သင်္ကြန်ရေပက်ခံ ထွက်ရာ၌ တုတ်၊ ဓါး၊ လက်နက်များ ယူဆောင်ခြင်း မပြုရန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မေတ္တာရပ်ခံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သင်္ကြန်ရေပက်ခံ ထွက်ရာ၌ တုတ်၊ ဓါး၊ လက်နက်များ ယူဆောင်ခြင်း မပြုရန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မေတ္တာရပ်ခံ


ရဲရင့်ဇွဲ
.
လာမည့် ဧပြီလအတွင်း ကျရောက်မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ရှမ်းပြည်နယ် အတွင်း၌ ရေကစားသူများ အနေဖြင့် တုတ်၊ ဓါးလက်နက်များ ယူဆောင်ခြင်း မပြုကြရန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တိုက်တွန်းပြောဆိုခဲ့သည်။
.
''ကျွန်တော်တို့ ရှမ်းပြည်နယ်က တခြားဒေသတွေနဲ့ မတူဘူး။ လူတွေက အနေအေးကြတော့ သင်္ကြန်ကာလမှာ သင်္ကြန်နဲ့ ဆက်စပ်ပြီးဖြစ်တဲ့ မှုခင်းဖြစ်စဉ်တွေ မူးယစ်သောက်စား ရမ်းကားတာတွေ သိပ်မရှိဘူး။ မှုခင်း ဖြစ်တာတွေ သိပ်မရှိဘူး။ ယာဉ်တိုက်မှုတွေကတော့ ရှိတာပေါ့။ ဒီလိုကာလမှာ ပြည်သူတွေရော၊ တာဝန်ရှိသူတွေကပါ ဝိုင်းဝန်းထိန်းသိမ်းမှ ရမှာပါ။ ဒီလိုပွဲမျိုးက အပျော်လွန်ကြတဲ့ ပွဲ ဆိုတော့ တုတ်၊ ဓါး၊ လက်နက်တွေကို မလိုအပ်ဘဲ ယူဆောင်သွားတယ်ဆိုရင် မှုခင်းဖြစ်ဖို့က များနေပြီ။ အဲဒါတွေ မယူဆောင် လာကြဖို့နဲ့ သောက်စားမူးယစ်တာကို လျှော့ကြဖို့ တိုက်တွန်းချင်ပါတယ်'' ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး စန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.

ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်က ရှမ်းပြည်နယ်တစ်ဝှမ်းလုံး၌ သင်္ကြန်ကာလနှင့် ဆက်စပ်သည့် မှုခင်း အမျိုးအစား ၃ မှုသာ ဖြစ်ပွားခဲ့ပြီး ယင်းကဲ့သို့ သင်္ကြန်ကာလ မှုခင်းဖြစ်ရပ်များတွင် အရက်သေစာ သောက်စား၍ ဆဲဆိုရန် ဖြစ်ခြင်းနှင့် မူးယစ်ရမ်းကားခြင်းတို့ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
.
''သင်္ကြန်ကာလမှာ မှုခင်းလျော့ နည်းကျဆင်းရေးအတွက် စီမံချက်တွေ ရေးဆွဲဆောင်ရွက်သွားမှာပါ။ ပိတ်ဆို့ ရှာဖွေတာတွေ၊ ဆိုင်ကယ်ကို ပါဝါအိတ်ဇောတပ် မောင်းတာတွေ၊ အသံဆူညံတဲ့ အိတ်ဇော တပ်မောင်းတာတွေကို တားဆီးမယ်။ မူးယစ် သောက်စားတာတွေကို တားဆီးတာတွေလုပ်မယ်။ သင်္ကြန်နား နီးလာလေလေ လူတွေက ပျော်ရွှင်လာကြပြီး မူးယစ် သောက်စားတာတွေကို ပိုလုပ်လာကြမှာ ဆိုတော့ သာမန်ထက် ပိုပြီးတော့ လုပ်ဆောင်ရမှာပါ။ သူ့နေရာ၊ သူ့ဒေသတွေ အပေါ်မှာ မူတည်ပြီးတော့ ဘာတွေလုပ်ရမယ်ဆိုတာ စီမံချက်နဲ့လုပ်ဆောင်သွားမှာပါ''ဟု င်းက ဆက်လက် ပြောကြားခဲ့သည်။
.

သင်္ကြန်ပွဲတော်ကာလတွင် ပြည်သူများလုံခြုံရေးအတွက် ရှမ်းပြည်နယ်တွင် လက်ရှိ ရဲတပ်ဖွဲ့ဝင် အင်အားမှ ထုတ်နှုတ်နေရာချ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် အင်အား ထပ်မံ တိုးချဲ့သွားရန် အစီအစဉ် မရှိသေးသော်လည်းရှိသည့် အင်အားဖြင့် အကောင်းဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ရက်သတ္တပတ်က သင်္ကြန်ကာလ မှုခင်းလျော့နည်းရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ် ရောင်းချနေသည့် ဆေးဆိုင်များနှင့် ကွမ်းယာဆိုင်များကို ရှောင်တခင် စစ်ဆေးခြင်းအဖြစ် ရှမ်း ပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

Journal Download

Photo of three cats