ကလောတွင် တောမီးမှတဆင့် ဘုန်းကြီးကျောင်းဆောင်များ မီးလောင်မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, March 14, 2019

ကလောတွင် တောမီးမှတဆင့် ဘုန်းကြီးကျောင်းဆောင်များ မီးလောင်မှု ဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ အမှတ်(၈)ရပ်ကွက်၊ နှီးဘုရား ပရ၀ုဏ်အတွင်း၌ မတ်လ ၁၃ ရက်၊ ညနေ ၄ နာရီကျော်ခန့်တွင် တောမီးမှ တဆင့် မီးကူးစက် လောင်ကျွမ်းကာ ဘုန်းတော်ကြီးများ သီတင်းသုံးသည့် ကျောင်းဆောင်များ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
မီးလောင်ကျွမ်းမှုအား   ကလောမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများမှ မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် တစ်စီးနှင့်အတူ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မိနစ် ၃၀ ခန့် အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဘုန်းတော်ကြီး ၂ ပါးစီ သီတင်းသုံး နေထိုင်သည့် သွပ်မိုး၊ ပျဉ်ခင်း၊ ထင်းရှူးသား ပျဉ်ကာ တစ်ထပ် အဆောင် ၂ ဆောင် မီးလောင် ပျက်ဆီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၁၀ သိန်းခန့် ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဘုန်းတော်ကြီးကျောင်းဆောင်များ မီးလောင်ကျွမ်းရခြင်းမှာ ကျောင်းနေ သံဃာများ ကျောင်းတွင် မရှိခိုက် တောမီးမှ တဆင့် ကူးစက်၍ လောင်ကျွမ်းခဲ့ရခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ကျောင်းဆောင်များ ပျက်ဆီး ဆုံးရှုံးခဲ့ရသော်လည်း အခြားတစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube