေးနှုန်းအတိုင်း ရောင်းချပေး နေသော်လည်း ၅၀၀ ကျပ်တန်ထီနှင့်နှိုင်းယှဉ်ပါက လူထု စိတ်ဝင်းစားမှုနည်းပါးနေပြီး ဖေဖော်ဝါရီလက ထီကိုယ်စားလှယ်များအားလုံး အရှုံးပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
"ထီက သိပ်ရောင်းမကောင်းဘူး။ အခု ကျွန်တော်တို့ ၁၀၀၀ တန်ထီ တစ်စောင်ကို ၁၀၀၀ ကျပ်နဲ့ပဲ ရောင်း ပေးနေတယ်။ ထီကားတွေမှာ အစိုးရသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းပေးနေတယ် ဆိုပြီးတော့ စာကပ်ပေးထား တယ်။ ဒါပေမဲ့ ၅၀၀ တန်ထီတုန်းကလောက် မရောင်းရဘူး။ အဲဒါကြောင့် သိပ်မယူရဲဘူး"ဟု ထီလက်မှတ် ရောင်းချ သူ ကိုဇော်ခိုင်ကလည်း ၎င်း၏အတွေ့အကြုံကို ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
အဆိုပါ ကျပ်တစ်ထောင်တန်ထီများကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ရောင်းချခဲ့ခြင်းဖြစ်ပြီး ဆုငွေအဖြစ် အနိမ့်ဆုံး ကျပ် ၅၀၀၀၀ မှ အမြင့်ဆုံး ကျပ်သိန်း ၁၅၀၀၀ အထိ သတ်မှတ်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats