ကစားချိန်မှာ ကစားပါ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, March 6, 2019

ကစားချိန်မှာ ကစားပါ


ကမ္ဘောဇတိုင်း
.
ယခုအခါ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၏ အခြေခံပညာအဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာမေးပွဲများအသီးသီး ဖြေဆိုပြီးဆုံးခဲ့ပြီဖြစ်ပြီး မတ်လ ၆ ရက်မှ စတင်ဖြေဆိုနေသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ များသည်လည်း မတ်လ ၁၅ ရက်တွင် ပြီးဆုံးတော့မည်ဖြစ်သည်။ ပညာသင်နှစ်တစ်ခု ပြီးဆုံးပြီးနောက် နွေရာသီ ကျောင်းပိတ်ရက်ဟု တင်စားခေါ်ဝေါ်ကြသည့် နောက်တစ်နှစ်၌ ဆက်လက်ပညာသင်ကြားဖို့ အားမွေး နိုင်ရန်၊ အပန်း ဖြေရန်နှင့် ပြင်ပ ဗဟုသုတများ ရှာဖွေနိုင်ရန်အတွက် ရက်ရှည်အားလပ်ရက်ကို ကျောင်းသား/သူများအားလုံး မျှော် လင့်၍ ပျော်ရွှင်နေကြရပေသည်။
.
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားမိဘများအနေဖြင့်လည်း မိမိတို့၏ သား/သမီးများနှင့်အတူ ဘုရားဖူးထွက်ခြင်း၊ အပန်းဖြေ ခရီးထွက်ခြင်းများကိုလည်း ပြုလုပ်လေ့ရှိကြပေသည်။
.
 ယင်းကဲ့သို့သော ကျောင်းသား/သူတို့၏ ပျော်ရွှင်ဖွယ်ရာ နွေရာသီ ကျောင်းပိတ်ရက်မှာ ခေတ်စနစ်များ တ ဖြည်းဖြည်း ပြောင်းလဲလာသည်နှင့်အမျှ ပျော်ရွှင်မှုများလည်း တရွေ့ရွေ့ပျောက်ဆုံးလာပေသည်။ ကျောင်းသား/သူများ အနေဖြင့် နောက်တစ်နှစ် တက်ရောက်ရမည့် အတန်းအတွက် ကြိုတင်သင်ကြားခြင်းဟူသောကျူရှင်ကို ရင်ဆိုင် လာကြရသည့်အပြင် မိဘအုပ်ထိန်းသူများ၏ မေတ္တာလောဘများကြောင့် သင်တန်းမျိုးစုံကို တက်ရောက်ကြရပြန် ပေသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုပြီးသူများအဖို့လည်း မိဘက တတ်နိုင်၊ ထားနိုင်လျှင် ဘဝအတွက် အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ စာရင်းကိုင် သင်တန်းဟူ၍ မအားမလပ်နိုင်အောင် တက်ရပြန်သည်။ မရှိဆင်းရဲချို့တဲ့သူများအဖို့လည်း တစ်ဖက်တစ်လမ်းမှ အလုပ်ဝင်ရင် အထက်ပါသင်တန်းများကို အချိန်ရလျှင်ရသလို အပြေးအလွှား တက်ရပြန်သည်။
.
စာသင်နှစ်တစ်ခုအတွင်း ကျောင်းစာများနှင့် လုံးထွေးနေကြရသည့် ကျောင်းသား/သူများ၏ ပျော်ရွှင်ဖွယ်ရာ ထွက်ပေါက်မှာ မရှိသလောက်ကို နည်းပါးနေပြီ ဖြစ်သည်။ ကျောင်းစာမှအပ အခြားသော အထွေထွေဗဟုသုတများ ကို ရှာဖွေရန်မဆိုထားနှင့် အားကစားပင် မလုပ်နိုင်သည့် ကျောင်းသား/သူများစွာ ရှိနေပေသည်။
.
ကျောင်းသား/သူများ ပညာသင်ကြားသည်ဆိုသည်မှာ ကျောင်းစာကိုသာ အဓိကသင်ကြားခြင်းမျိုး မဟုတ်သည် ကို မိဘအုပ်ထိန်းသူများအနေဖြင့် သတိပြုသင့်ပေသည်။ ထို့အတူ ငွေမျက်နှာကိုသာကြည့်၍ ကျူရှင်ဖွင့်လှစ်သင် ကြားကြသည့် ဆရာ/မများအနေဖြင့်လည်း သတိပြုသင့်ပေသည်။ ဆရာ့မေတ္တာတရားနှင့် တပည့်များကို တတ်မြောက် စေလိုသော ဆန္ဒဖြင့် သင်ကြားသည့် ဆရာ/မများလည်း ရှိပါသည်။ အမှောင်ထဲသွားဖို့ အလင်းရောင်လိုသလို လူ့ ဘဝဆိုတဲ့ အမှောင်လောကထဲသွားဖို့ ပညာအလင်းရောင်ပေးနိုင်မည့်သူဟာ မြတ်ဆရာများပင် ဖြစ်ပါသည်။
.
လူ့ဘဝကြီးကို အရွယ် ၃ ပါးနဲ့ ပိုင်းခြားထားရှိပြီး ပထမအရွယ်တွင် ပညာရှာ၊ ဒုတိယအရွယ်တွင် ဥစ္စာရှာ၊ တတိယအရွယ်တွင် တရားရှာဟူ၍ ဖြစ်ပါသည်။ ပထမအရွယ်တွင် ပညာအစစ်ကို မရှာဖွေနိုင်ခဲ့လျှင် ဒုတိယအရွယ်၊ တတိယအရွယ်တွင် ဟန်ကျပန်ကျ မဖြစ်နိုင်တော့ပါ။ ပညာစစ်ဟူသည် အမှား/အမှန်၊ အကောင်း/အဆိုး၊ အကျိုး အကြောင်းကို ဝေဖန်ပိုင်းခြားတတ်သည့် ဉာဏ်ဖြစ်ပါသည်။ ပထမအရွယ်တွင် ပညာအစစ်မရခဲ့သဖြင့် ဥစ္စာရှိသော် လည်း မည်သို့မည်ပုံခွဲဝေပြီး အသုံးပြုရမည်ကို မသိနိုင်သောကြောင့် ပျက်စီးရသည့် သာဓကများလည်း ရှိပါသည်။
.
ထို့အပြင် ပညာဟူသည်မှာ မွေးစမှသည် သေဆုံးသည်အထိ မပြီးဆုံးနိုင်သော အကြောင်းအရာတစ်ခုဖြစ်သည်။ ပထမအရွယ်တွင် ပညာရှာဆိုသော်လည်း ဒုတိယအရွယ် ဥစ္စာရှာချိန်တွင်လည်း ပညာကိုတွဲ၍ ရှာကြရသည်။ တစ် ဖန် တရားရှာချိန်တွင်လည်း တရားဓမ္မကို တရားရှာရင်း ပညာရှာရသည်။ ဥပမာပြောရသော် တက္ကသိုလ် များမှ ဘွဲ့ဒီဂရီပေါင်းများစွာ၊ သင်တန်းဆင်း အောင်လက်မှတ်ပေါင်းများစွာ ကိုင်ဆောင်ထားသူသည်လည်း ဥစ္စာရှာသည့် အရွယ်တွင် ဥစ္စာရှာရန်အတွက် ပညာကိုရှာရပြန်သည်။ စာသင်ခန်းတွင်းက ပညာသည် အသိပညာသာဖြစ်ပြီး လက် တွေ့ဘဝ နေထိုင်နိုင်ရန်အတွက် ဥစ္စာရှာရင်း ပညာကို တစ်ဖန်ရှာရပြန်သည်။ ဆိုလိုသည်မှာ ပညာဟူသည် တစ် သက်လုံး မသေမချင်း ရှာသွားရမည့်အရာ ဖြစ်လေရာ ကျောင်းသား/ကျောင်းသူများကို ငယ်ရွယ်စဉ်မှာ ကျောင်းစာ တစ်မျိုးတည်း သင်ကြားစေချင်ထက် စာသင်ခန်းပြင်ပမှ ဗဟုသုတ အတွေးအခေါ် ပညာရပ်များ ရရှိရန် အချိန်ပေး သင့်ပါသည်။
.
ကလေးသူငယ်များအဖို့ ကစားခြင်း ဆိုသည်မှာလည်း သူ့အသက်အရွယ်နှင့် သင့်တင့်သော ပညာရှာနည်းတစ် မျိုးပင် ဖြစ်ပါသည်။
.
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့၏ နိုင်ငံအတွက် အားထားဖွယ် ကျောင်းသားလူငယ်များအား ကျောင်းစာတစ်ခု တည်းကိုသာ ဦးတည်သင်ကြားစေခြင်းမှာ အခြားသော ကဏ္ဍများကို အားနည်းစေနိုင်ပါသည်။ ကျောင်းသား/သူများ စိတ်ဝင်စား၍ သင်ယူလုပ်ဆောင်လိုသော အရာကိုသာ သင်ယူစေသင့်ပါသည်။ စာသင်ချိန် စာသင်ပြီး၊ အနားယူချိန် တွင် အနားယူစေခြင်းသည်ကသာ လာမည့်စာသင်နှစ်နှင့် ဘဝအနာဂတ်အတွက် အားသစ်ဖြစ်စေမည်ဖြစ်ပါသည်။ သို့ဖြစ်လေရာ စာသင်ချိန်မှာ စာသင်ပါ၊ ကစားချိန်မှာ ကစားပါစေဟု တိုက်တွန်းအကြံပြု လိုက်ရပါသည်။
.

No comments:

Post a Comment