ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီဝင် အချင်းချင်း တရားစွဲဆိုမှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, March 28, 2019

ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီဝင် အချင်းချင်း တရားစွဲဆိုမှု ဖြစ်ပွား


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာ၌ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး ကော်မတီအဖွဲ့တွင်း သဘောထား ကွဲလွဲ၍ အချင်းချင်း တရား စွဲဆိုမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ကျေးရွာ မီးလင်းရေး ကော်မတီကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ရပ်မိရပ်ဖ ၅ ဦးမှ ဦးဆောင်ကာ အဖွဲ့ ဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
.
''ကောင်းဘို့ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီကို ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ ဖွဲ့စည်း အကောင်အထည်ဖော်ပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်မှာ မီး စလင်းတယ်။ ကျွန်တော်တို့ရွာက ရပ်စောက်မြို့ ဓာတ်အားခွဲရုံကနေ ၁၆ မိုင် ဝေးတယ်။ မြို့နယ်မှာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ရတယ်ဆိုတာ ပထမဦးဆုံး စခဲ့တဲ့ရွာပဲ။ ကုန်ကျစရိတ် အများကြီးနဲ့ အခက်အခဲပေါင်းစုံကို ရင်ဆိုင် ဖြေရှင်းရတယ်။ ၂ဝ၁၆ ခုနှစ် ရောက်တော့ ဒေါက်တာ ဂျွန်နီ ဦးဆောင်တဲ့အဖွဲ့က ကျွန်တော်တို့ မီး ကော်မတီကို အမျိုးမျိုး နှောက်ယှက် သိက္ခာချလာတယ်။ သူတို့အဖွဲ့ မီးကော်မတီဖြစ်လာရင် မီးအလကား ပေးမယ်တို့၊ အရင်ကော်မတီတွေက  ငွေကြေးကိစ္စရပ်တွေမှာ အလွဲသုံး စားတွေ လုပ်နေတယ်လို့ ဆိုပြီး ဌာနဆိုင်ရာတွေဆီ အမျိုးမျိုးတိုင်တယ်။ အဖြစ်အပျက်တွေကို ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ သိပြီး နောက်ပိုင်း ရပ်မိရပ်ဖ ၅ ဦး အပါအဝင် ကျွန်တော်တို့ ယခင်ကော်မတီ အဖွဲ့ဟောင်းအချို့ အပါအဝင် ၁၁ ဦး၊ ဒေါက်တာ ဂျွန်နီတို့ဘက်က ၁၁ ဦး၊ စုစုပေါင်း ၂၂ ဦးကော်မတီ ပူးပေါင်း ဖွဲ့စည်းပေးခဲ့တယ်။ ဖွဲ့စည်း ပြီးချိန်ကစလို့ ရှေ့လုပ်ငန်းစဉ်တွေမှာ ရပ်မိရပ်ဖ ၅ ဦးနဲ့ ကော်မတီဝင် ၂၂ ဦးရဲ့ သဘောထားကို မယူဘဲ တစ်ဦးတည်း အာဏာရှင်ဆန်ဆန် လုပ်လာတယ်။ အများပိုင်ငွေ သုံးစွဲရာမှာလည်း အသိမပေးဘဲ သုံးတယ်။  အဖွဲ့ဝင် ၂၂ ဦးရဲ့ သဘောဆန္ဒ မပါဘဲ မီးလင်းရေး ကိစ္စရပ်ကို ဆောင်ရွက်ခဲ့ပါက အများပိုင်ငွေကြေး အလွဲသုံးစားလုပ်မှု ပုဒ်မ ၄ဝ၆၊ ပုဒ်မ ၄ဝ၉ နဲ့ ရုံးတင်အရေးယူမယ်ဆိုပြီး သူကိုယ်တိုင်ထုတ်တယ် သူကိုယ်တိုင် ပြန် ချိုးဖောက်တယ်။ ပူးပေါင်းကော်မတီ ဖွဲ့ထားလျက်နဲ့ မပူးပေါင်းဘဲ တစ်ဦးတည်း ဆုံးဖြတ်၊ တစ်ဦးတည်း လုပ်နေလို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်'' ဟု မီးလင်းရေးကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်း ခံရသူ ဦးထွန်းလွင်က ပြောသည်။
.


ဦးဂျွန်နီသည် အများပိုင်ငွေအား အသုံးပြု၍ င်း၏အထက် ပုဂ္ဂိုလ် တစ်ဦးအတွက် ငွေကျပ် ၂၉ဝဝဝဝ တန် ပရင်တာ ၁ လုံး ဝယ်ယူပေးခြင်း၊ ၂ဝ၁၈-၂ဝ၁၉ ပြည်နယ်ဘတ်ဂျက်နှင့် ရွာမီးလင်းရေး ၄ဝဝ ဗို့လိုင်း ၂ ဒသမ ၅ မိုင် ဆောင်ရွက်ရာ၌ ကော်မတီဝင်များနှင့် ညှိနှိုင်းမှု မရှိခြင်း၊ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်မှ ၂ဝ၁၈ ခုနှစ် ဇွန်လ ၅ ရက်အထိ အများပိုင် ငွေကြေးကို တစ်ဦးတည်း စိတ်ကြိုက် သုံးစွဲခဲ့ခြင်း၊ သဘာဝဘေးဒဏ် မီတာတစ်လုံး ၁ဝဝဝ ကျပ် ကောက်ခံငွေမှ ပိုလျှံငွေ ၁၂၇၂ဝဝဝဝဝ ကျပ်၊ မီတာ ၄၆၂ အ တွက် ငွေကျပ် ၂၃၁ဝဝဝဝ တို့အား မြင်သာအောင် သုံးစွဲမှု မရှိခြင်း၊ ၂ဝ၁၉ ဖေဖော်ဝါရီလ ၁၄ ရက်အထိ အများပိုင်ငွေ ကျပ် ၄၅၇ သိန်းအား မြန်မာ့စီးပွားရေးဘဏ်၌ အပ်နှံထား သည်ဟု ပြောသော်လည်းကော်မတီ ဝင်များမှ ချလန်ပြေစာမိတ္တူ တောင်းခံရာတွင် ပေးဆောင်မှု မရှိခြင်း အစ ရှိသည့် အချက်များကြောင့် သက်ဆိုင်ရာ ဌာနများသို့ တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း ဦးထွန်းလွင်မှ ဆက်လက် ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ တိုင်ကြားမှုကြောင့် ကျေးရွာ မီးလင်းရေးကော်မတီဝင် ဒေါက်တာဂျွန်နီမှ ဦးထွန်းလွင်အား အသရေဖျက်မှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
.
''သူတိုင်တန်းတဲ့ ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်က လာစစ်တယ်။ မြို့နယ်တွင်း ခုံ/စစ် ကလည်း စစ်တယ်။ အဲဒီမှာ သူ ရှုံးတယ်။ ဒါ ကြောင့် သူ့ကို အသရေဖျက်မှုနဲ့ တရား ပြန်စွဲတာပါ။ ငွေကြေး သုံးစွဲမှုမှာ မပွင့်လင်းဘူးပြောလို့ အခု ၃ လတစ်ကြိမ် ရှင်းတမ်းထုတ်ပေးပါတယ်'' ဟု ဒေါက်တာဂျွန်နီမှ ကမ္ဘောဇတိုင်း၏ မေးမြန်းမှုအား ပြန်လည် ဖြေကြားခဲ့သည်။
.
ထို့အပြင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ၂ဝ၁၉ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ကျေးရွာမီးလင်းရေး ကော်မတီ ရန်ပုံငွေ ကျပ် ၆၅၇ သိန်းအား ဘဏ်သို့ ပေးသွင်းပြီး ဖြစ်ကြောင်းနှင့် ချလန်ကို ကော်မတီဝင် အားလုံးသို့ မိတ္တူပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။
.
ကောင်းဘို့ကျေးရွာအုပ်စုသည် ရပ်စောက်မြို့နယ်အတွင်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် ကျေးရွာအုပ်စု တစ်ခု ဖြစ်ပြီး၊ ကျေးရွာပေါင်း ၂၂ ရွာ၊ အိမ်ခြေပေါင်း ၂ဝဝဝ၊ လူဦးရေ စုစုပေါင်း ၉၈၇ဝ ဦး ရှိကာ လက်ရှိတွင် လျှပ်စစ်မီတာအလုံးရေ ၈၅ဝ တပ်ဆင်ပြီး ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment