သံချောင်းခေါက်ကယ်ရီနဲ့ မစင်စွန့်တဲ့ငှက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, March 18, 2019

သံချောင်းခေါက်ကယ်ရီနဲ့ မစင်စွန့်တဲ့ငှက်



အောင်ဆန်းဝင်း
.

.
တဒေါင်ဒေါင်နဲ့ ကြော်ငြာဆိုင်းဘုတ်တိုင် ခေါက်သံကို မကြာခဏကြားရတယ်။ ငါးမိနစ် ခြားတစ်ခါ ဆယ်မိနစ်တစ်ခါလောက် ခေါက် ကြတယ်။ ခေါက်တဲ့လက်ပိုင်ရှင်တွေက လမ်း ဆုံလမ်းထိပ်က မော်တော်ဆိုင်ကယ် ကယ်ရီ သမားတွေ။ လမ်းမဘေးအုတ်ခဲ့က သူတို့ကယ် ရီဂိတ်။ ဒါဟာ ဂိတ်နေရာပါလို့ ဘယ်သူကမှ မှတ်ပုံတင်ထုတ်ပေးထားတာတော့မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထိပ်ဆိုတော့ အဆင်ပြေသလို နားလည်မှုနဲ့ ဆွဲကြတာ။ ဆိုင်ကယ်ရှိရင် ဂိတ် လာထိုးလို့ရတယ်။ ဂိတ်ကြေးပေးစရာမလိုဘူး။ ဂိတ်မှူးလည်းမရှိဘူး။ ရပ်ကွက်ထဲနေတဲ့လူဖြစ် ဖို့ပဲလိုတယ်။ ဂိတ်ထိုးထားတဲ့အချိန် လာသမျှ ခရီးသည်ကို အေးသာယာ၊ ဟိုပုံး အခေါက် ကြီးရတဲ့အခါရှိတယ်။
.
ဆွဲကောင်းတဲ့နေ့ဆို တစ်စီးပြီးတစ်စီးဝင် လိုက်ထွက်လိုက်၊ တစ်ခါတစ်ခါ ဂိတ်လုံးကျွတ် တဲ့အထိ။ ဈေးနေ့လို နေ့မျိုးနဲ့ဆုံရင် ယောက်တိုင်းနီးပါး အိတ်ထောင်ထဲ ငွေစီတယ် ပြောရမှာပေါ့။ အဆွဲပါးတဲ့နေ့ကတော့ အုတ်ခုံမှာလူစုံ တက်စုံတွေ့ရတယ်။ ဖုန်းပွတ်တဲ့လူပွတ်၊ ထွေ ရာလေးပါး ပြောတဲ့လူပြော။ ဘာပဲလုပ်နေနေ သတိရတိုင်းလုပ်တာက ကြော်ငြာဆိုင်းဘုတ် သံတိုင်ကြီးကို ထထခေါက်တာပါ။ မသိရင် ဈေးရောင်းတဲ့ဈေးသည်တွေ ဝယ်သူလာအောင် ခေါ်နေသလိုလိုနဲ့။ အမှန်တော့ သူတို့ထိုင်နေ တဲ့ အုတ်ခုံအပေါ်တည့်တည့်မှာရှိတဲ့ လျှပ်စစ် ဓာတ်မီးကြိုး၊ တယ်လီဖုန်းကြိုးတွေပေါ် လာ နားတဲ့ခိုတွေကို ခြောက်လှန့်မောင်းထုတ်ကြတာပါ။ မောင်းတဲ့အကြောင်းရင်းက ခရီးသည်စောင့် ရင်း စကားထိုင်ပြောနေတဲ့သူတို့အပေါ် ခိုတွေ မစင်စွန့်ချလွန်းလို့ အကောင်ရေများတော့ တစ် ကောင်မဟုတ် တစ်ကောင် စွန့်ချနေတာ။
.
ခိုဆိုတဲ့ သတ္တဝါက အတော်ထူးဆန်းတယ် ပြောရမလားဘဲ။ အတောင်ပံပါပြီး လေပေါ်ပျံ ဝဲတဲ့ ငှက်အမျိုးအစား ဆိုပေမယ့် သစ်ပင်သစ် ကိုင်းထက် နားတယ်လို့မရှိဘူး။ ကြော်ငြာဆိုင်း ဘုတ်ကြီးတွေပေါ် နားတယ်။ မြို့လုံးပတ်လည် ရှုပ်ယှက်ခတ်အောင် သွယ်ချင်သလိုသွယ်တန်း ချင်သလိုတန်းထားတဲ့ လျှပ်စစ်ဓာတ်မီးကြိုး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးတွေပေါ် နားကြတယ်။ နားတဲ့နေရာကနေ တစ်ကောင်ပျံပြီ ဆိုတာနဲ့ ကျန်တဲ့အကောင်တွေနောက်က အုပ် စုလိုက်ပျံကြတယ်။ ရှေ့ကပျံတဲ့အကောင် ဘာ ကြောင့် ပျံတယ် ဆိုတာသူတို့မသိဘူး။ သိလည်း သိကြမှာမဟုတ်ဘူး။ သိခွင့်လည်းရှိမှမရှိကြတာ။ ဘယ်နေရာကို ရွှေ့ပြီးပျံပျံသူတို့နားတဲ့နေရာကတော့ ထုံးစံအတိုင်း။ သစ်ပင်သစ်တောနဲ့ ဓမ္မာသောက အင်းဝရာဇာကျတဲ့ ငှက်။ တစ် စောင်းစေးနဲ့ မျက်ချေး ဖြစ်နေတဲ့ငှက်။ အချင်းချင်း ညီညွတ်မှုတော့ ရှိတယ်။
.
ဒီ ခိုအုပ်စုတွေက အစာကောက်တဲ့အချိန်မှာလည်း တခြားငှက်မျိုးနွယ်တွေနဲ့မတူဘူး။ ပင်ပန်းတစ်ကြီး အစာ ရှာလေ့ရှာထမရှိဘူး။ အစားတစ်လုတ်အတွက် အရှက်နည်းသင့်ရင် နည်းလိုက်တယ်။ မျက်နှာပြောင်တိုက်သင့်ရင် တိုက်ပစ်တယ်။ အတောင်ပါတဲ့ သတ္တဝါချင်းအတူတူ တစ်လုံးပိုရှူတဲ့ငှက်အမျိုးအစား။ သူတို့ တွေရဲ့ အားသာချက်တစ်ခုက သက်ရှိလူသား တွေနဲ့ နီးနီးနားနားနေခွင့်ရတယ်။ နေရဲတဲ့သတ္တိ လည်းရှိကြတယ်။ မေတ္တာရှိရှိ၊ မရှိရှိ စေတနာ ပါပါ မပါပါ လူသားတွေဆီက ချွေးမြေမကျဘဲ စားသောက်ခွင့်ရကြတယ်။ စားနိုင်သောက်နိုင် အောင်လည်း သူတို့ဖန်တီးကြပါသေးတယ်။ သနားတတ်၊ ညှာတာတတ်တဲ့ လူသားတွေရဲ့ စိတ်အခံကြောင့်လည်း ပါတာပေါ့။ မေတ္တာတ ရားထွန်းကားတဲ့ နိုင်ငံကြီးမှာ မသိအောင် ထိုး ဆိတ်စားသွားရင်လည်း စာနာနားလည်ခွင့် လွှတ်တတ်ကြပါတယ်။
.
အိပ်တန်းတက်ချိန်ဆိုလည်း ခိုတွေက တစ်မျိုးတစ်ဘာသာ၊ အသိုက်အမြုံရယ်လို့ သီး သီးသန့်သန့်လုပ်တယ်မရှိဘူး။ စေတီဘုရား ကျောင်းကန်ခေါင်မိုး မျက်နှာကြက်တွေက သူ တို့အပိုင်စားထားတဲ့နေရာ။ ကြီးကြီးမားမား အ ဆောက်အဦတွေက သူတို့ကိုယ်ပိုင်အိပ်တန်း။ တစ်နေကုန်ရောက်တဲ့နေရာသွားချင်သလိုသွား၊ စားချင်သလိုစားပြီး ညနေစောင်းရင် လူသား တွေနဲ့ အနီးစပ်ဆုံးနေရာကို အပိုင်သိမ်းကြ တယ်။ အေးချမ်းငြိမ်သက်ခြင်းနဲ့ သိမ်းကြတာ တော့ မဟုတ်ဘူး။ ခိုညည်းတယ်ဆိုတာ အား လုံးကြားဖူးကြပါလိမ့်မယ်။ လူသားတွေနဲ့ အနီး စပ်ဆုံးလာနေပြီး အလိုက်မသိဘူး ပြောရမှာ ပေါ့။ ဒီတစ်ကောင်က အသံတစ်မျိုး၊ ဟိုတစ် ကောင်က အားမနာလျှာမကျိုး တစ်ဖက်ရဲ့ ငြိမ် သက်ခြင်းကို သူတို့ဖျက်ဆီးတတ်ကြတယ်။ ခို တွေဆိုတော့ ခိုတွေရဲ့ သဘာဝအတိုင်း ခိုကျင့် ခိုကြံ ကြံတာဖြစ်မှာပေါ့။
.
ခိုတွေနဲ့ ပတ်သက်တဲ့ မနှစ်မြို့ဖွယ်တချို့ ကို တွေ့လာရတယ်။ ခိုတွေဟာ ရောဂါပါတဲ့ ဗိုင်းရပ်စ်တွေ ဖြန့်ဖြူးသယ်ဆောင်တာကလွဲပြီး လူသားတွေအတွက် ဘာတစ်ခုမှ အကျိုးမပြု နိုင်ဘူးတဲ့။ အနည်းဆုံး ရောဂါပိုးသုံးမျိုးလောက် နေ့စဉ်ဖြန့်ဖြူးတယ်လို့ ပြောကြပါတယ်။ တစ်လောက သတင်းစာနဲ့ အွန်လိုင်းစာမျက်နှာမှာ ခိုနဲ့ပတ်သက်တဲ့ စိတ်ပျက်စရာသတင်းတစ်ခု ဖတ်လိုက်ရတယ်။ တိုက်ခန်းတစ်ခုရဲ့ မျက်နှာ ကျက်မှာ နေ့စဉ်ခိုတွေ အိပ်တန်းတက်တယ်။ ခိုတွေအိပ်တန်းအောက်မှာ လူမမယ်ကလေး ငယ်က နေ့စဉ်အိပ်ပါတယ်။ တစ်နေ့ကလေးငယ် ကောက်ကာငင်ကာ ဆေးရုံတက်ရပါတယ်။ အကောင်းတိုင်းကနေ ဆေးရုံတက်ရတဲ့ ကလေး ငယ်မကြာခင် ဆုံးသွားရှာပါတယ်။ နောက်ဆုံး ထွက်လာတဲ့ရလဒ်အဖြေက ခိုတွေသယ်ဆောင် လာတဲ့ ရောဂါပိုးမွှားကြောင့် အသက်တစ်ခုဆုံး ရှုံးရခြင်းပါ။
.
တဖြည်းဖြည်းနဲ့ ခိုတွေရဲ့ ဆိုးသွမ်းချက်ကို လူတွေသိလာတယ်။ အနီးအပါးရှိရင် ဒုက္ခတစ် ပါးလို့ မြင်လာကြတယ်။ ခက်တာက ဒီခိုတွေ စရိုက်က လူသားတွေနဲ့ နေသားကျသလိုဖြစ် နေပြီ။ အမှန်တော့ ငှက်ဆိုတာ တောမှာပျော် ရမယ့်အမျိုး။ သစ်ပင်သစ်တောမှာ အသိုက်အ မြုံဆောက်ရမယ့် သတ္တဝါ။ သဘာဝတရားကို လွန်ဆန်ပြီး သဘာဝတရားက မျက်နှာ သာပေးထားတော့ ရွှေရေးပန်းကန် တက် ခွင့်ရနေကြတယ်။ မရှိမကောင်း ရှိမကောင်း။ မထားလည်းခက်၊ ထားလည်းခက်ဆိုသလိုပေါ့။ အောင့်ကာနမ်းရအောင်လည်း လူသားတွေ အတွက် သေချင်းဆိုးနဲ့ သေမယ့် ရောဂါ တစ်ပါး။ မနမ်းဘဲ ဖဲ့ထုတ်မယ် လုပ်တော့ ခိုအုပ်စုက လူရည်လူပါးဝလိုက်တာ မှုံထွက် နေတာပဲ။ အမြဲတမ်း လူသားတွေနား နေ လူသားတွေ ကျွေးတာစားလာတော့ ခိုတွေလူ ပါးဝ လူကျောနပ်တာသိပ်တော့လည်း မ ဆန်းလှပါဘူး။
.
နောက်ခိုတွေရဲ့ စားသောက်မှုအပိုင်း။ တစ် နေရာက ဆန်တစ်ထုပ်ကျဲပက်လိုက်တာနဲ့ဆိုင်း ဘုတ်တွေကြိုးတွေပေါ်ကနေ အုပ်စုလိုက်ဆင်း လာကြတယ်။ တက်ညီလက်ညီစားသောက် အ စာကောက်ကြတယ်။ တစ်ကောင်ချင်းခွဲထွက် စားသောက် အစာကောက်လေ့မရှိဘူး။ တစ် ကောင်ခြင်းခွဲထွက်ရင် သူတို့အတွက် အန္တရာယ် ရှိတယ်ဆိုတာ သိကြတယ်။ အုပ်စုလိုက်နေထိုင် ပျံသန်းစားသောက်ကြတဲ့အတွက် တစ်စုံတစ်ခု အန္တရာယ်ကြုံစေဦးတော့ ကျန်တဲ့ အကောင် တွေက ဝိုင်းဝန်းကာကွယ် ပေးနိုင်တယ်မဟုတ် လား။ ခိုတွေရဲ့ အဓိကရန်သူက အိမ်မွေးကြောင် တွေ။ ခိုအုပ်ရှိတဲ့နေရာကို ကြောင်တွေမကြာ ခဏ ဝင်ဆွဲတတ်တယ်။ ဒါပေမဲ့ကြောင်လက် ထဲပါသွားတာ ရှားပါးဖြစ်စဉ် မျိုးပါ။ ရန်သူ ကပ်လာတာနဲ့ ကင်းစောင့်ခိုက အချက်ပေး တယ်။ သူတို့ချက်ချင်းထပျံကြတယ်။ ကံဆိုး တဲ့တစ်ကောင်တလေက လွဲရင်ပေါ့။
.
လူတချို့ကပြောတယ်။ ခိုတွေက ပြောင်းဖူး စေ့အတော်ကြိုက်တယ်တဲ့။ ဟုတ်လောက်မယ် ထင်ပါတယ်။ အရပ်ထဲက သက်ကြီးပိုင်းလူတ ချို့ ရေစိမ်ထားတဲ့ပြောင်းဖူးစေ့တွေ ခိုအုပ်ကြီး ရှိတဲ့နေရာပစ်ကျွေးတာကို အမြဲလိုတွေ့ရတယ်။ သူတို့အိမ်ခေါင်မိုးပေါ်မှာလည်း ခိုအုပ်ကိုအမြဲ လို တွေ့ရတယ်။ ရောဂါပိုးတွေအကြောင်း ကြား ရင်တော့ သူတို့ခိုတွေကို ပြောင်းဖူးစေ့ဆက် ကျွေးမလား၊ အဆက်ဖြတ်မလားဆိုတာ မပြော တတ်ဘူး။ လူသတ္တဝါဆိုတာ အားလုံးသိတဲ့ အတိုင်း သနားတတ်တယ်၊ညှာတာတတ်တယ်၊ ရက်ရောတဲ့စိတ်ရှိတယ်။ ပေးကမ်းစွန့်ကျဲဖို့ ဝန်မလေးဘူး။ ကိုယ်တိုင်လောက်လောက် ငငမရှိတောင် စားရမဲ့ သောက်ရမဲ့ မြင်ရင် ရှိသလောက် ဝေမျှတတ်ကြပါတယ်။ တစ်ခါ တစ်ခါကျတော့ သဒ္ဓါကျွန်ဖြစ်ဆိုသလို စားပြီး နားမလည် လုပ်တော့လည်း ခွင့်လွှတ်လိုက်ရ တာပါပဲ။
.
သေချာတာတော့ အခုနောက်ပိုင်းလူတွေ က ဒီခိုအုပ်ကို ခပ်ခွာခွာလုပ်ချင်လာကြတယ်။ မသိတဲ့အချိန်က လက်သင့်ခံထားရပေမယ့် သူ တို့တွေအကြောင်း သူတို့အမူအကျင့်တွေ သိ လာချိန်မှာ စွန့်ခွာချင်တယ်။ ဘာတစ်ခုမှ အ ကျိုးမပြုဘဲ ရောဂါဖြစ်စေတဲ့အရာကို ရေရှည် လက်ခံလို့ မရတာသိလေ ပိုစွန့်ခွာချင်လေပါပဲ။ လူသားတွေနဲ့ နီးနီးကပ်ကပ်အနေကြာတဲ့ ခို တွေကလည်း အထာနပ်တယ်။ သံတိုင်ကို ဒေါင်ကနဲတစ်ချက်လောက်ခေါက်ရုံနဲ့ အတောင် ပံဖြန့်ဖို့ စိတ်မဝင်စားပါဘူး။ ခေါက်တဲ့လက်ပေါ် တောင် မစင် စွန့်ချလိုက်ပါသေးတယ်။ တစ် ယောက်ပြီးတစ်ယောက် အလှည့်ကျ ခေါက်နေ တဲ့ ကယ်ရီသမားတွေခမျာ လက်ပေါ်ကျလာတဲ့ မစင်ကိုကြည့်ပြီး ငိုရအခက် ရယ်ရအခက်နဲ့။ မခေါက်ဘဲ နေပြန်ရင်လည်း မစင်တွေက တ ဒေါက်ဒေါက်ကျလာဦးမယ်။ ခိုအုပ်တွေနဲ့ ကယ် ရီသမားကြား သံတိုင်ခေါက်သံကြားနေရဦးမှာ ဖြစ်ပါတယ်။  
.

No comments:

Post a Comment