သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးခဲ့သည့် တန်ဖိုး ငွေကျပ် သိန်း ၂၅၀ ကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, March 25, 2019

သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးခဲ့သည့် တန်ဖိုး ငွေကျပ် သိန်း ၂၅၀ ကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီး



အောင်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိန္နီရေပူ အမြဲတမ်းစစ်ဆေးရေး စခန်းမှ တားဆီးထိန်းသိမ်းထားခဲ့သည့် တန်ဖိုး ငွေကျပ် ၂၅၈ သိန်းကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းမျိုးစုံကို မတ်လ ၂၅ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့ရှိ အကောက်ခွန်ဦးစီးဌာနရုံးဝင်းအတွင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
.
“သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးနိုင်ခဲ့တဲ့ အကောက်ခွန်မဲ့ပစ္စည်း ငွေကျပ် ၂၅၈၁၂၀၀၀ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို ဖျက်ဆီးတာပါ။ တချို့ကိုတော့ မီးရှို့ပါတယ်။ တရုတ်နိုင်ငံထုတ် ဘီယာ၊ အချိုရည်နဲ့ တိရစ္ဆာန် အားတိုးဆေး၊ အလှကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေနဲ့ မြန်မာပြည်တွင်းက သယ်လာတဲ့ အဝတ်ဟောင်းတွေ ဖြစ်ပါတယ်။ အစားအသောက်တွေနဲ့ အလှပြင်ပစ္စည်းတွေကတော့ သုံးစွဲရန်မသင့်နဲ့ စားသုံးရန်မသင့်တဲ့ ပစ္စည်း အမယ်တွေပါ။ ဒါကြောင့်ဖျက်ဆီးခဲ့တာပါ” ဟု လားရှိုးမြို့ရှိ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းသူက ပြောသည်။
.
လားရှိုးမြို့ရှိ အကောက်ခွန်ဦးစီးဌာနတွင် ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းကလည်း ဖမ်းဆီးရမိခဲ့သည့် အကောက်ခွန်မဲ့ ကုန်ပစ္စည်း တန်ဖိုး ငွေကျပ်သိန်း ၈၀၀ ကျော်ကို စီမံခန့်ခွဲ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
.
သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးထိန်းသိမ်းခဲ့သည့် အကောက်ခွန်မဲ့နှင့် တားဆီးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများအနက် သက်ဆိုင်သူများက အခွန်ငွေ ပေးသွင်းခြင်း၊ ဒဏ်ကြေးပေးဆောင်ခြင်းတို့ဖြင့် ပြန်လည် ထုတ်ပေးခြင်းများ ရှိနေသော်လည်း စားသုံးရန်မသင့်သည့် စားသောက်ကုန်များဖြစ်ပါက မီးရှို့ဖျက်ဆီး သွားမည်ဖြစ်ပြီး ထိုသို့စီမံခန့်ခွဲခြင်းကို လားရှိုးမြို့ရှိ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး လုပ်ထုံးလုပ်နည်း များနှင့်အညီ စီမံခန့်ခွဲရခြင်းဖြစ်ကြောင်း သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးဖေကြိုင်ထံမှ သိရသည်။
.
သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းကို အကောက်ခွန်ဦးစီးဌာနမှ တာဝန်ယူကာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment