ကျိုင်းတုံလူငယ်များ အမှိုက်ကင်းစင်ရေး လှုပ်ရှားမှုတွင် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, March 24, 2019

ကျိုင်းတုံလူငယ်များ အမှိုက်ကင်းစင်ရေး လှုပ်ရှားမှုတွင် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်၊ စုမွန်းရပ်ရှိ သစ်တစ်ပင်ကုန်း ပတ်ဝန်းကျင်အား မတ်လ ၂၂ ရက်က ကျိုင်းတုံမြို့ရှိ လူငယ်များ စုပေါင်း၍ ပလတ်စတစ်အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုအဖြစ် စုပေါင်း အမှိုက်ကောက် ဆောင်ရွက်ခဲ့ရာ မြို့နယ်တွင်းရှိ ဌာနဆိုင်ရာများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ လူငယ်များနှင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတွင် အင်အား ၃၀၀ ခန့် ပါဝင် ဆောင်ရွက်ခဲ့ကြပြီး လုပ်အားကုသိုလ် ယူကြသူများအား လူငယ်များက နှာခေါင်းစည်း၊ လက်အိတ်၊ ရေသန့်ဘူးနှင့် အချိုရည်များ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
.
“ကျွန်မတို့ နေထိုင်ရာပတ်ဝန်းကျင်ကို သန့်ရှင်းလှပစေချင်ပါတယ်။ သဘာဝ သစ်ရွက်ကြွေတွေနဲ့ လူတချို့ရဲ့ အမှတ်တမဲ့ လွှတ်ပစ်လိုက်တဲ့ အမှိုက်တွေကြောင့် မြို့အတွက် အရုပ်ဆိုးအကျည်းတန်သလို ကျန်းမာရေးအတွက် လည်း ထိခိုက်စေနိုင်ပါတယ်။ လူတိုင်းက အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ဖို့ လိုအပ်ပါတယ်” ဟု အမှိုက်ကောက် လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သူ မအားဆောက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က “လူငယ်တွေရဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးမှာ စေတနာအလျောက် တက်ကြွပါဝင်လှုပ်ရှားပေးနေကြတာကို တွေ့ရလို့ ချီးကျူး ဝမ်းသာပါတယ်။ မြို့နယ်ထွေအုပ် အပါအဝင် ဌာနဆိုင်ရာတွေကလည်း လူငယ်တွေကို အားပေးပြီး စုပေါင်း သန့်ရှင်းရေး တပျော်တပါးလုပ်ကြတာ အားရကျေနပ်စရာ ကောင်းပါတယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။
.
ကျိုင်းတုံမြို့နယ်တွင် ပရဟိတလူမှုရေးအသင်းအဖွဲ့များ အားကောင်းလာနေပြီး လူမှုကူညီရေးလုပ်ငန်းများတွင် စေတနာ အလျောက် ပါဝင်လုပ်ဆောင်လျက်ရှိရာ ဝါသနာတူလူငယ်များ စုပေါင်း၍ အားသန်ရာ ပရိဟိတ လုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း သိရသည်။
.

No comments:

Post a Comment